773

498 77 0
                                    

Chapter 773: အဖိုးတန်သော တိုက်ပွဲ
သန့်စင်ခြင်းကြယ်၏ တစ်ဖက်ခြမ်း တစ်ထောင့် တစ်နေရာတွင် မှန်ကဲ့သို့ ကြည်လင်သော ရေကန်ကျယ်ကြီးရှိသည်။
ရေကန်ပတ်ပတ်လည်တွင် တောင်ချွန်ချွန်များ ၀န်းရံလျှက်ရှိသည်။
ထိုတောင်များက သိပ်မမြင့်မားပဲ မီတာတစ်ထောင်ခန့်သာရှိကာ ထုလုံးချွန်ပုံသဏ္ဍန် ညီညာစွာတည်ရှိနေခြင်းဖြစ်သည်။
ထိုတောင် တစ်လုံးစီပေါ်တွင် ပွဲကြည့်ဆောင်များ ဆောက်လုပ်ထားသည်။
လှပသော မိန်းမပျိုလေးများနှင့် အစောင့်များက အထူးဧည့်သည်တော်များအတွက် တာ၀န်ထမ်းဆောင်သည်။
ယခုအချိန်တွင် တုတျန်းလီနှင့် အမတ်ချုပ်ကြီးငါးယောက်ဖြစ်ကြသော အိုကူဒို၊ခါသေ့၊ရိုချက်စတာနှင့် တာ့လီတို့က သီးသန့်ပွဲကြည့်စင်များတွင် ကျကျနနထိုင်ရင်း အရက်နှင့် ဟင်းလျာများ သောက်သုံးလျှက်ရှိကြသည်။
အမတ်ချုပ်ငါးယောက်စလုံး လက်အောက်ငယ်သားများ ပါလာကြသော်လည်း ထိုသူများက စကားမပြောကြပါ။
သို့သော် အရက်နှင့် ဟင်းလျာများကိုတော့ သူတို့သခင်များက စားသောက်ခွင့်ပြုထားသည်။
တုတျန်းလီသည် သိမ်မွေ့စွာ ပြုံးလျှက်ရှိပြီး သူ့အောက်ရှိ ကန်ရေပြင်ကို ရပ်ကြည့်နေသည်။
သူ့လက်ထဲရှိ သရဖူမှ ထူးဆန်းသောအလင်းရောင်များ ဖြာထွက်လာသည်။
ထိုအလင်းများက ကန်ရေပြင်ထက်သို့ တိုက်ရိုက်ကျဆင်းသွားသည်။
အလင်းတန်းများနှင့် ထိတွေ့သော ကန်ရေပြင်တွင် မှော်ဆန်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။
ရေပြင်ထက်တွင် ပုံရိပ်များ ထင်ဟပ်လာခြင်းပင်ဖြစ်လေသည်။
အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေအတွင်းရှိ ဖြစ်ပျက်နေသမျှတို့သည် ရေကန်မျက်နှာပြင်ထက်တွင် ပုံရိပ်အရှင်များအဖြစ် အတိအကျထွက်ပေါ်လာသည်။
တောင်တန်းများ၊ မြစ်၊ချောင်း၊အင်း၊အိုင်များနှင့် တောအုပ်များသည် ဖုံးကွယ်မှုမရှိ ပကတိအတိုင်း ထင်ဟပ်လာခဲ့သည်။
ကန်ရေပြင်သည် အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေဘက်ခြမ်းတွင် ဖြစ်ပျက်နေသမျှကို တိုက်ရိုက်ပြသပေးနေသော မှန်တစ်ချပ်သဖွယ်ဖြစ်လာ၏။
ပွဲကြည့်စင်ပေါ်ရှိ လူအားလုံးက အထွတ်အထိပ်သန့်စင်ခြင်း နယ်မြေအတွင်းရှိ တိုက်ပွဲများအားလုံးကို မလွတ်တမ်း ကြည့်ရှုနိုင်မည်ဖြစ်သည်။
ယခုအချိန်တွင်ပင် ကန်ရေပြင်ပေါ်၌ ပြင်းထန်သော တိုက်ပွဲများကို မြင်နေရပြီဖြစ်သည်။
အိုကဲရာသည် အလွန်ထူးချွန်ပြောင်မြောက်သော ပြိုင်ပွဲ၀င်ဖြစ်သည်။
သူက နယ်မြေထဲမှ အကျဉ်းသားများကို စတင်အမဲလိုက်နေခဲ့လေပြီ။
အိုကူဒိုလက်အောက်မှ စစ်သည်တော်နှစ်ယောက်နှင့် အိုကဲရာသည် တောင်တစ်လုံး၏ အခြေတွင် အကျဉ်းသားနှစ်ယောက်ကို ဝိုင်းမိထားပြီဖြစ်သည်။
အကျဉ်းသားနှစ်ယောက်သည် နတ်ဘုရင် ဒုတိယအဆင့်များဖြစ်ကြသည်။
ယခုအချိန်တွင်သူတို့က ဒဏ်ရာအပြင်းအထန် ရထားကြသည်။သူတို့၏ နောက်ဆုံးထွက်သက်က အချိန်မရွေးကျရောက်လာနိုင်သကဲ့သို့။
အိုကဲရာက တိုက်ပွဲဖြစ်နေတုန်းမှာပင် အောင်ပွဲခံနေပြီဖြစ်သည်။
သူ့မျက်လုံးများတွင် မောက်မာဝံ့ကြွားမှုများနှင့် တောက်ပနေသည်။
သူက သွေးဆာနေသော ဝံပုလွေတစ်ကောင် အူနေသလိုမျိုး အကျဉ်းသားတစ်ဦးကိုကြည့်ကာ ရယ်မောနေသည်။
အိုကူဒို၏ စစ်သည်နှစ်ယောက်က ကျန်အကျဉ်းသားတစ်ယောက်ကို ပူးပေါင်းတိုက်စစ်ဆင်နေကြသည်။
သူတို့က ကြွက်ကို ကြောင်က ကစားနေသလိုမျိုး ပြုမူနေကြခြင်းဖြစ်သည်။
အချိန်သိပ်မကြာလိုက်ပါ။
သူတို့က ရက်စက်ကြမ်းကြုတ်သော တိုက်ကွက်များ ထုတ်ဖော်လိုက်သည်နှင့် မီးလျှံတန်းကြီးများ ထွက်ပေါ်လာပြီး အကျဉ်းသားတစ်ယောက်က အရှင်လတ်လတ် လောင်ကျွမ်းသွားခဲ့သည်။
အိုကဲရာ၏ တိုက်ပွဲကလဲ အချိန်တိုအတွင်း အဆုံးသတ်သွားသည်။
အိုကဲရာက နတ်ဘုရားအသိကို ထုတ်ဖော်လိုက်သည်နှင့် ရွှေရောင်အလင်းလှိုင်းများ ထွက်ပေါ်လာကာ အရာအားလုံးကို ချေမွသွားသည်။
ရှေးဟောင်းသစ်ပင်ကြီးများ ကျောက်တုံးကြီးများနှင့် မြစ်ပြင်သည်ပင် ပြတ်တောက်ကျိုးပျက်ရသည်။
ရွှေရောင်စွမ်းအင်က အလွန်အမင်း ထက်ရှပြီး အရာအားလုံးကို သစ်ကိုင်းခြောက်များလို ချိုးဖျက်ပစ်လိုက်သည်။
အိုကဲရာနှင့် အဆင့်အတူတူပင်ဖြစ်သော သိုင်းသမားသည် ထို ရွှေရောင်နတ်ဘုရားအသိ လွှမ်းခြုံမှုအောက်တွင် ကျရောက်သွားသည်။
သူ၏ နတ်ဘုရားခန္ဓာတွင် ပြတ်ရှရာများ ထွက်ပေါ်လာခဲ့သည်။
သူက အားကုန်ထုတ်ကာ ခုခံသော်လည်း သူထုတ်ဖော်ထားသည့် နတ်ဘုရားအသိသည်ပင် ရွှေရောင်လှိုင်းလုံးများ၏ ဖိနှိပ်မှုအောက်မှ ရုန်းမထွက်နိုင်ခဲ့ပါ။
အိုကဲရာက ကောင်ကင်ထက်သို့ ခေါင်းမော့ကာ အော်ဟစ်လိုက်သည်။
ရွှေရောင်စွမ်းအင်က ကောင်းကင်ထက်သို့ ထိုးတက်သွားပြီးနောက် တဖန် ဓါးအစင်းပေါင်းများစွာ မိုးရွာချသကဲ့သို့ မြေပြင်ပေါ်သို့ ကျဆင်းသည်။
အိုကဲရာက သူ၏ အစစ်အမှန်စွမ်းအင်ကို ထုတ်သုံးသောအခါ သူ့တစ်ကိုယ်လုံး ရွှေရောင်နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော ခံစားချက်ကိုပေးသည်။
သူ့ထံမှ ကျဆင်းလာသော ရွှေရောင်အလင်းများက တစ်ဖက်လူ၏ နတ်ဘုရားအသိကို ဖျက်ဆီးသွားသည်။
ထိုအခါ ပြတ်ရှရာများ ဖြစ်ပေါ်နေပြီးနှင့်သော အကျဉ်းသား၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအတစ်တစ် ပြတ်ထွက်သွားလေတော့သည်။
သူ၏ သေဆုံးမှုက သွေးပျက်ဖွယ်ရာ…။
အိုကဲရာက အစမှ အဆုံးတိုင် မြူတစ်မှုံစာပင် ထိခိုက်ခြင်းမခံခဲ့ရချေ။
သူက အလောင်းကောင်ကို လှည့်ပင်မကြည့်တော့ပဲ ဆက်လက်ထွက်ခွာသွားသည်။
သူ့ အဖွဲ့သားနှစ်ယောက်နှင့် ပူးပေါင်းကာ အကြောက်အလန့် ကင်းမဲ့စွာပင် ရှေ့ဆက်တိုးသွားကြလေ၏။
ရေကန်တွင် နောက်ထပ် တိုက်ပွဲတစ်ခုကို အနီးကပ် ပြသနေပြီဖြစ်သည်။
လီအိုနာ၏ လူငယ်သုံးယောက်။
သူတို့သုံးယောက်စလုံးပင် သွေးအရှိန်အဝါများ ထုတ်ဖော်နေကြသည်။
သူတို့မျက်လုံးများတွင် ရက်စက်ရိုင်းစိုင်းမှုများ အထင်းသားပေါ်လွင်နေသည်။
သူတို့ဆရာကဲ့သို့ပင် ငရဲမှ နတ်ဆိုးများနှင့်တူသည်။
ထိုနေရာတွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများက မိုးထိုးနေသည်။
အဖွဲ့ထဲမှ တစ်ဦးတည်းသော မိန်းကလေး၏ မျက်လုံးများက ကြောက်စရာကောင်းသော မှိန်ဖျော့ဖျော့အရောင်ဖြစ်နေသည်။
သူမ ဘာနည်းစနစ် ကျင့်ကြံသည်ကို ပွဲကြည့်သူများ မခန့်မှန်းနိုင်။
သို့သော် သူမ၏ လမ်းကြောင်းတစ်လျှောက်တွင် သတ်ဖြတ်ခြင်း အော်ရာများ သိပ်သည်းလွန်းသောကြောင့် အစစ်အမှန်ကဲ့သို့ပင်ဖြစ်လာသည်။
မီတာ ဒါဇင်ပေါင်းများစွာ ရှည်လျားသော သွေး စပါးကြီးမြွေကဲ့သို့ဖြစ်ပြီး အမှန်တကယ် ရှိနေသော အရာ၀တ္တုကဲ့သို့ပင် လူအများက မြင်တွေ့နိုင်သည်။
အလွန်အမင်း ပြင်းထန်သော သတ်ဖြတ်လိုစိတ်ပင်ဖြစ်၏။ ကြောက်စရာကောင်းလှသည်။
ထိုမိန်းကလေးက ရှီယန်ကို လှောင်ပြောင်သရော်ခဲ့သူဖြစ်သည်။
သူမ၏ လက်နှစ်ဖက်ကို အင်္ကျီလက်စရှည်ထဲတွင် ဝှက်ထားပြီး ဥယျာဉ်ထဲ လမ်းလျှောက်သလို အေးဆေးစွာပင် လျှောက်လမ်းနေသည်။
သွေးစပါးကြီးမြွေသည် တကယ့် သားရဲကြီးတစ်ကောင်ကဲ့သို့ တွားသွားနေပြီး အကျဉ်းသားများကို တွေ့သည်နှင့် တစ်ပြိုင်နက် ရစ်ပတ်လိုက်သည်။
ထို ချုပ်နှောင်မှုအောက်တွင် နတ်ဘုရင်အဆင့် အကျဉ်းသားများက မရုန်းကန်နိုင်။
အမျိုခံရသည်။
ထို သွေး စပါးကြီးမြွေကြီးက အချိန်တိုအတွင်း အကျဉ်းသားသုံးယောက်ကို မျိုချခဲ့ပြီးဖြစ်သည်။
တစ်နာရီခန့်အကြာတွင် ကြီးမားသော ပါးစပ်ကြီးကိုဟကာ သွေးအလိမ်းလိမ်း အရိုးစုများကို ထွေးထုတ်သည်။
သားသတ်သမား၏ အသားခွာထုတ်ခံထားရသည့် အရိုးစုများနှယ်။ မြင်ကွင်းက ရွံရှာဖွယ်ရာ။
သူမ၏ လမ်းကြောင်းတစ်လျှောက်တွင် ဘယ်သူကမှ ခုခံမှု မပြုနိုင်ခဲ့ပါ။
သူမက မည်သည့် လှုပ်ရှားတိုက်ခိုက်မှုမျှ မရှိသေး။
သို့သော် သူမ၏ သတ်ဖြတ်လိုခြင်း၊ သွေးဆာရက်စက်ခြင်း စိတ်ဆန္ဒများမှ သိပ်သည်းထားသော သွေးစပါးကြီးမြွေကြီးသက်သက်ကိုပင် ရှုံးနိမ့်သွားကြခြင်းဖြစ်သည်။
ခါသေ့နှင့် ရိုချက်စတာ၏ အဖွဲ့များကတော့ ယခုအချိန်အထိ ရန်သူများနှင့် ရင်ဆိုင်မတွေ့သေးပါ။
အကျဉ်းသားများကလည်း သူတို့ကို ထိပ်တိုက်ရင်ဆိုင်ခြင်းမရှိပဲ ချက်ခြင်း ရှောင်ထွက်သွားကြသည်။
တာ့လီ၏ သား တာ့မန်ကတော့ အစစ်အမှန်နတ်ဘုရား အထွတ်အထိပ်အဆင့်သာဖြစ်သည်။
သိုပသော် သူ့ ဝိညာဉ်ယဇ်ပလ္လင်မှ ထွက်ပေါ်လာသော သားရဲကြီးများက ကြောက်မက်ဖွယ်ရာ ခွန်အားကြီးမားကြသည်။
သူ့လမ်းကြောင်းတစ်လျှောက်တွင် သူသည်လည်း ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု မပြုလုပ်ခဲ့ချေ။
သူ့ သားရဲကြီးများကို မြင်သည်နှင့် လူအများက ဝေးရာသို့ ထွက်ပြေးသွားကြသည်။
တာ့မန်သည် ရှီယန့်လိုပင် အစစ်အမှန်နတ်ဘုရားအဆင့်ဖြစ်သည်။
သူ့လမ်းကြောင်းက ချောမွေ့နေသောကြောင့် သူ့ စွမ်းရည်ကို ပြသခွင့်မကြုံသေးပါ။
ပွဲကြည့်ပရိတ်သတ် ခေါင်းဆောင်ကြီးများသည် ပွဲကြည့်စင်တွင် အကောင်းစား အရက်နှင့် ဟင်းလျာများကို သုံးဆောင်ရင်း ကန်ရေပြင်ထက်မှ တိုက်ပွဲပုံရိပ်များကို ကြည့်ရင်းဖြင့် ဇိမ်ကျနေကြသည်။
“အဲ…”
တုတျန်းလီက ရုတ်တရက် အာမေဋိတ်သံတစ်ချက် ပြုမိလိုက်သည်။
သူ့မျက်လုံးများတွင် ထူးဆန်းသာ အရိပ်အယောင်များ ထွက်ပေါ်လာပြီး ကျတ်တီးမြေတစ်ခုအပေါ် အာရုံစိုက်လိုက်သည်။
သူ့လက်ထဲမှ သရဖူက အရောင်လက်သွားသည်။
သူကြည့်နေသော ဧရိယာက အဆပေါင်းများစွာ အကျယ်ချဲ့ကာ ကန်ရေပြင်ထက်တွင် ပေါ်ထွက်လာသည်။
မြင်ကွင်းက ရှင်းလင်းကြည်လင်သွားသည်။
လီအိုနာ၊ အိုကူဒို၊ ခါသေ့၊ ရိုချက်စတာနှင့် တာ့လီတို့လည်း မြင်ကွင်းကို စိတ်၀င်တစား ကြည့်လိုက်ကြသည်။
သူတို့မျက်လုံးများက လျှပ်စီးလက်သလို ၀င်းလက်လျှက်ရှိသည်။
ထိုဧရိယာရှိ ရှီယန်၏ ပုံရိပ်ကို သေချာမြင်တွေ့နိုင်သည်။
ယခုအချိန်တွင် သူက တောင်ကုန်းပေါ်မှ ပြေးဆင်းနေပြီး အာကာသပင်လယ်မျိုးနွယ်စု လူသုံးယောက်ထံ ဦးတည်နေသည်။
“ဟားဟား…သက်ရှိကြယ် တစ်လုံးနော်…စိတ်၀င်စားစရာပဲ….စိတ်၀င်စားစရာပဲ…ငါ သေချာကြည့်မှဖြစ်မယ်”
ရိုချက်စတာက တဟဲဟဲရယ်မောရင်းပြောသည်။
သူ့မျက်လုံးများက လီအိုနာနှင့် အိုကူဒိုကို လှမ်းကြည့်နေသည်။
တာ့လီက အကြောအချင်များ တောင့်တင်းသွားသည်။
သူ့မျက်လုံးထဲမှ မျော်လင့်ချက်အချို့ကို ကြိုးစားဖုံးကွယ်နေသည်။
သူက ရှီယန်ကို မုန်းနေသောကြောင့် ဒီကောင်လေး အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေမှ ဘယ်တော့မှ ပြန်ထွက်မလာနိုင်ဖို့ မျှော်လင့်နေခြင်းဖြစ်သည်။
ခါသေ့ကတော့ အနည်းငယ် မျက်မှောင်ကြုတ်နေသည်။
“ဟားဟား…ဒီကောင်လေးက ကံဆိုးတာပဲ…အိုကဲရာကိုယ်တိုင်တောင် လှုပ်ရှားစရာမလိုတော့ဘူးထင်တယ်…ဟင်း…သူ ကံကောင်းတာပေါ့…အိုကဲရာနဲ့သာတွေ့ရင် အဆိုးရွားဆုံးနည်းလမ်းနဲ့ အသက်ထွက်ရလိမ့်မယ်”
အိုကူဒိုက အရက်တစ်ကရားကို ယူမော့လိုက်သည်။
နှုတ်ခမ်းထောင့်မှ စီးကျလာသောအရက်များကို လက်ခုံဖြင့်သုတ်ကာ ကျယ်လောင်စွာ ရယ်မောနေတော့သည်။
လီအိုနာကတော့ ခံစားချက်ကင်းမဲ့သော အေးစက်စက်မျက်နှာဖြင့်သာ ထိုင်ကြည့်နေသည်။
သူမ၏အကြည့်များက ရေခဲဆူးချွန်များနှယ် ထက်ရှလာကာ ခပ်ယောင်ယောင်လေးပြုံးလိုက်သည်။
“နင် ကန်းနေတာလား…ရှီယန်က အရင်စပြီး လှုပ်ရှားနေတာ မမြင်ဘူးလား”
“အေးလေ…ဒီကောင်လေးက အရင် လှုပ်ရှားနေတယ်။ သုံးယောက်တစ်ယောက်ကို။ ပြီးတော့ သူ့ရန်သူတွေကလဲ နတ်ဘုရင်အဆင့်တွေ။ ဒါက ရူးတာမဟုတ်လား။ သူ့မှာ ဘယ်လောက်တောင်ကြီးမားတဲ့ အားကိုးအားထားရှိနေလို့လဲ”
တုတျန်းလီက အရက်တစ်ငုံ ငုံလိုက်ရင်း စိတ်ပါ၀င်စားစွာ ပြောသည်။
“သူက ရူးနေလို့ပေါ့…ဝူးဟားဟားဟား…မောက်မာပြီး အဓိပ္ပါယ်မရှိတဲ့စကားတွေကို ပြောကတည်းက သိရမှာ။ ငါ့ကို နှစ်တစ်ရာအတွင်းသတ်မယ်တဲ့။ ဒါ ရူးနေတာမဟုတ်လို့ ဘာလဲ”
အိုကူဒိုက သူ့လက်ထဲမှ အရက်တစ်ကရားကို အကုန်မော့လိုက်ပြီးနောက် ပေါက်ခွဲပစ်လိုက်သည်။ သူက အံကြိတ်ထားရင်း ဒေါသတကြီးဖြင့်
“အမှောင်နတ်ဘုရားနိုင်ငံမှာ ငါ့ကို နှစ်တစ်ရာအတွင်း သတ်မယ်လို့ ဘယ်သူပြောရဲသလဲ။ ငါဟာ ကြယ်စုတွေအပေါ် စိုးမိုးလာတာ နှစ်ပေါင်းများစွာရှိပြီ။ စရိုက်အမျိုးမျိုးရှိတဲ့ လူပေါင်းစုံ ကြုံဖူးတယ်။ သူက ပုရွတ်ဆိတ်တစ်ကောင်ပဲ။ ဒီ မေ- ိုး က ဒီလိုစကားမျိုး ပြောရဲတယ်”
သူက ရှီယန် ကြုံးဝါးသွားသည်ကို နားထဲ ကြားယောင်နေဆဲဖြစ်သည်။
ထိုဆူးက တော်တော်နှင့် နှုတ်ရမည်မထင်။
“ငါ နင့်ကိုသတ်ချင်ရင် နှစ်တစ်ရာ စောင့်စရာမလိုပါဘူး ရောင်းရင်းကြီး…ငါတို့ ဘုရင်က ခေါင်းတစ်ချက် ညိတ်လိုက်တာနဲ့ ငါနင့်ကို သတ်ပြီပဲ”
လီအိုနာက မကောင်းဆိုးဝါးဆန်ဆန်ပြုံးရင်း ပြန်နှက်သည်။
“စမ်းကြည့်လိုက်စမ်းပါ”
အိုကူဒိုက ဝုန်းကနဲ ထရပ်ကာ
“ဟားဟား…နင် ငါ့အထက်မှာ ရပ်တည်နိုင်ရုံနဲ့ ငါ့ကို အနိုင်ယူနိုင်တယ် ထင်နေတာလား…မင်း အမတ်ချုပ်တစ်ယောက်ဖြစ်လာဖို့ ရုန်းကန်နေတုန်းက ငါ အိုကူဒိုဟာ အမတ်ချုပ်ကြီးတွေရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေခဲ့တာကွ။ ဘုရင်ကသာ နင့်ကို မျက်စိမကျဘူးဆိုရင် သောက်ကောင်မ…နင် ငါ့လက်ချက်နဲ့ သေတာ ကြာလှပြီ”
“ဘုရင်မင်းမြတ် သဘောတူပါစေလို့ ငါဆုတောင်းတယ်။ ဒါမှ ငါနင့်ခေါင်းကို ဖြတ်ပြီး ပန်းအိုးထိုးလို့ရမှာ”
လီအိုနာက ရူးသွပ်စွာ ရယ်မောသည်။
သူမ၏ စိမ်းမှောင်သော မျက်၀န်းအစုံက သွေးဆာရက်စက်သော စိတ်ဆန္ဒများဖြင့် ပြည့်နှက်လျှက်ရှိသည်။
“ကိုယ့်လူတို့…တိတ်တိတ်နေပြီး တိုက်ပွဲကိုပဲ ကြည့်ကြစမ်းပါ”
ခါသေ့က နဖူးကို ပွတ်နေရင်း မထိန်းနိုင်တော့ပဲ အော်ဟစ်လိုက်သည်။
တုတျန်းကျင်ကလဲ လေသံပျော့ပျော့ဖြင့် ပွဲ၀င်ထိန်းသည်။
“ခင်ဗျားတို့ကလဲ လောင်းကြေး ထပ်ပြီးသားပဲ…စိတ်အေးအေးထားပြီး ပွဲသာကြည့်ကြပါ။ အဲ့ဒါက သက်ရှိကြယ်တစ်လုံးလေ…ဟုတ်တယ်မဟုတ်လား…စိတ်ရှည်ရှည်ထားမှပေါ့”
သူ့စကားကြောင့် လီအိုနာနှင့် အိုကူဒိုတို့ တစ်ယောက်ကိုတစ်ယောက် နှာခေါင်းရှုံ့ကာ ပြန်ငြိမ်သွားကြသည်။
သူတို့အကြည့်က ကန်ရေပြင်ထက်ဆီမှ မြင်ကွင်းဆီသို့ ပြန်လည်ရောက်ရှိလာကြလေသည်။
ထိုအချိန်တွင် ရှီယန်က အာကာသပင်လယ်မျိုးနွယ်၀င် အကျဉ်းသားသုံးယောက်ထံ ရောက်ရှိသွားပြီဖြစ်သည်။
သူတို့က တစ်ဖက်နှင့်တစ်ဖက် အလွတ်မပေးတမ်း ကြည့်နေကြပြီး မီးပွင့်များသဖွယ် တောက်ပလျှက်ရှိသည်။
------ -----
အမှောင်ကောင်းကင်ကြယ်…
တောင်မြင့်ကြီးတစ်လုံးကဲ့သို့ ခမ်းနားမြင့်မားလှသော နန်းတော်ကြီး၏ အတွင်းဘက် နန်းဆောင်ထဲတွင်…
အရပ်မြင့်မြင့်နှင့် သန်မာသော လူတစ်ယောက် ပိုးထည်၀တ်ရုံကြီးကို ဆင်မြန်းကာ ရာဇပလ္လင်ထက်တွင် ထိုင်နေသည်။
သူက ရှေ့မှောက်ရှိ တစ်စုံတစ်ရာကို ကြည့်ရှုနေခြင်းဖြစ်သည်။
သူ့နံဘေးတွင် ကျိယောင်လည်းထိုင်နေသည်။
သူမ၏မျက်၀န်းလှလှများက အရှေ့ရှိ တစ်စုံတစ်ရာကို အာရုံစူးစိုက်လျှက်။
ခန်းမဆောင်၏ အလယ်တည့်တည့်တွင် မှော်မှန်ချပ်ကြီးရှိနေသည်။
မှော်မှန်ကြီးပေါ်တွင် ပြသနေသောပုံရိပ်က ရှီယန်နှင့် အာကာသပင်လယ်မျိုးနွယ်လူများ ရင်ဆိုင်တွေ့နေသည့် ပုံရိပ်ဖြစ်သည်။
“အဲ့ဒါ သူလား”
ထိုလူကြီးက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
“သူက အဲ့ဒီလူနဲ့ ဆက်နွယ်မှုရှိနေတယ်ဆိုတာ သမီး သေချာရဲ့လား”
“အဲ့ဒါ အမှန်ပဲ။ သူ့ စွမ်းအင်ဥာဏ်အလင်းက တစ်ပုံစံတည်းပဲ။ ဝိညာဉ်သဂြိုဟ်ခြင်း မရဏဥာဏ်အလင်းပဲ”
ကျိယောင်က အခိုင်အမာပြောသည်။
လူကြီးက ခေါင်းညိတ်ကာ ပြုံးယောင်ယောင်ဖြင့်
“စိတ်၀င်စားစရာပဲ။ ငါ သေချာကြည့်ရမှာပေါ့။ တကယ်လို့ ငါတို့က သူ့ကို အသုံချနိုင်မယ်ဆိုရင် အမှောင်နတ်ဘုရားနိုင်ငံအတွက် ဓါးတစ်စင်းဖြစ်လာမှာပဲ။
သမီးပြောသလို သဘာ၀လွန်စွမ်းအင်တွေ ရှိနေပါစေလို့ မျှော်လင့်ပါတယ်။ သူ့ရဲ့ နိမ့်ပါးတဲ့ စွမ်းအင်ကျင့်ကြံမှုအခြေကိုတော့ သည်းခံပေးရမှာပေါ့။ ရေရှည်လေ့ကျင့်ပေးလို့ရတာပဲလေ။ သိုင်းသမားတစ်ယောက်မှာ အရေးအကြီးဆုံးက တိုက်ပွဲ၀င် စိတ်ဆန္ဒပဲ။ ငါ သေချာစောင့်ကြည့်ရမှာပေါ့”
“ခမည်းတော် စိတ်မပျက်စေရပါဘူး”
ကျိယောင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
သူမက ရှီယန် အခြားသူများကို အံ့အားသင့်စေတတ်သည်ကို အတွေ့အကြုံရှိပြီးသားဖြစ်သည်။
ယခုလည်း ရှီယန်က ထိုသို့ပင် လုပ်ပြပေလိမ့်မည်။
ဒီတစ်ကြိမ်သူ၏ ဖျော်ဖြေမှုသည် သူ့အနာဂါတ်၊ သူ့ဘ၀၊ သူ့သေခြင်းရှင်ခြင်းနှင့် သက်ဆိုင်နေသည်ကိုတော့…။
------ ----- ----- ------ ------- ------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Kde žijí příběhy. Začni objevovat