( ၈၆ )

12.5K 2.2K 84
                                    

< Unicode >

အခန်း ( ၈၆ ) - ထွက်ပြေးပြီ

ရင်ပြင်တွင် လူများပြည့်လျှံကာ စင်ပေါ်မှ ကယ်လ်ဂါကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ မဟာမိတ်ပေါင်းစု စတင်တည်ထောင်ပြီးနောက် လူတို့၏ ဘဝများမှာ သိသိသာသာ ထူးခြားတိုးတက်လာခြင်းမရှိသော်ငြား၊ ဆင်းရဲသူများက ဆက်ဆင်းရဲနေဆဲဖြစ်ကာ တစ်နေ့သုံးနပ်စားရဖို့တောင် ရုန်းကန်နေရသော်ငြား ၎င်းသည် ကယ်လ်ဂါ့အပြစ်မဟုတ်။

အနှီလူကား အမြဲကြိုးပမ်းပေးနေသူမဟုတ်ပါလား။

ယခုဆို ကလေးငယ်များ လူတန်းစေ့ ပညာသင်နိုင်နေချေပြီ။ ဆည်းဆာမျက်နှာရောဂါသည်များအားလည်း လူသူမရှိသော ကျွန်းတို့ထံ နှင်လွှတ်ခြင်းမျိုး မရှိတော့။ သုတေသနကျောင်းကလည်း ဖြေဆေးရရေး အပတ်တကုတ်ကြိုးစားပေးနေသည်။ နယ်စပ်များတွင် အိုလင်းမှန်တော်ရာကျောင်း အားကောင်းလာသော်လည်း စစ်တပ်က စစ်မက်ခင်းမှုကို မရပ်တန့်ခဲ့။

ကယ်လ်ဂါသည် ပြည်သူအားလုံးအပေါ် အုပ်မိုးနေသော အိပ်မက်ဆိုးကြီးကို ဖယ်ရှားလျက် အနာဂတ်အတွက် မျှော်လင့်ချက်သစ်ကို မွေးထုတ်ပေးခဲ့သော မဟာမိတ်ပေါင်းစု သမ္မတဖြစ်သည်။ လူတို့၏ စိတ်အားထက်သန်သော မျက်လုံးများရှေ့တွင် ကယ်လ်ဂါသည် ကျက်သရေအပြည့်ဖြင့် ထရပ်၍ အနာဂတ်ရည်မှန်းချက်များကို ဟောပြောနေလေသည်။

"...ကျွန်တော့်အနေနဲ့ ဆည်းဆာမျက်နှာကို ကုသရေးမှာ လက်မလျှော့ပါဘူး။ မှန်တော်ရာကျောင်းကို လည်း လုံးဝဥဿုံဖျက်ဆီးသွားမှာပါ..."

ခြောက်နှစ် ခုနှစ်နှစ်အရွယ်သာရှိသေးသော ကလေးငယ်တစ်ယောက်ကား ဖခင်ဖြစ်သူ၏ ပခုံးပေါ်တွင် ထိုင်နေချေသည်။

စင်ပေါ်မှ လူများ ဘာပြောနေမှန်း သူ နားမလည်ရာ ဟိုဟိုသည်သည်လျှောက်ကြည့်နေလေသည်။ လေထဲမှ ခိုငှက်များ၊ လေသင်္ဘောပေါ်တွင် ချိတ်ဆွဲထားကြသော စာတန်းများ၊ ကောင်းကင်ယံထဲရှိ မျက်နှာပြင်ကျယ်စသဖြင့် ကြည့်လာရင်း စခရင်ပေါ်မှ ပုံရိပ်များကို မြင်သော် စက္ကန့်အတန်ကြာ စိတ်ဝင်တစား ငေးမိပြီးနောက် အဖေဖြစ်သူ ခေါင်းကို တို့လိုက်သည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now