ဒါလည်းတမင်လုပ်တာ မဟုတ်ဘူး

1.1K 72 2
                                    

အခန်း(၃၆)

" အဟွန်း "

အိပ်နေရင်းတောင်မှညာဘက်ပါးကို လက်နှင့်အုပ်ကိုင်လိုက်သည်။မသိလျှင်နမ်းလိုက်တာကို သိနေသည့်အတိုင်း အလိုမကျသောမျက်နှာထားနှင့်။
မအိပ်သာ မအိပ်နေရင် အရှိန်နှင့်ရောက်ချလာနိုင်သည်။Dark အမြဲရနေကျ လက်သီးချက်များအပြင် အပြင်းစားကန်ချက်များပါ အပိုထပ်ဆောင်း၍။

ခိုးနမ်းလိုက်တာတော့မှန်သည်။ဒါပေမယ့် ပေါ့ပေါ့တန်တန်နမ်းလိုက်တာမဟုတ်။
ရွှေအိုရောင်သမ်းသည့် မျက်နှာလေးကို မြတ်နိုးလွန်းစွာ မနက်တစ်နာရီ ထိုးသည်အထိ တစိမ့်စိမ့် ထိုင်ကြည့်နေပြီးမှ ညာဘက်ပါးလေးကို နမ်းလိုက်ခြင်းဖြစ်သည်။

အိခနဲနေအောင် နမ်းချင်ပေမယ့် Dark ကအတတ်နိုင်ဆုံးနှုတ်ခမ်းသားတွေကို ထိန်းကာနမ်းလိုက်ခြင်းဖြစ်သည်။
ကိုယ့်စိတ်ကို ကိုယ်တိုင်ကိုယ်ကျ မထိန်းချုပ်ထားလျှင် နှစ်နှစ်ခြိုက်ခြိုက်အိပ်နေရာမှ Black တစ်ယောက် လန့်နိုးသွားမှာ အသေအချာ။

အတူအိပ်ခွင့်ရဖို့ကိုတောင် Dark မှာမနည်းကြိုးစားထားရခြင်းဖြစ်သည်။
ထို့ကြောင့် အတတ်နိုင်ဆုံး ကိုယ့်ဆီကနေ Black
ထွက်ပြေးသွားမည့် လုပ်ရပ်များကို ဂရုတစိုက် ရှောင်ခဲ့သည်။

Black ကတော့ထင်လိမ့်မည်...
ရိသဲ့သဲ့ စကားတွေကို လျှာအရိုးမရှိတဲ့အတိုင်းလျှောက်ပြောနေသည်ဟု။
အမှန်ကတိုက်ရိုက်သာပြောလိုက်လျှင် သူထွက်ပြေးသွားမှာကိုစိုးရိမ်၍ တမင်စကားကိုသွယ်ဝိုက်ပြီး ပြောခဲ့ခြင်းဖြစ်သည်။
မထိန်းချုပ်နိုင်အောင် ဖြစ်လာသည့်အချိန်ရောက်မှသာ Dark ဖွင့်ပြောဖြစ်လိမ့်မည်။

" မင်းကို... "

စာကြည့်မီးအုပ်လေးသာဖွင့်ထားသည့် မှိန်ပျပျမီးရောင်လေးအောက်မှာ Black ၏မျက်နှာလေးက ရွှေရုပ်လေးလိုပကတိချောမွေ့နေလျက်။

"နမ်းလိုက်မိတယ် "

နမ်းလိုက်တာကို သိနေသည့်အလား ညာဘက်ပါးကို လက်နှင့်အုပ်ကိုင်ကာအိပ်နေသည့်အတွက် ထိုလက်လေးကိုပဲ Dark ကခပ်ဖွဖွလေးဆွဲယူလိုက်သည်။

Dark's Black _ Season(1) [Completed]Where stories live. Discover now