Singapore
Sep. 19. 2021
10::10 pm
မြန်မာနိုင်ငံထက်အရာရာတိုးတက်ဖွံ့ဖြိုးနေသော
စင်ကာပူနိုင်ငံ၏ လမ်းမထက် တစ်ယောက်တည်းလျှောက်ရင်း သူ အတွေးတွေ ယောင်ချာချာဖြစ်နေရသည်။
"ကိုဆက်"
နောက်ကျောဘက်ဆီမှ အသံကြောင့် သူလှမ်းကြည့်မိတော့ သူ့အားပြုံးကာ လက်ပြနေသော မောင်။
အထင်ကရလမ်းမကြီးဖြစ်သည်မို့ ယခုအချိန်တိုင် လူများစည်ကားဆဲ။ လူအများကြားမှာတောင် မောင်ဟာ ထင်ရှားနေဆဲ။
ဘာလိုလိုနှင့်သုံးနှစ်ဆိုသော အချိန်ကာလက လွန်မြောက်သွားခဲ့သည်သာ။လွန်ခဲ့သောနှစ်နှစ်က အကြောင်းမကြား ဘာမကြားပါဘဲ မောင်သူ့ဆီ ရောက်ချလာခဲ့သည်။ အန်တီ့ခွင့်ပြုချက်ဖြင့်လာခဲ့သည်ဟုပြောတုန်းက အမှန်ပင် မဟုတ်လောက်ဘူးဟု ငြင်းဆန်မိခဲ့သေးသည်။ နောက်ပိုင်း အန်တီကိုယ်တိုင်ပင် သူ့အားဖုန်းဆက်တော့မှ ယုံကြည်ခဲ့ရခြင်းသာ။
"ကိုဆက် ရော့"
လှမ်းပေးလာသော ရေခဲမုန့်ကို အသာယူရင်း ဆက်လျှောက်လာကြသည်။
"မနက်ဖြန် မေမေတို့လာလိမ့်မယ်"
"အင်း ... ဆေးရုံဘက်ကလည်း အဆင်သင့်လို့ပြောတယ်"
"အင်း"
တစ်ချက်ငြိမ်သွားသော မောင့်ကြောင့် လှည့်မိတော့ ဖြတ်သွားသည့်တွန်းလှည်းလေးထဲမှ ကလေးလေးကို အသည်းယားစွာ လိုက်ကြည့်နေသည့်မောင့်ကို တွေ့ရသည်။
"တောင်းပန်ပါတယ် မောင်ရာ"
သူ စိတ်မကောင်းစွာ ခေါင်းငိုက်စိုက်ရင်း ပြောမိသည်။ သူတို့နှစ်ယောက် တည်ဆောက်ထားတဲ့ ဆက်ဆံရေးမှာ သားသားမီးမီးလေးတွေက ဘယ်တော့မှ ရှိလာမှာ မဟုတ်တဲ့ ရတနာလေးတွေမလား။
သဘာဝကိုလွန်ဆန်မိတော့လည်း သဘာဝတရားကြီးကပေးတဲ့ ပြစ်ဒဏ်ကို ခံယူရမှာပါပဲလေ။
