( ၈၄ )

13.1K 2.2K 32
                                    

< Unicode >

အခန်း ( ၈၄ ) - ဗီဒီယိုနှစ်ခု

ချူဖုန်းသည် နှာခေါင်းများ နီစွေး၍ မျက်လုံးတွင်လည်း မျက်ရည်စိုနေသေးသော လော့ကျိုးကျိုးကို ကြည့်ကာ လက်မောင်းများ ဖွင့်ဟလျက် ပြောသည် "ငိုချင်သေးလား။ ငိုချင်ရင် ကိုယ့်ရင်ခွင်ထဲ လာခဲ့။ စိတ်တိုင်းကျငိုလို့ ရတယ်"

လော့ကျိုးကျိုးက မလှုပ်ပဲ ချူဖုန်းကိုသာ ငေးမောကြည့်နေလေသည်။

"ဘယ်လိုလဲ" ချူဖုန်းက မျက်ခုံးပင့်ကာ မေးသည်။

"ကျွန်တော်ခံစားလို့ရတယ်။ နှာခေါင်းက မွှန်နေတာပဲ။ ငိုချင်သေးတာလားမသိဘူး။ ဒါပေမဲ့ ရင်ထဲတော့ ဝမ်းမနည်းတော့ဘူး"

"အဲ့ဒါ မငိုချင်တော့တာပေါ့" ချူဖုန်းက ဖြေသည်။

လော့ကျိုးကျိုးသည် ချူဖုန်းရင်ခွင်ထဲ ခိုဝင်ကာ ခါးကို ဖက်ထားရင်း ဆိုသည် "ကျွန်တော် မငိုချင်တော့ဘူး။ ဒါပေမဲ့ ခင်ဗျားကိုတော့ ဖက်ချင်သေးတယ်" သူ ချူဖုန်းပခုံးပေါ် မေးတင်ကာ နှာတရှုံ့ရှုံ့လုပ်နေလိုက်သည်။ ချူဖုန်းက လူငယ်လေးကို ဖက်ကာ ဖွဖွကျောပြင်သပ်ပေးလေသည်။

အတန်ကြာသော် ချူဖုန်းက မေးလာသည် "ဘာလို့ ဘာမှ ဆက်မပြောတော့တာလဲ။ အိပ်ပျော်သွားတာလား"

"အိပ်ပါဘူး"

"မအိပ်ရင် ကိုယ်တို့ ဗိုလ်ချုပ်ဗီဒီယိုကို ဆက်ကြည့်ကြမယ်လေ"

"အိုကေ"

ချူဖုန်းက လက်လွှတ်ပေးကာ 'pause' ခလုတ်ကို ပြန်နှိပ်လိုက်သည်။

စခရင်ပေါ်တွင် လော့ပေက လေးနက်စွာ ဆိုသည် "ကျိုးကျိုး ပါးဆီက ဒီစကားတွေကြားရတာ ခက်ခဲမယ်မှန်း ပါး သိပေမယ့် သားက တကယ်သန်မာတဲ့ ကလေးတစ်ယောက်။ သား နားလည်နိုင်မယ်လို့ ပါး ယုံတယ်။ နောက်ပြီး တစ်နေ့မှာ သား လွတ်လပ်ပြီး မင်းရဲ့ မားနဲ့အတူ ပါးတို့မိသားစုသုံးယောက်ပြန်ဆုံနိုင်မယ်လို့လည်း ကတိပေးတယ်"

"သားတို့ ပြန်ဆုံကြမယ်" လော့ကျိုးကျိုးက စခရင်ပေါ်မှ လော့ပေကို ပြန်ဖြေသည်။

ထိုအထိပြီးသွားသောအခါ လော့ပေသည် ခွက်ထဲမှ လက်ကျန်ကော်ဖီများကို အကုန်မော့ချကာ ဆိုဖာခုံပေါ် နောက်မှီချလိုက်သည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now