P36

11.7K 1.1K 42
                                    

လွမ်းတယ်လို့ပြောရင် ယုံမှာမဟုတ်ဘူး
မုန်းလောက်အောင် သတိရမိတယ် ဆိုတာကုိတော့ မင်းယုံပေး - သော်တာဆန်း
............................................................................

"ဂျလောက်"

မျက်နှာချင်းဆိုင်အခန်း၏ အိမ်ရှေ့မီး အကူအညီနှင့် သံပန်းတံခါးသော့ကို ဖွင့်လိုက်လေသည်။ ထို့နောက် သစ်သားတံခါး၏ဂျက်ကို ဆွဲဖွင့်ကာ အခန်းထဲသို့ ခြေချမိလုိက်သည်နှင့် လာဗင်ဒါနံ့ သင်းနေသော အလင်းရောင်မဲ့ အေးစက်စက် အခန်းငယ်လေးက တိတ်ဆိတ်ကြိုဆိုလျက်။ အပေါက်ဝအနားရှိ မီးခလုတ်ကို စမ်းကာ ဖွင့်လိုက်တော့ ပြာလဲ့လဲ့ မီးရောင်လေးက အိမ်ရှေ့ခန်းတစ်ခန်းလုံးကို လွှမ်းခြုံသွားလေသည်။ ထွန်းနေကျ မီးချောင်းအလင်းရောင်မျိုးမဟုတ်ဘဲ ညအိပ်မီးထက် မဆိုသလောက်လေး ပိုလင်းသော အရောင်မျိုး။

လွယ်ထားသော ကျောပိုးအိတ်ကိုဖြုတ် နံရံတွင်ချိတ်ကာ အိမ့်ရှေ့ခန်းထောင့်လေးရှိ စာကြည့်စားပွဲနားကို လျှောက်လှမ်းသွားလိုက်လေသည်။ ထို့နောက် စားပွဲပေါ်တွင်ထောင်ထားသော ဓါတ်ပုံလေးကို ကောက်ကိုင်လိုက်ကာ အနမ်းဖွဖွနှင့်အတူ
ချုိသာသော စကားလေးတစ်ခွန်း။

"ကိုယ် အိမ်ပြန်ရောက်ပြီ ကေလး"

တစ်ရက်ကလေးတောင် မပျက်ကွက်ခဲ့ဘဲ နေ့စဥ်နေ့တိုင်း ပြုလုပ်နေကြ။ မနက်ရုံးမသွားခင် တစ်ကြိမ် ညနေရုံးက ပြန်ရောက်လျှင်တစ်ကြိမ်
ပုံမှန် အသိပေးနေကြ အပြုအမူလေးတွေ။

ထို့နောက် အင်္ကျီကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်ကာ ကုလားထိုင်တစ်လုံးပေါ်တွင်ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး တစ်နေ့တာ ပင်ပန်းခဲ့သမျှ မွန်းကြပ်ခဲ့သမျှတို့ကို
အမောပြေအနားယူလိုက်လေသည်။ လေပူတစ်ချို့ကို ဟူးခနဲနေအောင် မှုတ်ထုတ်လိုက်ပြီး ဆံပင်တွေကို တချက် သပ်တင်လုိက်ပြန်သည်။

နာရီကုိ လှမ်းကြည့်လိုက်တော့ ညကုိးနာရီ။
ပုံမှန်အိမ်ပြန်ရောက်နေကြအချိန်ထက် နာရီဝက်လောက် နောက်ကျနေသည်ကုိ သတိပြုမိသည်။
လူဦးရေ တိုးသထက်တိုးလာသည့် ရန်ကုန်မြို့ကြီးတွင် ကားပိတ်သည့်ကိစ္စဟာ တဖြေးဖြေးဆိုးဝါးလာပြီမို့ ကြာလေ ကြာလေ ဒီထက်ပိုပြီး နောက်ကျဖို့ပဲရှိတော့မည်။ သို့သော် မတတ်နိုင်။ လျှောက်လှမ်းနေရသော ဘဝက ဒီမြေ ဒီရေတွင်ဖြစ်၍ ဒီမြေဒီရေကိုသာ ဖက်တွယ်မြတ်နိုးရပေမည်။ တစ်ခါတစ်လေ စိတ်ကျဥ်းကျပ်ပြီး အော်ပစ်လိုက်ချင်လိုက်တာမျိုးတော့ရှိတာပေါ့။

MSFOMH💛 {Completed}Where stories live. Discover now