( ၄၂ )

14.2K 2.6K 138
                                    

< Unicode >

အခန်း ( ၄၂ ) - ခင်ဗျားက အမြဲစပရိုက်စ်တစ်ခုပဲ

"ကဲ အဲ့ဒါဆို ပြန်နှင့်လိုက်တော့" ငမန်းပြာသည် တက္ကစီတစ်စီးကို လှမ်းတားကာ လော့ကျိုးကျိုး ဝင်ထိုင်နိုင်ရန် နောက်တံခါးဖွင့်ပေးသည်။

လော့ကျိုးကျိုးမှ ရှေ့ခြေလှမ်းဖို့ ပြင်လိုက်ချိန်တွင် ပခုံးများကို ဆွဲကိုင်၍ နောက်ပြန်ဆွဲခြင်း ခံရကာ ကျစ်လစ်သော ရင်ခွင်တစ်ခုထဲ ကျရောက်သွားရသည်။ ကိုယ်ရနံ့ နှင့် ထိုရင်ခွင်တို့သည် ရင်းနှီးပြီးသားဖြစ်ရာ ခဏမျှသာ ရုန်းမိပြီးနောက် ငြိမ်ကျသွားရတော့သည်။

"ချူဖုန်း" ပြီးသောအခါ နောက်လှည့်ကြည့်၍ အံ့အားတသင့်နှင့် ခေါ်လိုက်လေသည်။

"ဒီမှာ ဘာလာလုပ်တာလဲ" ချူဖုန်းသည် မေးခွန်းထုတ်ရင်း လော့ကျိုးကျိုးပခုံးကို ဖက်ထားလေသည်။ အသံက နူးညံ့နေသော်ငြား အကြည့်တို့ကမူ ငမန်းပြာအပေါ်တွင်သာ မြဲမြံလျက် ရှိနေ၏။

လော့ကျိုးကျိုးသည် ရှင်းပြလို့ မဖြစ်ရာ အတိုချုပ်ပဲ ပြောလိုက်လေသည် "ငမန်းပြာနဲ့ လာတွေ့တာ"

"အဲ့လိုကိုး..." ချူဖုန်းက ပြောပြီးသော် ဟိုတယ်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ပေါ်တာများသည် သူ၏ SUV နှင့် ချန်စီဟန်ကားတို့ကို အသီးသီးမောင်းထုတ်လာလျက် ဟိုတယ်ရှေ့ ရပ်လိုက်ချေပြီ။

ချန်စီဟန်သည် ကားထဲ ဝင်၍ ပြတင်းမှန်ချလျက် ခေါင်းပြူပြီး လှမ်းကြည့်နေချေသည်။

"ကိုယ့် ကားထဲ သွားထိုင်နေလိုက်" လော့ကျိုးကျိုးအား မှာရင်းမှ ချူဖုန်း၏ ခက်ထန်သော မျက်လုံးများသည် ငမန်းပြာအပေါ်သာ အကြည့်ရောက်နေ၏ "ဒီ လူကြီးမင်းနဲ့ ကိုယ် ပြောစရာစကားလေး ရှိလို့"

လော့ကျိုးကျိုးသည် ချူဖုန်းကို တစ်လှည့်၊ ကားတံခါးကို ကိုင်ထားလျက် နှုတ်ဆိတ်၍ တောင့်တင်းနေသော ငမန်းပြာအား တစ်လှည့်ကြည့်ကာ အခြေအနေတွေ ပုံမမှန်မှန်း ခံစားမိသည်။

"ခင်ဗျားတို့ အချင်းချင်း သိကြတာလား" သို့ဖြစ်လေရာ မေးလိုက်တော့သည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now