Unicode Versionစားသောက်ပြီးသည်အထိ မိုးထက်မြင့်ကပြန်မလာသေး။ ဆိုင်ကလည်း ပိတ်ရန်ပြင်နေပြီ။ Waiter များကလည်း တစ်ဆိုင်လုံးမှာ တစ်ယောက်တည်းရှိနေသော ဝိုင့်ကိုပဲ တကြည့်ကြည့်နှင့်ဆိုတော့ နေရခက်လာသည်။ ထိုကြောင့် ဆိုင်ပြင်ကနေပဲ ထွက်စောင့်ရန် ဆုံးဖြတ်လိုက်တော့သည်။ ဆိုင်ပြင်ရောက်တော့လည်း ကားတစ်စီး၊ လူတစ်ရိပ်မျှမတွေ့ ။ ဆိုင်က မြို့ပြင်ဘက်နားနည်းနည်းကျသဖြင့် အခုလိုညဘက်တွေဆို လူသိပ်မလာဘူးလေ။ မကြာခင်မှာပဲ ဆိုင်ထဲက မီးပါပိတ်သွားသည်။ လမ်းက လမ်းမီးတွေကလွဲလို့ တခြား အလင်းရောင်မရှိသဖြင့် တဖြည်းဖြည်း ကျောချမ်းသလိုလိုနှင့် ကြောက်လာသည်။
(ကိုမိုးထက်မြင့်ကလည်း ကြာလိုက်တာ...ငါ့ကိုမေ့များသွားပြီလားမသိပါဘူး။ နည်းနည်းတောင် ချမ်းစိမ့်စိမ့်ဖြစ်လာသလိုပဲ)သိပ်မကြာခင်မှာပင် လူသုံးယောက် စကားတစ်ပြောပြောနှင့် ဝိုင့်နားကဖြတ်လျှောက်သွားသည်။
(အဲ! လူတော့နည်းနည်းရှိသားပဲဟ။ ငါသူတို့ကို Taxi ဘယ်နားက ငှားရမလဲဆိုတာ မေးလိုက်ရင်ကောင်းမလား! မဖြစ်ဘူး တော်ကြာ လမ်းမသိဘူးဆိုပြီး တစ်ခုခုကြံစည်သွားမှ...အမ်မလေး ကိုမိုးထက်မြင့်ရယ် လာပါတော့။ ဒါနဲ့ ငါ့နောက်မှာ တစ်ယောက်ယောက်ရှိနေသလိုပဲ။ လှည့်ကြည့်လိုက်ရမလား?)အနောက်က လူရိပ်ကိုတွေ့နေသော်လည်း လှည့်မကြည့်ရဲ။
(အမ်မလေး...လှည့်ကြည့်လိုက်မှ ငါ့ကိုတစ်ခုခုလုပ်သွားရင်ဘယ်လိုလုပ်မလဲ! ကိုမိုးထက်မြင့်ကလည်းမလာသေးဘူး။ ငါဒီမှာများသေရတော့မှာလား?)အတွေးပေါင်းစုံနဲ့ပဲ ချီတုံချတုံနှင့် လမ်းဆက်လျှောက်နေခဲ့သည်။
'အမ်မလေး!'
ပြာပြာသလဲလျှောက်လာသဖြင့် ခလုတ်တွေကိုပါမမြင်နိုင်တော့ပဲ ချော်လဲလေတော့သည်။ ထိုအချိန်တွင် 'ဝိုင်!'
ဘယ်သူ့အသံလဲတော့မသိပေမယ့် ရင်ထဲတော့ ကြောက်စိတ်တွေပြေသွားရသည်။ ဒီလို လူသူမရှိတဲ့လမ်းမှာ မိမိကို သိသောသူတစ်ယောက်ရှိနေခြင်းကလည်း မဆိုးပါဘူးလေ။ အသံကိုသေချာမကြားလိုက်ရပေမယ့်လည်း မိုးထက်မြင့်ဖြစ်လိမ့်မည်ဟုထင်သည်။ ဝိုင်ဒီနေရာမှာရှိနေတာကို မိုးထက်မြင့်ကလွဲလို့ ဘယ်သူမှမသိဘူးလေ။