Chapter 120

744 64 5
                                        

Chapter 120

ပရိုဂရမ်ရိုက်ကူးရေးစတင်သည်နှင့်တစ်ပြိုင်နက် ကင်မရာဖွင့်ထားပြီး ဖြစ်စဉ်တစ်ခုလုံးကို ရိုက်ကူးနေမည်ဖြစ်သည်။

လူတိုင်း ကားပေါ်မတက်ခင် ချင်းချန်သည် အခွင့်အရေးရှာပြီး ကျယ်ယန်အနားသို့သွားကာ ကျယ်ယန်အား ကော်လံပေါ်က မိုက်ခရိုဖုန်းကိုပိတ်ရန် အချက်ပြလိုက်သည်။ ထို့နောက် သူအသံတိုးကာ ပြောလိုက်သည်။ “တကယ်ပဲ အဆင်ပြေရဲ့လား? ငါ ဒါရိုက်တာကို မေးကြည့်တော့ ဒါရိုက်တာကပြောတယ်။ ကတ်မှားပြီး ဒုတိယကတ်ကို ယူသွားမိတာတဲ့။ ဒုတိယကတ်မှာ ဘာအမှတ်အသားမှ မပါဘူးတဲ့။ အဲ့ဒါနဲ့ အခုဒီလိုဖြစ်လာတာပဲ။ ပေ့ချန်က မင်းကို ဂရုစိုက်ပါလိမ့်မယ်။”

ပေ့ချန်

ကျယ်ယန် မနီးမဝေးနားရှိ ပေ့ချန်အား တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ “ကိစ္စမရှိဘူး။ လိုင်းပေါ်မှာ ကျွန်တော့်ကို ကူပြီး လိုက်ကြည့်ထားပေး။ တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော် ပုလင်းနဲ့ တိုက်ခိုက်ခံရတဲ့အကြောင်း post တင်ခဲ့ရင် အဲ့ကိစ္စကို ကျေးဇူးပြုပြီး ဖိနှိပ်ထားပေးပါ။ ပြီးရင် ဟယ်ကျွင်းကိုဆက်သွယ်ပြီး သတင်းတစ်ချို့ပိတ်ထားဖို့ ပြောထားပေး။ ကျွန်တော်တိုက်ခိုက်ခံရတဲ့အကြောင်း ချိုးရှင်းမသိစေနဲ့။ အလကားနေရင်း သူစိတ်ပူနေလိမ့်မယ်။”

ချင်းချန် ခေါင်းငြိမ့်လိုက်သည်။

လုပ်ငန်းခွင်သို့ သွားနေစဉ်လမ်းတွင် ကားပေါ်၌ အတူလိုက်ပါလာသည့် ကျွမ်းကျင်ပညာရှင်များသည် အလုပ်အကြောင်းနှင့် ဂရုစိုက်သတိထားရမည့်အရာများ စသည်တို့ကို MC များနှင့် ဧည့်သည်တော်များအား ရှင်းပြခဲ့ကြသည်။ ရှန်ယန်နှင့် ချိုးရှင်းတို့မှာ ဂရုတစိုက် သေချာနားထောင်ခဲ့ကြသည်။ သူတို့ နားထောင်၍ပြီးသောအချိန်တွင် လုပ်ငန်းခွင်သို့ ရောက်လုနီးပါးရှိပြီဖြစ်သည်။

ရှန်ယန်နှင့် ကျယ်ယန်တို့ သန့်ရှင်းရေးလုပ်ရမည့် ပရိုဂရမ်အဖွဲ့မှစီစဉ်ပေးထားသောအဆောက်အဦသည် ဖန်နံရံအပြည့်ဖြင့် တည်ဆောင်ထားသော ရုက္ခဗေဒဥယျာဉ်တစ်ခုဖြစ်ပြီး အထပ်မြင့် ၇ထပ် သို့မဟုတ် ၈ ထပ် ရှိလေသည်။ ပိတ်ရက်ဖြစ်သောကြောင့် ရုက္ခဗေဒဥယျာဉ်သို့ လာရောက်လည်ပတ်ကြသည့် လူများစွာရှိပြီး ရှန်ယန်နှင့် ကျယ်ယန်တို့ ရောက်ရှိလာမှုသည် အလွန်ပင် အုတ်အော်သောင်းနင်းဖြစ်သွားစေသည်။ ကံကောင်းစွာနှင့် ပရိုဂရမ်အဖွဲ့သည် ကောင်းမွန်စွာကြိုတင်ပြင်ဆင်ထားသောကြောင့် နှစ်ဦးသား အဆောက်အဦအတွင်းသို့ မြန်မြန်ဝင်ကာ ဓာတ်လှေကားဖြင့် ထိပ်ဆုံးထပ်သို့ တက်သွားခဲ့ကြသည်။

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Where stories live. Discover now