Chapter 118

1K 120 14
                                        

Chapter 118

ချိုးရှင်းသည် အပြင်မှလှမ်းကြည့်၍မမြင်နိုင်သော ခြံဝန်းကျယ်နှင့်အိမ်ကို ပိုနှစ်သက်သည်ဖြစ်မည်။ ကျယ်ယန် ခြံဝန်းထဲဝင်လိုက်သောအခါ ခြံဝန်းသည် အပြင်ကနေ မြင်ရသည်ထက် ပိုကျယ်နေတာကို သိလိုက်ရသည်။ 

ဗီလာအရှေ့ဘက်ရှိ ခြံဝန်းသည် ရိုးရိုးရှင်းရှင်းမြက်ခင်းပြင်၊ ကျောက်သားကားလမ်းနှင့် ​လျှောက်လမ်း၊ ပန်းခင်းနှင့် သစ်ပင်ငယ်များရှိပြီး အဆင့်အတန်းမီလှသည်။ ဗီလာဘေးဘက်ခြမ်းတွင် သစ်သားစင်္ကြံတစ်ခုရှိပြီး မီးအိမ်များထွန်းညှိထားကာ ခြံဝန်းတစ်ခုလုံးအား လင်းထိန်နေစေသည်။ 

စင်္ကြံသည် 1.5 မီတာ အကျယ်အဝန်းရှိပြီး သစ်သားများဖြင့်သာ တည်ဆောက်ထားသည်။  စင်္ကြံတွင် အမိုးလည်းပါဝင်ပြီး အလွန်လက်ရာမြောက်လှသည်။ စင်္ကြံ၏အပြင်ဘက်တွင် ကျောက်တုံးများဖြင့် တည်ဆောက်ထားသည့် လူလုပ်ရေကန်ငယ်တစ်ခုရှိပြီး ကျဉ်းမြောင်းရာမှ တဖြည်းဖြည်း ကျယ်သွားသည့်သဏ္ဍာန်ဖြင့် ခြံဝန်းအနောက်ဘက်သို့ ချဲ့ထွင်သွားလျက်ရှိသည်။ 

ကျယ်ယန်သည် မြက်ခင်းပြင်ပေါ်ရှိ စက်ဝိုင်းပုံကျောက်ပြားများခင်းထားသည့် လူသွားလမ်းပေါ်သို့ လျှောက်သွားလိုက်သည်။ ထို့နောက် ပန်းခင်းကိုဖြတ်၍ စင်္ကြံပေါ်သွားကာ ရေကန်ဘက်သို့ ကြည့်လိုက်သည်။ ချိုးရှင်းသည် ကျယ်ယန်၏နောက်မှလိုက်သွားရင်း ကျယ်ယန်၏အမူအရာအား တိတ်တိတ်လေး ကြည့်နေသည်။

စင်္ကြံ၏တစ်ဖက်တစ်ချပ်စီတွင် လက်ရန်းတစ်ခုစီရှိပြီး လက်ရန်းကိုမှီ၍ အပြင်ဘက်သို့ကြည့်လိုက်လျှင် ကန်ရေပြင်ပေါ်တွင် မျောနေသော ကြာပန်းများနှင့် ​ရေကန်ထဲတွင် ကူးခတ်နေသည့် ရွှေငါး (koi ငါး)များကို မြင်နိုင်လေသည်။

ကျောက်တုံးများဖြင့် တည်ဆောက်ထားသော ရေကန်သည် အလွန်လက်ရာမြောက်လှပြီး ကန်အလယ်တွင် ကျောက်သားပလက်ဖောင်းတစ်ခုရှိကာ ၎င်းပေါ်၌ထိုင်၍ ငါးစာကျွေးခြင်းနှင့် ကြာပန်းများအား လိုက်လံထိတွေ့ခြင်းများ ပြုလုပ်နိုင်လေသည်။ 

ကျယ်ယန်သည် ချိုးရှင်းအားကြည့်လိုက်သော်လည်း ဘာမှမပြောပေ။ ကျယ်ယန်သည် စင်္ကြံအားအသုံးပြု၍ ရေကန်တစ်လျှောက် လျှောက်သွားလိုက်ကာ အနောက်ဘက်ခြံဝန်းသို့ ရောက်ရှိသွားသည်။ ရှည်လျားသည့် ရေကန်သည် အနောက်ဘက်ခြံဝန်းတွင် ဘဲဥပုံ အသွင်သဏ္ဍာန် တဖြည်း​​ဖြည်းပြောင်းလဲသွားသည်ကို တွေ့ရပြီး အလယ်၌ ရေတံခွန်ငယ်တစ်ခုရှိကာ မီးရောင်များအောက်တွင် ရေများဖြာကျစီးဆင်းလျက်ရှိသည်။

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Where stories live. Discover now