799

617 70 0
                                    

Chapter 799: အစွယ် ထုတ်ပြခြင်း
လွင့်မျောနေသော ဥက္ကာခဲပေါ်တွင်…
မီးခိုးရင့်ရောင် ကျောက်တုံးများ ပြန့်ကျဲနေသည်။ ထိုနေရာက အေးစက် ညိုမှိုင်းနေသည်။ မည်သည့် သက်ရှိစွမ်းအင် အတက်အကျ တစ်ခုမျှ မတွေ့ရပါ။
ရှီယန် ဖျော့တော့နေပြီး စွမ်းအင် အများအပြား သုံးစွဲမှုကြောင့် မောပန်း နေသည်။
မျက်လုံးထဲတွင် စိတ်ပျက်အားလျော့မှုများ ထွက်ပေါ်နေသည်။
ကန်ဂျိနှင့် ဖန်ကျားတို့၏ မျက်နှာက တောက်ပနေသည်။ သူတို့က မထိန်းချုပ်ပဲ မကောင်းဆိုးဝါးဆန်ဆန် ရယ်မောနေကြရင်း ရှီယန်ဆီသို့ လျှောက်သွားသည်။
ဖန်းရိုကတော့ သတိထားနေသည်။ အရင်ဆုံး သူမက မျက်မှောင်ကြုတ်ကာ ဝန်းကျင်ကို လေ့လာသည်။ မည်သည့် အတားအဆီး သို့မဟုတ် အစီအရင် တစ်ခုမျှ မတွေ့မှသာ သက်ပြင်းချသည်။ သို့တိုင် သတိထား စောင့်ကြည့်နေဆဲ ဖြစ်သည်။ သူမက သရော်သည်။
“ဒါဆို နောက်ထပ် ပြေးလို့ မရတော့ဘူး…”
ရှီယန်က အားတင်းကာ ပြုံးသည်။
“အဝေးကြီး မပြေးနိုင်တော့ဘူး…”
“ကောင်လေး…မင်းက သတ္တိ ရှိသားပဲ။ မင်းက ကျားပါးစပ်ထဲကို နှိုက်ရဲတယ်။ လောဘကြီးပြီး ငါတို့ ပိုင်ဆိုင်မှုကို ခိုးယူတယ်။ မင်းက ကိုယ့်အသက်ကို ဘယ်လို တန်ဖိုး ထားရမယ်ဆိုတာ မသိဘူးလား…”
ဖန်ကျားက ဆိုးညစ်စွာ ပြုံးရင်း စတင်လှုပ်ရှားသည်။
ကန်ဂျိလဲတဖြည်းဖြည်း ချဉ်းကပ်လာပြီး သူ့နတ်ဘုရားအသိ ကို ထုတ်လွှတ်သည်။
အဆပေါင်းရာချီသော ဒြပ်ဆွဲအားပေါ်ပေါက်လာပြီး ချက်ခြင်းပင်ကျောက်တုံးများကို ဖိချေ ဖောက်ခွဲသည်။
“ဒါက မင်းအတွက်ပဲ”
ရှီယန်က သူ့ကံကြမ္မာကို ရှောင်လွဲ၍ မရတော့၍ အမှန်တကယ် ကြောက်လန့်နေဟန်တူသည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ ရှင်သန်ခြင်းသစ်သားနှင့် ပြုလုပ်ထားသော ကြယ်တာရာ မြေပုံကို ပစ်ပေးလိုက်သည်။ မြေပုံက ဧရိယာကို ဖြတ်သန်းကာ သုံးယောက်သား၏ အလယ်သို့ ကျသွားသည်။
ကန်ဂျိ၊ ဖန်ကျားနှင့် ဖန်းရိုတို့ လောဘ တက်သွားသည်။ လူရိပ်နှစ်ခုက မြေပုံကို ချက်ချင်း ခုန်ဖမ်းသည်။
ဖန်းရိုက ရပ်နေဆဲ ဖြစ်သည်။ သူမ နှုတ်ခမ်းက အနည်းငယ် ကွေးသွားပြီးနောက် မိုးကြိုးသွား သံလုံးဖြင့် ရှီယန်ကို ပစ်ပေါက်လိုက်သည်။
ချက်ချင်းပင် မြွေများကဲ့သို့ ထောင်ပေါင်းများစွာသော မိုးပြာရောင်လျှပ်စီးတန်းများက ရှီယန်ထံ ပြေးဝင်လာသည်။
ရှီယန်က မိုးကြိုးသွား သံလုံး၏ စွမ်းအားကို သိထားပြီးဖြစ်သည်။ သူ့မျက်နှာက သွေးဆုတ်ဖြူလျော်သွားကာ ချက်ချင်း နောက်ဆုတ်သည်။
သို့သော်လည်း ထိုလျှပ်စီး အလင်းတန်းများက ဖန်းရို၏ ခန္ဓာနှင့် တိုက်ရိုက် ချိတ်ဆက်ထားပြီး သန့်စင်သော စွမ်းအားဖြစ်ရာ အားလုံးကို ရှောင်တိမ်းရန် ခက်ခဲသည်။
ရှီယန်က လျင်မြန်သည့်တိုင် လျှပ်စီးကြောင်း ဆယ်ခုထက်မက သူ့ကို ထိမှန်သည်။ သူက နာကျင်စွာ အော်ဟစ်သည်။ သူ့နတ်ဘုရား ခန္ဓာကိုယ်က လောင်ကျွမ်းကာ မည်းချိတ်သွားသည်။ သူ့နတ်ဘုရား ခန္ဓာကိုယ်က မောပန်းနေဟန် ရပြီး ယခု ဒဏ်ရာများစွာ ရရှိခဲ့သည်။ ရှီယန် နောက်ထက် မခုခံနိုင်တော့။ လျှပ်စီး အလင်းတန်း၏ ရိုက်ခတ်မှုကြောင့် သူက အေးစက်နေသော ကြယ်တာရာ ပြင်ကြီးထဲသို့ လွင့်စဉ်သွားသည်။
ဖန်းရို ရှီယန်ကို လျှပ်စီး အလင်းတန်းများဖြင့် တိုက်ခိုက်ကာ ရှီယန် ဥက္ကာခဲပေါ်မှ ပြုတ်ကျစေသည်ကို ကန်ဂျိနှင့် ဖန်ကျားတို့ တွေ့လိုက်သည်။ သူတို့က ရှီယန်ကို သတ်ဖြတ်ရန် အာရုံမရှိတော့။ ထို့အစား ကြယ်တာရာ မြေပုံဆီသို့ လှမ်းသွားသည်။
သူတို့ ဒီနေရာကို ရောက်မလာခင်က အစီအစဉ် တစ်ခု ရှိခဲ့သည်။ ရှီယန်ကို တွေ့လျှင် အရင်ဆုံး သတ်ဖြတ်မည် ဖြစ်သည်။ သို့သော် ရှီယန်က ကြယ်တာရာ မြေပုံကို ပစ်ပေးခဲ့ရာ သူတို့၏ မူလ အစီအစဉ်က ပျောက်ကွယ်သွားခဲ့သည်။ လောဘက သူတို့၏ စိတ်ကို လွှမ်းမိုးသွားသည်။ မည်မျှပင် ပေးဆပ်ရပါစေ…သူတို့က ကြယ်တာရာ မြေပုံကို လိုချင်နေသည်။
ကန်ဂျိနှင့် ဖန်ကျားတို့က လောဘကို မထိန်းချုပ်နိုင်ဘဲ အညာအတာ ကင်းမဲ့စွာဖြင့် တစ်ယောက်ကို တစ်ယောက် အသေအကြေတိ်ုက်ခိုက်သည်။
လျှပ်စီးကြောင်းများ ရှီယန်ကို ထိမှန်သွားသည်ကိုမြင်သောအခါ ဖန်းရို အချိန်မဖြုန်းတော့ပါ။  ရှီယန်က လောလောဆယ် သေခြင်းတရားမှ လွတ်ချင်လွတ်နိုင်ကြောင်း သူမသိသည်။ သို့သော် ထိုအချက်က ရှီယန်သည် သူတို့၏ မျက်စိတွေ၊ နားတွေမှ လွတ်ပြီဟုမဆိုလိုပါ။ ထိုကြောင့် သူမက မြေပုံကို ယူရန်အတွက် တိုက်ပွဲ အတွင်းသို့ ခုန်ဝင် သွားလိုက်သည်။
သူတို့ အားလုံးက နတ်ဘုရင် တတိယ အဆင့် ဖြစ်ရာ မြေပုံကို ရရှိသော ဘယ်သူမဆို အထွတ်အထိပ် လျင်မြန်မှုနှုန်းဖြင့် ထွက်ပြေးနိုင်သည်။ အခြားသူများက လိုက်ဖမ်းနိုင်မည် မဟုတ်ပါ။
ထိုကြောင့် ကြယ်တာရာ မြေပုံကို ရရှိသော ဘယ်သူမဆို ကြီးမားသည့် အားသာချက် ရရှိပေမည်။
ထိုအခိုက်တွင် နတ်ဘုရင် တတိယ အဆင့် သုံးယောက်က ကြယ်တာရာ မြေပုံအတွင်းရှိ ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်ကြီး တစ်ခုအတွက် အသေအကြေ တိုက်ခိုက် နေကြသည်။ သူတို့က တစ်ယောက်ကို တစ်ယောက် အညာအတာ ကင်းမဲ့စွာ တရကြမ်း တိုက်ခိုက်နေသည်။ သူတို့က တစ်ယောက်ကို တစ်ယောက် မသတ်နိုင်လျှင် မြေပုံအရင်ဆုံး ရရှိသူ မည်သူမဆို အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးနိုင်သည် ဟူသော အချက်ကို မုန်းတီးသဖြင့် သူတို့၏ စွမ်းအားကို အထွတ်အထိပ်ထိ နှိုးဆွကာ တိုက်ခိုက်သည်။
အမှောင်ယံ ကောင်းကင်ထဲရှိ နောက်ထိပ် ဥက္ကာခဲ တစ်ခုပေါ်တွင်…
ရှီယန်၏ မျက်လုံးတို့က အေးစက်ကာ ဆိုးညစ်နေသည်။ သူ၏ တင်းမားနေသော နှုတ်ခမ်းက အေးစက်မှုနှင့် ကြမ်းတမ်းသော စိတ်ဆန္ဒကို ဖော်ပြနေသည်။ သူက အံကြိတ်ရင်း သူ့ခန္ဓာကိုယ် အတွင်းရှိ လျှပ်စီးကြောင်းများကို ချေဖျက်သည်။
ဤလျှပ်စီးတန်း တစ်ခုချင်းစီက ထက်ရှကာ အစွမ်းထက်သည်။ လျှပ်စီးတန်းများက သူ့ခန္ဓာကိုယ်ကို ကြမ်းတမ်းစွာ ဖြတ်တောက်ကာ ဒဏ်ရာများစွာ ချန်ခဲ့သည်။
ဖုန်းရိုသည် နတ်ဘုရင် တတိယ အဆင့်ဖြစ်ပြီး သူမ၏ မိုးကြိုးသွား သံလုံးက နတ်ဘုရား အဆင့် ရတနာ တစ်ခု ဖြစ်သည်။ ရှီယန်က ၎င်း၏ တိုက်ခိုက်မှုကို အပြင်းအထန် ခံခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် သူ့စွမ်းအင်က သန့်စင်ပြီး နတ်ဘုရား ခန္ဓာကိုယ်ကို အကြိမ်ပေါင်းများစွာ ပြုပြင်ခဲ့သည်။ ယခု သူ့နတ်ဘုရား ခန္ဓာကိုယ်က သာမန်လူများ စိတ်မကူးနိုင်လောက်အောင် မာကျောသည်။ ရှီယန် ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့ပါ။ သူ့သေခြင်း စွမ်းအင် အသိကို နှိုးဆွပြီး လျှပ်စီးတန်းများကို ချေဖျက်ရန်သာ လိုအပ်သည်။
အချိန်တို အတွင်း၌ပင် သူ့ခန္ဓာကိုယ် အတွင်းရှိ လျှပ်စီးတန်း အားလုံးကို ဖျက်ဆီးလိုက်သည်။
သူက သေခြင်းမဲ့ မိစ္ဆာသွေးစက် ဆယ်စက်ကို အသုံးပြုကာ ဒဏ်ရာများကို ကုသလိုက်သည်။ သူ့ဒဏ်ရာများက အလျင်အမြန် ပျောက်ကင်းသွားသည်။
ဝုန်း ဝုန်း ဝုန်း…။
သူ့အရှေ့ရှိ ဥက္ကာခဲပေါ်တွင် ကြမ်းတမ်း ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည်။ ထိုကျွမ်းကျင်သူ သုံးယောက်က တစ်ယောက်ကို တစ်ယောက် သတ်ဖြတ်နေမှန်း ရှီယန် နားလည် လိုက်သည်။ ကြယ်တာရာ မြေပုံအတွက် သူတို့၏ အစွမ်းထက်ဆုံး စွမ်းအားကို ထုတ်ဖော် တိုက်ခိုက်နေသည်။
သူ့မျက်ဝန်းထဲရှိ ကြောက်မက်ဖွယ် ဆန္ဒက ပိုမို နက်မှောင်လာသည်။ သူက သရော်ပြုံး ပြုံးလိုက်သည်။ သို့တိုင် သူ့ကိုယ်သူ အလျင်အမြန် ထုတ်ဖော် ပြသခြင်း မရှိခဲ့ပါ။
သူတို့ သုံးယောက်သည် သူ့ထက် နယ်ပယ် မြင့်မားသည့် ကျွမ်းကျင်သူများ ဖြစ်သည်။ သူုတို့၏ စွမ်အား သဘာဝ လွန်ကာ ထူးဆန်းသည်။ အကယ်၍ သူက ခေါင်းမာစွာ ဆုံးဖြတ်ပြီး သုံးယောက် တစ်ယောက် တိုက်ခိုက်လျှင် သူ သေချာပေါက် သေဆုံးသွားပေမည်။
လွန်ခဲ့သော လ၀က်အတွင်း သူတို့၏ စွမ်းအင်က ထက်၀က်မျှ ကုန်ခမ်းနေခဲ့ပြီဖြစ်သည်။
သူတို့က တစ်ယောက်ကို တစ်ယောက် အရူးအမူး တိုက်ခိုက်နေသည့်တိုင် မည်သည့် ရလဒ်မျှ မထွက်လာဘဲ သူတို့၏ စွမ်းအားများသာ ဆိုးဆိုးဝါးဝါး ကုန်ဆုံးလာခဲ့သည်။ သူတို့ တိုက်ပွဲ အဆုံးသတ်သည်နှင့် ရှီယန်အတွက် အခွင့်အရေးပေါ်လာပေလိမ့်မည်။
ထိုကြောင့် သူက အခြား နှစ်ယောက် သံသယ မဖြစ်စေရန် ဖန်းရို၏ တိုက်ခိုက်မှုကို ခံယူခဲ့သည်။ သူသည် ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး နောက်ထပ် ပြဿနာများကို မဖန်းတီးတော့ပြီး ဟူသော အတွေးကို အခြား နှစ်ယောက်အား ပေးခဲ့သည်။
အမှန်တကယ်တွင် ဖန်းရိုက လျှပ်စီးတန်းများ ရှီယန်ကို ထိမှန်သွားကြောင်း တွေ့သည်နှင့် သူမ၏ တင်းမာနေသော ဒေါသက လျော့ကျသွားသည်။ ကန်ဂျိနှင့် ဖန်ကျားတို့ တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်နေသည်ကို တွေ့သည်နှင့် သူမက ရှီယန်ကို မတိုက်ခိုက်တော့ဘဲ တိုက်ပွဲအတွင်းသို့ ချက်ချင်း ခုန်ဝင် သွားခဲ့သည်။
အကယ်၍ ဖန်းရိုက အနည်းငယ် ဂရုစိုက်ခဲ့လျှင် ရှီယန်၏ အစစ်မှန် အခြေအနေကို ရှာတွေ့ပေလိမ့်မည်။ သူမက သတိကြီးကြီး မထားဘဲ နေမည် မဟုတ်တော့ပါ။
သူမသည် ရှီယန်၏ စွမ်းရည်ကို ဆိုးဝါးစွာ ခန့်မှန်း တွက်ချက်ခဲ့မိသည်။
ရှီယန်က ဆေးဝါး အများအပြားကို ဝါးမျိုသည်။ ဥက္ကာခဲ ထောင့်တစ်ထောင့်တွင် ပုန်းအောင်းကာ အကောင်းဆုံး အခြေအနေသို့ ပြန်ရောက်အောင် ကြိုးစားသည်။
နားကို အူထွက်သွားစေသောပေါက်ကွဲသံများ ထွက်ပေါ်နေသည်။ စွမ်းအင်များက ကျောက်တုံးများကို ဖိနှိပ် ပေါက်ကွဲကာ သူ့အနီးရှိ ဥက္ကာခဲဆီသို့ပင် လွင့်စင်ထိမှန်သည်။ ထိုမြင်ကွင်းကို ကြည့်ကာ ရှီယန် စိတ်လှုပ်ရှားနေသည်။ သူက စိတ်ထဲမှ ရယ်မောရင်း အခွင့်ကောင်းကို စောင့်ဆိုင်းနေသည်။
သူ့ခန္ဓာကိုယ် အတွင်းရှိ ဆေးစွမ်းအင်များ အရည်ပျော်ကာ အလွန် ကြီးမားသော စွမ်းအင် အဖြစ်ပြောင်းလဲပြီး သူ့အတွင်းပိုင်း အင်္ဂါများဆီသို့ အားဖြည့်ပေးသည်။ လတစ်ဝက်ကြာ အရူးအမူး ပြေးလွှာနေခြင်းက သူ့အား စွမ်းအင်ပြတ်တောက်မှု မဖြစ်စေခဲ့ပါ။ ဟန်တိ၏အလောင်းမှ ကီစွမ်းအင်များက သူ့အခြေအနေကို အခြားသုံးယောက်ထက် ပိုကောင်းမွန် စေသည်။
အားနည်းဟန် ဆောင်ပြီး သူ့ကို ထိခိုက်ဒဏ်ရာရအောင် အခွင့်အရေး ပေးခြင်းက သူ့အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
အရာအားလုံးက သူ့အစီအစဉ် အတိုင်း ကစားနေသည်။ ရှီယန်က စိတ်ရှည်စွာဖြင့် တိ်ုက်ပွဲ ပြီးဆုံးသည်အထိ စောင့်ဆိုင်းနေသည်။ သူက တိုက်ပွဲသံများ ရပ်တန့် သွားသည်အထိ စောင့်ဆိုင်း ပေလိမ့်မည်။
ထိုပေါက်ကွဲမှုများက ကြောက်မက်ဖွယ် ကောင်းသည်။ သူတို့က မြို့ကြီးတစ်မြို့စာမျှ ကြီးမားသော ဥက္ကာခဲ တစ်ခုလုံးကို ချက်ခြင်းကြေပျက်စေသည်။ သူ့နေရာမှပင် အပေါက်ကြီးများကို လှမ်းမြင် နေရသည်။ သူ့အနီးနားရှိ ဥက္ကာခဲများပင် ပြိုလဲကုန်သည်။ ကျောက်စိုင် ကျောက်စများက နေရာအနှံ့ လွင့်စဉ်နေသည်။ တိုက်ပွဲ ဖြစ်ပွားရာ နေရာက ပိုမို ကြောက်မက်ဖွယ် ကောင်းသည်။
ရှီယန်က စွမ်းအင် နှိုးဆွပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်ကာ တိုက်ပွဲ ဧရိယာနားသို့ ချဉ်းကပ် သွားသည်။
၀ုန်း…ခွမ်း…
ကန်ဂျိ၏ ကျွမ်းကျင်စွာ ကိုင်တွယ်မှု အောက်တွင် ကျောက်တုံးကြီးများ ပေါက်ကွဲ ထွက်လာသည်။ ကျောက်တုံး တစ်ခုချင်းစီက မြို့ကြီး တစ်ခုစာမျှ ရှိသည်။ သူတို့က လေထဲတွင် ရွေ့လျားလာသောအခါ ကြောက်မက်ဖွယ် ခွန်အားများ သယ်ဆောင်လာသည်။
ဖန်ကျား၏ ခန္ဓာကိုယ်က ဆယ်ပုံ တစ်ပုံခန့် သေးငယ်သွားသည်။ သူက ကန်ဂျိနှင့် ယာယီပူးပေါင်းကာ ဖန်းရိုကို တိုက်ခိုက်နေဟန် ရသည်။
ကြယ်တာရာ မြေပုံက ရှီယန် ပစ်ချခဲ့သော နေရာတွင် ရှိနေဆဲ ဖြစ်သည်။ ၎င်းက မည်သူမျှ မထိရသေးပါ။
“အား….”
ဖန်းရိုက အော်ဟစ်ရင်း ခန္ဓာကိုယ်၏ စွမ်းအင် အားလုံးကို အသံနှင့် ပေါင်းစပ်ပြီး မမြင်နိုင်သော လှံတစ်စင်း အဖြစ် ပြောင်းလဲကာ ကန်ဂျိ၏ကျောက်တုံးများကို ဖျက်ဆီးသည်။
သူတို့ သုံးယောက်လုံးက တစ်ယောက်ကို တစ်ယောက် ရုန်းကန်း တိုက်ခိုက်နေပြီး စွမ်းအင်များ အလျင်အမြန် ကုန်ဆုံးနေသည်။ လဝက်ခန့် မနားတမ်းပျံသန်းခဲ့ပြီးနောက် တဖန် ယခုလိုအရူးအမူး တိုက်ခိုက်ကြပြန်ရာ သူတို့ စွမ်းအင်၏ (၇၀-၈၀%) ခန့် ကုန်ဆုံးသွားသည်။ ယခု အချိန်တွင် သူတို့၏ နတ်ဘုရားအသိက မသန်မာတော့ပါ။ သူတို့၏ တိ်ုက်ခိုက်မှုက အဆင့်တစ်ခုအထိ လျော့ကျသွားသည်။
ဖန်းရိုက ရှီယန်နှင့် အနီးဆုံး ဖြစ်သည်။ စွမ်းအင် အများအပြား ကုန်ဆုံးခြင်း၏ လက္ခဏာ ဖြစ်သော ပင်ပန်းနွမ်းနယ်မှုများကို သူမ၏ ဖြူလျော်သောမျက်နှာပေါ်တွင် ရှီယန် မြင်နေရသည်။
ကန်ဂျိနှင့် ဖန်ကျား တို့သည်လည်း မောပန်းနေသည်။ သို့တိုင် သူတို့က အံကြိတ်ရင်း ခုခံနေသည်။ အကယ်၍ အခြားသူကို သူတို့ သတ်ဖြတ်နိုင်လျှင် အနိုင်ရသူမှ မိမိပင်ဖြစ်မည်ဟု နှစ်ယောက်စလုံး တွေးနေကြသည်။
“ဆွဲငင်အား ချိပ်ပိတ်ခြင်း…”
ကန်ဂျိ ရုတ်တရက် အော်လိုက်သည်။ အားကောင်းသော ပေါက်ကွဲမှုနှင့်အတူ ဒြပ်ဆွဲအားက သူ့ခန္ဓာကိုယ် ဝန်းကျင်ကို ဖုံးအုပ်သွားသည်။
ဖန်းရို၏ ခန္ဓာကိုယ်က လေထဲတွင် နစ်မြုပ်နေပြီး သူမ၏ ပခုံးထက်တွင် တောင်ကြီးတစ်လုံး ထမ်းထားသည့်အလား ထင်မှတ်ရသည်။ သူမက စိတ်လောနေသည်။
ဖန်ကျားက ခန္ဓာကိုယ်ကို ကျုံ့ကာ ဧရိယာ တစ်ခုကို ချောင်းမြောင်း တိုက်ခိုက်သည်။ သူ့လက်မောင်းက အရိုးမရှိသော မြွေကဲ့သို့ ပေါ်ထွက်လာသည်။ အေးစက်ပြီး အန္တရာယ်ရှိသော စွမ်းအင်က ဖန်းရို၏ သွယ်လျလျ ခန္ဓာကိုယ်ကို ချက်ချင်း တိုက်ခိုက်သည်။ ဖန်းရို တုန်လှုပ်သွားပြီး သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းသိမ်းနိုင်တော့ပါ။
မြို့တစ်မြို့စာ အရွယ်ခန့် ရှိသည့် ကျောက်တုံး ရာပေါင်းများစွာက ဖန်းရိုပေါ်သို့ တိုက်ရိုက် ပြုတ်ကျကာ သူမကို မြှုပ်နှံပစ်လိုက်လေတော့သည်။
ကန်ဂျိနှင့် ဖန်ကျားတို့က သဘောကျစွာ ရယ်မောသည်။ သူတို့က ဖန်းရို သေသည် ရှင်သည်ကို ဂရုမစိုက်ဘဲ ကြယ်တာရာ မြေပုံဆီသို့ ချက်ချင်း ပျံသန်းသွားသည်။ လွန်ခဲ့သော မိနစ် အနည်းငယ်က သူတို့ အတူတကွ ပူးပေါင်းကာ အမျိုးသမီး တစ်ယောက်ကို တိုက်ခိုက်ခဲ့သည်။ ယခု သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် တိုက်ခိုက် ကြချေပြီ။ လေဟာနယ်ထဲတွင် မတူညီသော စွမ်းအင်များ သက်ရောက်နေသည်။ ကြယ်တာရာ မြေပုံ၏ အထက်တွင် တောက်ပသော အလင်းတန်းများ ပစ်လွှတ်နေသည်။
နောက်ဆုံးတွင်တော့ ဖန်ကျားက အားနည်းနေခဲ့သည်။ သူက သွေးတစ်လုပ် အန်ထုတ်လိုက်သည်။ သက်ရောက်မှုအောက်တွင် သူ့ကျုံ့နေသော နတ်ဘုရား ခန္ဓာကိုယ်က အက်ကွဲသွားသည်။ သူ့မျက်လုံးက ဗလာကျင်းသွားသည်။
ကန်ဂျိက ရူးသွပ်စွာ ရယ်မောသည်။
“မင်းက ငါနဲ့ ယှဉ်ဖို့ နုသေးတယ်…”
ထိုသို့ ပြောပြီးနောက် သူက ကြယ်တာရာ မြေပုံကို လှမ်းယူရန် ပြင်လိုက်သည်။ နှစ်ပေါင်း နှစ်ရာကျော် အင်အား စိုက်ထုတ်ခဲ့ခြင်းက အံ့ဖွယ် ဆုလာဘ် တစ်ခု ရပြီးဟု တွေးတောလိုက်သည်။
သို့သော် ထိုအခိုက်၌ စူးရှသော လေတိုးသံများ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
ဝှစ် ဝှစ် ဝှစ်
မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းတန်း သုံးခုထွက်ပေါ်လာပြီး ရုတ်ချည်းပြန်လည်ပျောက်ကွယ်သွားသည်။ ပြန်ပေါ်လာချိန်တွင်တော့ ကန်ဂျိ၏ လက်ကို ထိုးဖောက်ပြီး ကြယ်တာရာ မြေပုံဘေးရှိ ကျောက်တုံးကြီးထဲသို့ စိုက်၀င်သွားသည်။
တစ်ချိန်တည်းမှာပင် ကြယ်တာရာ အလင်းများဖြင့် ဖန်းတီးထားသော လက်သီးပြင်းပြင်း တစ်လုံးက လွင့်စဉ်နေသော ကန်ဂျိ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်သွားသည်။
ဂျွတ်…ဂျွတ်
ကန်ဂျိ၏ ခန္ဓာကိုယ်မှ အရိုးကျိုးသံများ ထွက်ပေါ်လာသည်။ သူ့ နတ်ဘုရားခန္ဓာက ကွဲအက်သွားသည်။
ကျိုးသွားသောအရိုးများက ခန္ဓာကိုယ်အပြင်သို့ ဖောက်ထွက်လာချိန် သူ့မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီသွားသည်။
ကြယ်အလင်းတန်း လက်သီးကို မရေမတွက် နိုင်သော ကြယ်အလင်းများမှ သိပ်သည်းထားသည်။ ကန်ဂျိကို တိုက်ခိုက်ပြီးနောက် ၎င်းက မရပ်တန့်ဘဲ ကျောက်တုံးများစွာဖြင့် နစ်မြုပ်ထားသော ဖန်းရိုကို ဆက်လက်တိုက်ခိုက်သည်။
ဘုန်း…ဘုန်း…ဘုန်း…
ကျောက်တုံးကြီးများ ပေါက်ကွဲမှုနှင့်အတူ ဖန်းရို၏ စူးစူးဝါးဝါး အသံ ထွက်ပေါ်လာသည်။ ကြယ်အလင်း လက်သီးက ထိုဥက္ကာခဲပေါ်တွင် ကြောက်မက်ဖွယ် အပေါက်ကြီး တစ်ခု ဖန်းတီးသည်။
ဖန်းရို၏ လှပသော ခန္ဓာကိုယ်လေးက နက်ရှိုင်းသော တွင်းနက်ကြီး၏ အလယ်တွင် ထွက်ပေါ်လာသည်။
သူမ ခန္ဓာကိုယ်ပေါ်တွင် သွေးများ စွန်းထင်ကာ အနီရောင် သန်းနေသည်။
ရှီယန်၏ အေးစက် ကြမ်းရှသော ခန္ဓာကိုယ်က တစ္ဆေတစ်ကောင်ကဲ့သို့ ဖန်ကျားနား ရောက်ရှိသွားသည်။ သူက တုံ့ဆိုင်းမနေဘဲ လှုပ်ရှားမှု ကင်းမဲ့နေသော ဖန်ကျဲပေါ်သို့ ဟင်းလင်းပြင် စွမ်းအင်ဖြင့် ဖုံးအုပ်လိုက်သည်။ သူက ဖန်ကျဲ၏ ခြေလက်များကို ဖြတ်တောက်ကာ ယဇ်ပလ္လင်ကို ဖောက်ခွဲလိုက်သည်။
ဖန်ကျဲသေဆုံးသွားပြီးနောက် ရှီယန်က ထိုနေရာသို့ ဖြတ်ကျော်ကာ ကန်ဂျိအနားသို့ ချဉ်းကပ် သွားသည်။
သူ့ရယ်သံတွင် သွေးဆာရက်စက်မှုများ ပြည့်လျှမ်းလျှက်…။
----- ----- ------ ----- ----- ---- ----- ---- ----- ---- ------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Onde histórias criam vida. Descubra agora