အခန်း ၄၀၀ ။ မျက်နှာပြင်ကို ချိပ်ပိတ်ခြင်း
"ဆရာဆရာ..." ယိချင်းက အကြိမ်ရေတချို့ ခေါ်လိုက်တယ်။ ဒါပေမဲ့ သူ့ရင်ခွင်ထဲကလူက လုံးဝတုံ့ပြန်မှုမရှိတာကို မြင်ရတယ်။ သူ့မျက်နှာက ပိုတောင်ဖြူစုတ်လာပြီး လက်တွေတောင် တုန်ရီလာတာကို မြင်ရတယ်။ အလိုလို သူက အမတစွမ်းအင်တွေကို ဂါထာတွေက တစ်ဆင့် ကူးပြောင်းဖို့အတွက် စည်းတံဆိပ်တွေ ပြုလုပ်တော့တယ်။
တစ်ခါတည်း သူ့ကိုယ်ထဲကနေ အပြာရောင်အလင်းတန်းက ဝုန်းကနဲထွက်လာပြီး အမတစွမ်းအင်တွေက သူမကိုယ်ဆီ တန်းတန်းမတ်မတ် ရောက်သွားတယ်။
"စားဖိုမှူး၊ ဒါ အလုပ်ဖြစ်မှာ မဟုတ်ဘူး၊ သူမက ကျင့်ကြံသူမဟုတ်ဘူး၊ မင်းလုပ်ရင်တောင်... ဟိုလီရှစ် မင်းအသက်မရှင်ချင်တော့ဘူးလား" သူ့ရဲ့အတွင်းအမြုတေကိုပါ စတေးတော့မှာကိုမြင်တော့ ကူယွဲ့က ထိတ်လန့်တကြား အမြန်ဆွဲတားလိုက်ရတယ်။
"ထွက်သွား" ယိချင်းက သူ့လက်ကို ခါထုတ်တယ်။ သူ့မျက်လုံးတွေက ရဲရံနီနေလျက်။
"စားဖိုမှူး စိတ်အေးအေးထား" ကူယွဲ့က လေးလေးနက်နက်အသံနဲ့ ပြောလိုက်တယ်။ “ရှန်းရင်က အခုပဲပြောသွားတယ်”
"သူကယာယီအိပ်နေရုံပဲတဲ့၊ နိုးလာလိမ့်မယ်" ယိချင်းက မှင်တက်သွားတယ်။ သူ့ကိုယ်ပေါ်က ရူးသွပ်နေတဲ့အရှိန်အဝါက တန့်သွားတယ်။ သူနောက်ပြန်လှည့်ပြီး
အက်ကွဲနေတဲ့အသံနဲ့ ပြောတယ်။
"ဘယ်လောက်ကြာမှာလဲ"
ကူယွဲ့က လက်သီးတင်းတင်းဆုပ်လိုက်တယ်။
"သူ မပြောဘူး၊ ဒါပေမဲ့... အဆင်ပြေတယ်လို့ပြောမှတော့ အဆင်ပြေမှာပါ"
သူ့အမူအရာက မှင်တက်သွားပြီး မျက်လုံးထဲက နီရဲမှုကလည်း တဖြည်းဖြည်းပျောက်ကွယ်သွားတယ်။ အဲတော့မှ သူ့လက်မောင်းထဲက လူကို သတိမထားမိလိုက်တာနဲ့ အချိန်မရွေး ပျောက်ကွယ်သွားတော့မဲ့ လူလိုမျိုး တင်းတင်းကျပ်ကျပ် ဖက်လိုက်တယ်။
"ဒီရက်ပိုင်းသူက အခြေအနေမဟန်ဘူး၊ မင်းလည်း မြင်မိတာကြာလှမှာပါ" ကူယွဲ့ကဆက်ပြောတယ်။
