P50

13.8K 1.3K 126
                                    

အလွန်ကြီးကျယ်ခမ်းနားသော တိုက်တစ်လုံး၏
ဧည့်ခန်းအထဲ၌ဖြစ်သည်။

"ဦးလေး ကျွန်တော်ပြောထားတဲ့ ကိစ္စ စဥ်းစားထားပြီးပြီလား"

တူဖြစ်သူ ဂျင်မီ၏အမေးကို ခေါင်းရမ်းခါ ပြလိုက်သူက ဦးမင်းဦးသာ။

"ဟာ ... ဘာဖြစ်လို့လဲ ဦးလေးကလည်း၊ တစ်ခါတည်း အချီကြီး ပွမဲ့ကိစ္စကို"

ဂျင်မီက မကျေနပ်သလို ပုံစံမျိုးဖြင့် ဂျစ်ကန်ကန်ပြောလိုက်တော့ ဦးမင်းဦးသာ၏အကြည့်များက ဂျင်မီ့ထံသို့ အေးစက်စက် ရောက်လာေလ၏။
သို့သော် ဂျင်မီက မဖြုံ။ နှုတ်ခမ်းကိုမဲ့ကာ ပြုံးလိုက်ပြီး ဦးလေးဖြစ်သူကို စကားနာထိုးလေသည်။

"ဘာလဲ၊ ဦးလေးက သွေးမတော် သားမစပ်ကောင်အတွက်ကျတော့ ငွေကို ဖယ်ထားတယ်၊ တူအရင်းဖြစ်တဲ့ ကျွန်တော့်ကို ကျတော့ အရင်းအနှီးထုတ်ပေးဖို့ တွန့်တိုနေတယ်ပေါ့ ၊ ရတယ်လေ မပေးလည်းနေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရအောင် လုပ်မယ်၊ နောက်မှ ငါ့တူလေးတော်တယ် မချီးမွမ်းနဲ့၊ ပြီးတော့ တစ်ခါတည်း ထပ်ပြောလုိက်အုံးမယ် ၊ အခန့်မသင့်လို့ ထောင်ထဲ ရောက်သွားရင်တောင် ရှေ့နေငှားပေးစရာမလိုဘူး"

"ကြိုက်တယ် အဲ့ဒီ စိတ်ဓာတ်ကို"

ဦးမင်းဦးသာ၏ခပ်ရွဲ့ရွဲ့ပြန်ဖြေလိုက်သော စကားကြောင့် ဂျင်မီ့မျက်နှာက မည်းခနဲဖြစ်သွားကာ တောက်တစ်ချက်ကို ပြင်းပြင်းခေါက်လိုက်လေသည်။ ထိုနောက် မကျေနပ်သော စကားတချို့ကို အံကြိတ်ကာ ပြောလိုက်ပြန်လေသည်။

"ဦးလေးဟာလေ ဘယ်တော့မှ မိသားစု စိတ်ဓာတ် မရှိဘူး၊ အဲ့တာကြောင့် မေမေက အစောကြီးဆုံးသွားရတာ"

"ဟေ့ကောင် ဘာမှ မင်းအမေသေတဲ့ ကိစ္စကို ဆွဲထည့်မနေနဲ့၊ မင်းအမေက သူ့ဟာသူ ဆေးလွန်ပြီးသေတာ ငါနဲ့မဆိုင်ဘူး"

မဟုတ်မမှန်ပဲ စွတ်စွဲလိုက်သည့်အပေါ်တွင်တော့
ငြိမ်မခံ။ လေသံမာမာဖြင့် ချက်ချင်း တုန့်ပြန်လိုက်တော့ ဂျင်မီက ပုခုံးနှစ်ဖက်ကုိတွန့်ပြသည်။

"မေမေ ဆေးလွန်တဲ့ အထိ စိတ်ညစ်ရအောင် ဦးလေးပဲ လုပ်တာလေ ၊ ယောကျာ်းကြီးတွေ ဖြစ်ပြီး အရှက်မရှိ တန်းတန်းစွဲဖြစ်နေကြတာကိုး"

MSFOMH💛 {Completed}Where stories live. Discover now