#တီတီတီ#
မနက်ကတည်းကတောက်လျှောက်မြည်နေသောဖုန်းကြောင့်သူဆက်အိပ်မရတော့ပေ။
"ဟဲလို"
"ညီညီ ဆေးရုံကိုမြန်မြန်လိုက်ခဲ့"
သူဖုန်းကိုင်ရုံရှိသေးသည်။ကိုကိုကပြာပြာသလဲပြောကာဖုန်းချသွားတော့စိတ်ထဲဒိန်းခနဲ။မေမေများတစ်ခုခုဖြစ်လို့လား??သူအမြန်ဆုံးနည်းနဲ့ထကာကားသော့ယူရင်းအပြင်ထွက်လာမိသည်။
"ဟာ ကိုမော်ကွန်းသစ်
နေကောင်းရဲ့လား?"
သူအိမ်ပြင်ထွက်မည်ပြင်ကာမှအနောက်ဘက်ဆီမှအသံကြောင့်ထူးဆန်းနေမိသည်။သူကြည့်မိတော့ ဟိုချာတိတ်။ ဝတ်မြဲတိုင်းကော်လန်ကတုံးအဖြူလေးနှင့်ကချင်ပုဆိုးလေးကိုဝတ်ကာသူ့အားရင်းနှီးစွာပြုံးပြနေသည်။အခုအချိန်မှပင်သူမနေ့ညကသူဒီချာတိတ်ကိုအိမ်ခေါ်လာမိသည့်အကြောင်းသတိရလာတော့သည်။
ထို့အတူတစ်ချိန်တည်းဒီချာတိတ်ဒဏ်ရာရထားသည့်နေရာကိုကြည့်မိတော့ခြေစွပ်လေးစွပ်ထားသည်ကိုတွေ့ရသည်။အချိန်ကိုကြည့်မိတော့ ကျောင်းချိန်ရောက်ရန်အတော်ပင်စောလွန်းနေသေးသည်။မထူးတော့။
"လာ ချာတိတ်
သွားမယ်"
သူထိုကောင်လေးကိုပါခေါ်ကာမေမေရှိနေသောဆေးရုံသို့သာမောင်းလာခဲ့လိုက်တော့သည်။
"ဟို ကိုမော်ကွန်းသစ် ..."
"ဘာမှမပြောနဲ့။လိုက်မှာသာလိုက်ခဲ့။"
ထိုကောင်လေးခမျာသူဟောက်လိုက်သဖြင့်ဘာမှဆက်မပြောတော့သည့်တိုင်တစ်လမ်းလုံးငြိမ်ကုတ်စွာလိုက်လာလေသည်။
"ဒီမှာစောင့်မလား၊အထဲလိုက်မလား"
"ဟို ရပါတယ် ကျွန်တော်က"
"နေခဲ့။ ခဏနေပြန်လာမယ်"
ထိုကောင်လေးအားကားပေါ်တွင်ထားခဲ့ကာသာဆေးရုံတွင်းသို့ဝင်လာခဲ့လိုက်တော့သည်။
သူမေမေ့အခန်းရောက်တော့ ကိုကိုကအခန်းရှေ့တွင်မလှုပ်မယှက်ထိုင်နေသည်ကိုတွေ့ရသည်။
"ကိုကို "
မော့ကြည့်လာသောကိုကိုသည်သူ့အားနှစ်သိမ့်စွာပြုံးပြသည်။ပြီးနောက်ဘာစကားမျှမပြောဘဲငြိမ်သက်သွားပြန်သည်။
