Chapter 709: အမှတ်ခြောက် ဆေးပင်ကြယ်
သားရဲကြီးသည် မှောင်မိုက်သော အာကာသအတွင်း လျှင်မြန်စွာ ခရီးသွားနေသည်။
ဥက္ကာခဲကြီးများကို တဟုန်ထိုးဖြတ်ကျော်ကာ ဥက္ကာခဲပင်လယ်၏ အစွန်းတစ်ဖက်ဆီသို့ ဦးတည်နေသည်။
ဖာဂီက စကားထပ်မပြောတော့ပါ။တစ်လမ်းလုံး တိတ်ဆိတ်စွာပင်ရှိနေသည်။
တစ်ခါတစ်ရံတော့ သန့်စင်ခြင်းကျောက်တုံးကို ထုတ်ယူကာ စွမ်းအင်ပြန်လည်ဖြည့်တင်းသည်။စွမ်းအင်မုန်တိုင်းများအကြား ဖြတ်ကျော်ရသည်က သူမအတွက် စွမ်းအင်ကုန်ခမ်းဟန်တူသည်။
ထို့အပြင်တော့ သူမက ကျန်ရစ်ခဲ့သော အန်မူတို့အုပ်စုနှင့် ဥက္ကာခဲပေါ်မှ တိုက်ပွဲအကြောင်း သတိပင်ရဟန်မတူတော့ချေ။
ရှီယန်ကတော့ ပေါင်အိုနှင့် ကျီးကျဲကို စိတ်ပူသည်။
ဤကပ်ဘေးမှ သူတို့နှစ်ယောက် လွန်မြောက်နိုင်လိမ့်မည်လား သူမသိချေ။
သူ ထွက်မလာခင် သူတို့နှင့်အတူ ပူးပေါင်းတိုက်ပွဲ၀င်ရန် စဉ်းစားခဲ့သေးသည်။သို့သော်လည်း ဖာဂီ၏ စကားများက သူ့ကို အားလျော့စေခဲ့သည်။ထိုအတွေးကို သူ လက်လွှတ်ခဲ့ရသည်။
အန်မူတို့ ဖာဂီတို့ပင် တစ်ဖက်ရန်သူများအား ရင်မဆိုင်နိုင်ရာ သူဆက်နေလျှင်လည်း ဘာမှ အကူအညီဖြစ်မည်မဟုတ်ကြောင်း ရှီယန် သဘောပေါက်သည်။ကံမကောင်းအကြောင်းမလှလျှင် ထိုနေရာတွင်ပင် သေသွားနိုင်သေးသည်။
သူ ကျန်နေရစ်ခဲ့ပြီး အတူတိုက်ပွဲ၀င်ခဲ့လျှင် ပေါင်အိုနှင့် ကျီးကျဲတို့၏ ကျေးဇူးတင်မှုကို ရမည်ဖြစ်သော်လည်း ဒါက သူ့အသက်ကိုရင်းပြီး စွန့်စားရလောက်အောင် မတန်ချေ။ထို့ကြောင့် ရှီယန် ကိုယ်လွတ်ရုန်းရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်း သူတို့ မသေပဲ ပြန်ဆုံကြလို့ သူ့အကူအညီလိုလျှင် ရှီယန် အစွမ်းကုန် ကူညီပေးလိုက်မည်ဖြစ်သည်။
အခုအချိန်တွင်တော့ ရှီယန် သူတို့ကို မကယ်နိုင်ပါ။
အေးစက်မည်းမှောင်သော အာကာသအတွင်း အချိန်မည်မျှ ကုန်ဆုံးသွားခဲ့ပြီကို ရှီယန်မသိတော့ချေ။