776

524 81 0
                                    

Chapter 776: ခက်ခဲသော ပစ်မှတ်ကို ရွေးချယ်ခြင်း
အာကာသပင်လယ်မျိုးနွယ် အကျဉ်းသားသုံးယောက်၏ အရိုးပြာမှုန့်များသာ မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သည်။
ရှီယန်သည် မီးပင်လယ်၏ အလယ်ဗဟိုတွင် ရပ်နေပြီး သူ့သေဆုံးခြင်း စွမ်းအင် အသိနှင့် မကောင်းသော စွမ်းအင်များကို ရုတ်သိမ်းလိုက်သည်။ သူက နတ်ဘုရင်အဆင့် သိုင်းသမားသုံးယောက်၏ ကီအနှစ်သာရကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူသည်။ ကြမ်းတမ်း ပြင်းထန်သော တိုက်ပွဲ ဆင်နွဲခဲ့သည့်တိုင် သူ့တွင် မောပန်း နွမ်းနယ်မှု လက္ခဏာ တစ်စက်မျှ မတွေ့ရပါ။
အမှန်တွင် ရှီယန်က စွမ်းအင် အများအပြား အသုံးမပြုခဲ့ချေ။
မြေကမ္ဘာ မီးလျှံနှင့် မီးငှက် မီးလျှံတို့၏ ကူညီမှုကြောင့် ပြိုင်ဘက်၏ ရေစွမ်းအင် အသိကို ရိုးရှင်းစွာ ဖျက်စီးနိုင်ခဲ့သည်။ သူ့လေဟာနယ် စွမ်းအင်ဥာဏ်အလင်းက သူတို့၏ စွမ်းအင် အများအပြားကို ဝါးမျိုသည်။ သူ အောင်မြင်မှုက မျှော်လင့်ထားသည့်တိုင် ချောမွေ့သည်။
ရှီယန်က မီးပင်လယ်ထဲ အေးဆေးနေရန် အချိန် မရှိပါ။
ခနနေတော့ သူက မျက်မှောင်ကြုတ်သွားပြီးနောက် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။
သူ့ခါးမှသန့်စင်ခြင်း တံဆိပ်တော်က သက်ရှိ စွမ်းအင် ရှစ်ခုကို သူ့ထံသို့ ပေးပို့သည်။ သိသာစွာပင် အာကာသပင်လယ်မျိုးနွယ် လူသုံးယောက်နှင့် တိုက်ပွဲကြောင့် သည်နေရာ ဝန်းကျင်ရှိ အကျဉ်းသားများကို သတိ ပေးသလို ဖြစ်သွားခဲ့သည်။ သူတို့က တိတ်တဆိတ် စုရုံးလာသည်။
သန့်စင်ခြင်း ကြယ်၏ အခြားထောင့်တစ်နေရာတွင် အမတ်ချုပ်ကြီး ငါးဦးသည် တိုက်ပွဲထဲတွင် စျာန်ဝင်နေခဲ့သည်။ ထိုအခိုက်၌ သူတို့က ပြောင်းလဲမှုများကို သတိ ပြုမိလိုက်သည်။ သူတို့ အားလုံး တုန်လှုပ်သွားသည်။ သူတို့၏ အကြည့်က မှန်ရေပြင်ပေါ်တွင် စွဲကပ်နေသည်။
“ဟားဟားဟားဟား”
အိုကူဒိုက ဆိုးညစ်စွာ ရယ်မောသည်။ သူက စကားတစ်ခွန်းမျှ မပြောသော်လည်း သူ့မျက်နှာတွင် ဖော်ပြနေသည်။
အိုကူဒို၏ အမြင်တွင် ရှီယန်က ပင်လယ်သားသုံးယောက်ကို ခက်ခက်ခဲခဲ သတ်ဖြတ်ခဲ့ရသည်။ ထို့ကြောင့် သူက စွမ်းအင် အများအပြား အသုံးပြုခဲ့လိမ့်မည်။
ယခု သူ့ထံသို့ အကျဉ်သား အများအပြား ချဉ်းကပ်လာသည်။ သူတို့အနက် တစ်ယောက်က နတ်ဘုရင်ဒုတိယအဆင့်သို့ ရောက်ရှိနေသည်။ သူ့အတွေ့အကြုံအရ ရှီယန်သည် ထိုမျှများပြားသော သိုင်းသမားများကို ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ဟု အိုကူဒို ယုံကြည်သည်။ ထို့အစား နတ်ဘုရင်ဒုတိယအဆင့် အကျဉ်းသားက ရှီယန်ကို သတ်ကာ သန့်စင်ခြင်း တံဆိပ်တော်ကို ယူဆောင်ပြီး အထွက်အထိပ် သန့်စင်ခြင်း နယ်မြေတွင် အသက်ရှင် လွတ်မြောက်ကာ ဘဝအသစ် ရရှိပေမည်။
ခါသေ့နှင့် ရိုချက်စတာတို့သည်လည်း တူညီစွာ တွေးသည်။ သူတို့က မျက်မှောင်ကြုတ်ကာ ကြည့်ရှုနေသည်။
လီအိုနာ တစ်ယောက်သာ တည်ငြိမ် အေးစက်နေသည်။ သူမက အိုကူဒိုတို့ အုပ်စုကို စူးစိုက်ကြည့်ကာ သရော်လိုဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။
“သူ့ဘဝ နိဂုံးချုပ်ပြီ”
အိုကူဒိုက လက်ဖြန့်ရင်း ဝမ်းသာအားရ ရယ်မောသည်။
“မင်းရဲ့ သက်ရှိကြယ်ကို ငါ့လက်ထဲ ထည့်သင့်နေပြီ”
ခါသေ့၏ နှုတ်ခမ်းထောင့်က တွန့်သွားသည်။ သူက အိုကူဒိုကို ကြည့်သည်။ ပြီးနောက် လီအိုနာကို ကြည့်သည်။ သူ့မျက်နှာက ထူးဆန်းနေသော်လည်း စကား တစ်ခွန်းမျှ မပြောချေ။
“နင့်ကို သက်ရှိကြယ် ပေးရမှာလား။ အိုကူဒို၊ နင်မျက်လုံး ကန်းနေလား။ စောင့်ကြည့်ဦး…”
လီအိုနာက ခပ်သဲ့သဲ့ ပြုံးသည်။ သိသာစွာပင် သူမက အလွယ်တကူ အလျော့ပေးတတ်သူ မဟုတ်ပါ။
“ကျိယောင်က ကိုယ်ရံတော်ကောင်း တစ်ယောက် ရထားတာပဲ။ တကယ်လို့ သူက အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေကို ဖြတ်ကျော်နိုင်ရင် အနာဂတ် သူ့အောင်မြင်မူက ငါတို့ ခန့်မှန် တွက်ချက်လို့ မရနိုင်ဘူး”
တုထျန်းလီက စိတ်လှုပ်ရှားစွာ ပြောသည်။
“အစစ်မှန် နတ်ဘုရား တတိယအဆင့်နဲ့တောင်မှ သူ့ထက်မြင့်မားတဲ့ နယ်ပယ်တွေကို အလွယ်တကူ တိုက်ခိုက်နိုင်တယ်။ ငါတို့ အမှောင်နတ်ဘုရား နိုင်ငံမှာတောင် ဒီလို စွမ်းဆောင်နိုင့်တဲ့ မျိုးဆက်သစ် အများကြီး မရှိဘူး”
ရိုချက်စတာက ခေါင်းညိတ်သည်။
“ဒီကောင်လေးမှာ လှည့်စားမှု အချို့ရှိတယ်။ ကျိယောင်က အိုကဲရာအစား သူ့ကို တံဆိပ်တော် ပေးလိုက်တာ အံ့သြစရာ မဟုတ်တော့ဘူး။ ဒီကောင်မလေးက နောက်တစ်ခေါက် ရွေးချယ်မှု မှန်ကန်သွားပြီလို့ ငါ ထင်တယ်။ သူမရဲ့ အမြင်က တကယ့်ကို စူးရှလွန်းတယ်”
“သွားသေလိုက်”
အိုကူဒိုက သူ့ကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်သည်။
“ငါ့တူ အိုကဲရာက သူနဲ့ မပြိုင်ချင်လို့။ ငါ့ဆီက တံဆိပ်တော် ရမယ်ဆိုတာ သူသိပြီသား။ ဒါကြောင့်ပဲ တခြား တစ်ယောက်ကို ပေးလိုက်တာ။ ဟမ့်…သူ အသက်ရှင်လျှက် ထွက်လာနိုင်မလားဆိုတာ ငါ ကြည့်ချင်သေးတယ်”
“ဒါဆိုလည်း မင်း ဂရုတစိုက် စောင့်ကြည့်သင့်တယ်”
ရိုချက်စတာက ခေါင်းမော့ကာ ရယ်မောရင်း ပြောသည်။ သိသာစွာပင် သူက အိုကူဒိုကို ကြောက်မနေပါ။
“ဒီကောင်လေးဟာ အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေကနေ အသက်ရှင်လျှက် ထွက်လာနိုင်မယ်လို့ ရုတ်တရက်ကြီး ဘာကြောင့် ယုံကြည့်သွားမှန် ငါ့ကိုယ်ငါတောင် မသိဘူး”
“ရိုချက်စတာ … ငါ့တူ သေမယ်လို့ မင်း ဆိုလိုတာလား”
အိုကူဒိုက အေးစက်စက် စိုက်ကြည့်သည်။
ရိုချက်စတာက ခေါင်းညိတ်ရင်း သရော်ပြုံး ပြုံးသည်။
“မှန်တယ်။ တကယ်လို့ ရှီယန်က အချိန်တို အတွင်း နတ်ဘုရင်အဆင့်ကို ချိုးဖျက်တက်ရောက်နိုင်ရင် သူ အသက်ရှင်မယ်လို့ ငါ ယုံတယ်။ မင်းတူ အတွက်ကတော့…အင်း...သူ သေလိမ့်မယ်။ ဟားဟားဟား…”
အိုကူဒို မျက်နှာ မဲ့သွားသည်။ သူ၏ ရိုင်းစိုင်းသော သဘာဝ နှိုးထလာသည့်အလား ဒေါသတကြီး ခက်ထန်စွာ စိုက်ကြည့်သည်။
မည်သို့ပင် ဖြစ်နေပါစေခါသေ့နှင့် ရိုချက်စတာတို့သည် သူကဲ့သို့ အမတ်ချုပ်ကြီးများ ဖြစ်သည်။ ထို့ကြောင့် သူတို့က သူ့အား မကြောက်ရွံ့ချေ။ တစ်ခါတစ်ရံတွင် သူတို့က သူ့အား ဆိုးဆိုးဝါးဝါး ဒေါသ ထွက်လာအောင် လှောင်ပြောင် သရော်ခြင်းကို အရသာတွေ့နေကြဟန်တူသည်။
သူက မှန်ရေကန်ကို ကြည့်လိုက်ည်။ အကယ်၍ သူ့အကြည့်က ရေကန်ကို ဖြတ်သန်း၍ ရလျှင် ရှီယန်ကို အကြည့်တစ်ချက်နှင့် သတ်ဖြတ်နေပြီ ဖြစ်သည်။
ဆိုးတာက တုထျန်းကျင်သည် ဤရေကန်ကို အထူး ကျွမ်းကျင်သူများ ငှါးယမ်းကာ ဖန်းတီးခဲ့သည်။ ၎င်းက သူ့ဝိညာဉ် ထိုးဖောက် ဖြတ်ကျော်၍ မရလောက်အောင် ကြီးမားသောလျှို့ဝှက် ဆန်းကြယ်မှု တစ်ခု လျှို့ဝှက်ထားခဲ့သည်။
------
အမှောင် ကောင်းကင်ကြယ်…
“မဆိုးဘူး”
အမှောင်နတ်ဘုရား နိုင်ငံ၏ ဧကရာဇ် တုထျန်းကျင်က ခေါင်းညိတ်ရင်း မေးစေ့ကို ပွတ်သပ် လိုက်သည်။
“တကယ့်ကို မဆိုးလှဘူး”
သူက ဆက်ပြောလိုက်သည်။
ကျိယောင် ပျော်ရွှင်သွားသည်။
“သမီး အဖေကို ပြောသားပဲ။ ဒီလူက လျှို့ဝှက် လွန်းတယ်လို့။ သူကို ရှုံးနိမ့်အောင် လုပ်ဖို့မလွယ်ကူဘူး”
“သမီးက မိန်းကလေးဆိုပေမဲ့ စူးရှတဲ့ မျက်လုံးတွေ ရှိတယ်။ အဖေ သမီးအတွက် ဂုဏ်ယူပါတယ်” တုထျန်းကျင်က သူမကို နက်ရှိုင်းစွာ ကြည့်သည်။ အတန်ကြာ ကြည့်ပြီးနောက် သက်ပြင်းချကာ…
“ကံမကောင်းတာက သမီးဟာ ယောကျာ်း တစ်ယောက် မဟုတ်ဘူး။ မဟုတ်ရင် သမီးအတွက် အဖေမှာ ဒီလိုခေါင်းကိုက်စရာတွေ့ ရှိမှာ မဟုတ်ဘူး”
ကျိယောင်၏ နှလုံးသားကို ဝမ်းနည်း ပူဆွေးမှုများ ထိုးဖောက်သွားသည့်အလား မျက်နှာလေး ညှိုးသွားသည်။ သူမက ဘာမှ မပြောတော့ဘဲ သက်ပြင်းသာ ချလိုက်တော့သည်။
ဟုန်းဟုန်းတောက်လောင်နေသော မီးပင်လယ် အတွင်း၌…
အပူချိန်က မြင်သည်ထက် ပိုမြင့်လာသည်။ ပတ်ဝန်းကျင်ရှိ ရှေးဟောင်း သစ်ပင်များ လောင်ကျွမ်းကုန်သည်။ လောင်ကျွမ်းနေသော မီးလျှံများကာ လွန်စွာ လှပ၏။ မီးပင်လယ်၏ အလယ်တွင် ရှီယန် တည်တည်ငြိမ်ငြိမ်ပင် လှံတစ်စင်းလို ဖြောင့်မတ်စွာ ရပ်ရင်း ဟိုဟိုဒီဒီ ကြည့်ရှုနေသည်။
သစ်တောအမှောင်ထုအတွင်း၌ အကျဉ်းသား ရှစ်ယောက် ပုန်းနေသည်။ သူတို့အနက် တစ်ယောက်က နတ်ဘုရင် ဒုတိယ အဆင့် ဖြစ်သည်။ သူ့အသက် သံလိုက်စက်ကွင်းက အခြားသူများထက် ပိုသန်မာသည်။ ရှီယန်က သူ့သန့်စင်ခြင်း တံဆ်ိပ်တော်မှ အာရုံ ခံမိသည်။
ရှီယန် အလျင်စလို မလုပ်ရဲချေ။ နတ်ဘုရင် ပထမ အဆင့် သိုင်းသမား ခုနှစ်ယောက်နှင့် နတ်ဘုရင် ဒုတိယအဆင့် သိုင်းသမားတစ်ယောက် ရှိနေသည်။ သူက မောက်မာ ထောင်လွှားသည့်တိုင် ထိုအင်အားစုကို အနိုင်ရမည်ဟု ကံသေကံမ မပြောရဲပါ။ အထူးသဖြင့် ယခုလို တိုက်ပွဲပြီးခါစတွင် ဖြစ်သည်။ အာကသာပင်လယ်သား သုံးယောက်၏ကီအနှစ်သာရကို သန့်စင်ရန်အချိန် ယူရမည်။ အကယ်၍ ယခုအချိန်၌ သူ နောက်ထပ် တိုက်ပွဲတစ်ခု ရင်ဆိုင်ရလျှင် သူ့အတွက် ခက်ခဲလွန်းပေလိမ့်မည်။
ရှီယန် မောပန်း နွမ်းနယ်မှု အရိပ်အယောင်မျှပင် မပြသရဲပါ။
ထိုဆာလောင် မွတ်သိပ်နေသော ဝံပုလွေများက သူမောပန်းနေသည်ကို မြင်လျှင် တဟုန်ထိုး ပြေးဝင်လာကာ သူ့အား သတ်ဖြတ်ပေလိမ်မည်။ ပြီးလျှင် သူ့သန့်စင်ခြင်း တံဆိပ်တော်ကို ယူသွားပေလိမ့်မည်။
ထိုအခိုက် သူသည် မီးပင်လယ်ထဲတွင် တည်ငြိမ်စွာ တွေးတောနေသည်။ ရုတ်တရက် သူ ကောင်းကင်သို့ မော့ကြည့်ကာ အရူးအမူး ရယ်မောသည်။ နားစည်ကို ထိုးဖောက်လုမတတ် လေတိုးသံနှင့်အတူ သူက အရင်ဆုံး လှုပ်ရှားသည်။
သူ့ဘေးမှ မီးလျှံများ အစုလိုက် အပြုံးလိုက် ထိုးတက်လာသည်။ ၎င်းတို့က ကောင်းကင်မှ လောင်ကျွမ်း ကျဆင်းလာသော ဥက္ကခဲကဲ့သို့ ပုန်းအောင်းနေသော သိုင်းသမားများထံ စတင် ကျဆင်း တိုက်ခိုက်သည်။
“ဝုန်း ဝုန်း ဝုန်း”
မီးဘောလုံးများအဆက်မပြတ် ကျဆင်းလာသောအခါ ပုန်းအောင်းနေသော သိုင်းသမားများလည်း သူတို့၏ နတ်ဘုရားအသိကို ဖော်ထုတ်ကာ ဆုတ်ခွာကြရသည်။ အချို့က သူတို့၏ စွမ်းအင်ကို အသုံးပြုကာ ခုခံသည်။
“ဝှစ် ဝှစ် ဝှစ်”
တိုက်ပွဲ ကွင်းပြင်ထဲတွင် ကြမ်းတမ်းသော လေတိုးသံများက လူတွေ၏ နားစည်ကို စူးရှစွာ ရိုက်ခတ်နေသည်။
လေတိုးသံ၏ အရင်းအမြစ်ကို မည်သူမျှ မရှာဖွေနိုင်သော်လည်း အလွန်အမင်း စူးရှသော အားတစ်ခုကို ခံစားမိကြသည်။ မည်သူမျှ မသိလိုက်ခင်မှာပင် အရိုးလှံပျံ သုံးစင်းက လျှင်မြန်စွာရွေ့လျားသည်။ ဟင်းလင်းပြင် စွမ်းအင်နှင့်အတူ ၎င်းတို့က ပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ် လေတိုးသံမျှသာ ကျန်ရှိခဲ့သည်။
ပုန်းကွယ်နေသူများထဲမှ တစ်ယောက်၏ နတ်ဘုရားအသိစိတ်နယ်ပယ်က တိုက်ရိုက် ထိုးဖောက်ခံရသည်။
အရိုးလှံပျံတစ်စင်း ထွက်ပေါ်လာပြီး သူ့လည်မျိုတည့်တည့်သို့ ပျံသန်းလာသည်။
“ဘုန်း…”
ထိုလူ ပုန်းကွယ်နေရာနေရာမှ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ မျက်တောင်တစ်ခတ်အတွင်း ထိုလူ အပြင်သို့ တိုးထွက်လာရသည်။
သူသည် အမှောင်ဝိညာဉ်မျိုးနွယ် သိုင်းသမား တစ်ယောက် ဖြစ်ပြီး ဤနေရာတစ်ဝိုက်ရှိ ပုန်းကွယ်နေသူများကြားတွင် အမြင့်ဆုံး စွမ်းအင်အဆင့်ရှိသူ တစ်ယောက် ဖြစ်သည်။
နတ်ဘုရင် ဒုတိယအဆင့်…။
ဘုန်း ဘုန်း
အရိပ်ကွယ်ရာမှ အရိုးလှံပျံနှစ်စင်း ထပ်မံထွက်ပေါ်လာပြီး အပြင်းအထန် လိုက်လံ ထိုးစိုက်သည်။
အမှောင် ဝိညာဉ်မျိုးနွယ် ကျွမ်းကျင်သူက မဲ့ပြုံး ပြုံးလိုက်ပြီး လက်နှစ်ဖက်ဖြင့် လေထဲတွင် အကာအကွယ်နည်းစနစ်များ ဖန်းတီးလိုက်သည်။ အလင်းများ ပျံနှံ့သွားသည်။
အရိုးလှံပျံများနှင့် ထိုသူ ဖန်တီးလိုက်သော အကာအကွယ်လွှာ ထိတွေ့သောအခါ မီးရူးမီးပန်းများ ပစ်ဖောက်လိုက်သလို ပေါက်ကွဲသွားသည်။ မျက်စိကျိန်းလောက်အောင် တောက်ပ ၀င်းလက်သွားလေသည်။
ထိုသူ့လက်မှ လက်ဟန်သင်္ကေတများနှင့်  နည်းစနစ်များက အမှောင် ဝိညာဉ် ကလန်၏ အထူး သင်္ကေတများအဖြစ် ပြောင်းလဲသွားသည်။ သက်ရှိများကဲ့သို့ တွန့်လ်ိမ်ကာ ကြမ်းတမ်းသော အရိုးလှံပျံကို ဟန့်တားသည်။ သို့သော် သူ နောက်ဆုတ်လိုက်ရသည်။
ကြောက်မက်ဖွယ် မီးဘောလုံးများက အခြား ခုနှစ်ယောက်ဆီသို့ ပျံသန်းသွားသည်။ သူတို့က ဤတိုက်ပွဲကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် မဝံ့ရဲတော့ဘဲ အလျင်အမြန် နောက်ဆုတ်သွားကြသည်။
အမှောင်ဝိညာဉ်မျိုးနွယ် နတ်ဘုရင် ဒုတိယအဆင့် သိုင်းသမားက လက်ဟန်သင်္ကေတများ အဆက်မပြတ် ပြုလုပ်နေရသည်။ တစ္ဆေများကဲ့သို့ သူ့နောက်လိုက်လာသော အရိုးလှံများကို ပိတ်ဆို့တားဆီးနေရသည်။
သူ မည်မျှပင် ကြိုးစားသော်လည်း အရိုးလှံပျံများ၏ တိုက်ခိုက်မှုအောက်မှ မလွတ်မြောက်နိုင်ပါ။ချက်ချင်းဆိုသလို အရိုးလှံပျံများက ထင်မှတ်မထားသော ထောင့်တစ်နေရာမှ ပြန်ပေါ်လာကာ ထိုးစိုက်သည်။ ထို့ကြောင့် တစ်ဖက်ဘူက တဖြည်းဖြည်းနှင့် ခုခံရန်ပင် ခက်ခက်ခဲခဲ ရုန်းကန်နေရ၏။
အချိန်တို အတွင်းမှာပင် ထိုလူက ရှီယန်နှင့် အဝေးကြီးသို့ ရောက်ရှိသွားသည်။ ပြီးနောက် နှာခေါင်းတစ်ချက်ရှုတ်ကာ အဝေးသို့ ထွက်ပြေးသွားလေတော့သည်။
နတ်ဘုရင် ဒုတိယအဆင့်ကိုယ်တိုင် ထွက်ပြေးသွားသည်ကို အခြား ခုနှစ်ယောက် မြင်သောအခါ သူတို့က စဉ်းစားမနေတော့ဘဲ အသက် ရှင်သန်ရေးအတွက် ချက်ချင်း ထွက်ပြေးလေတော့သည်။
မျက်တောင်တစ်ခတ်အတွင်း ရှီယန် အနီးတွင် ပုန်းကွယ်နေသူ တစ်ယောက်မှ မရှိတော့ပါ။
ထိုအခိုက်၌ သူ့နဖူးမှ ချွေးသီးများ စတင် ကျဆင်းလာသည်။ သူ့တင်းမာမှုကို လျော့ချလိုက်သည်။ သူက ဆေးဝါးများကို လျင်မြန်စွာ အသုံးပြုကာ သူ့အခြေအနေကို ပြန်လည် ထိန်းညှိသည်။
နတ်ဘုရင် ဒုတိယအဆင့် ကျွမ်းကျင်သူက အမှန်တကယ် သန်မာလွန်းသည်။ ရှီယန်က အရိုးလှံပျံ သုံးစင်နှင့်အတူ ဟင်းလင်းပြင်စွမ်းအင်ကို အသုံး ပြုခဲ့သည်။ သို့တိုင်ထိုသူ၏နတ်ဘုရား နယ်ပယ်ကိုသာ ထိုးဖောက်နိုင်ခဲ့ပြီး ထိုသူ၏ နတ်ဘုရားခန္ဓာကို မထိခိုက်စေနိုင်ခဲ့ပါ။
ရှီယန်က သူ့တိုက်ခိုက်မှုတွင် လေဟာနယ် စွမ်းအင် အသိ အားလုံးကို အသုံးချကာ အကောင်းဆုံး ကြိုးစားခဲ့သည်။ သူက အရိုးလှံပျံထဲတွင် ကြယ်စွမ်းအင်ကိုပါ ပေါင်းထည့်ခဲ့သည်။ သို့တိုင် ၎င်းက ပြိုင်ဘက်ကို ခြောက်လှန့်ရုံမျှသာ လုံလောက်ပြီး ထိခိုက်ဒဏ်ရာရစေရန် မတတ်နိုင်ခဲ့ချေ။
ထိုကျွမ်းကျင်သူသည် ရှီယန်၏ အစစ်မှန် တိုက်ခိုက်ရေး စွမ်းရည်ကို မခန့်မှန်းနိုင်သောကြောင့် နောက်ဆုတ်သွားခြင်း ဖြစ်သည်။ ထိုလူသည် သူနှင့် တိုက်ခိုက်ရမည်ကို ကြောက်ရွံ့နေသည်။ အမှန်တကယ် တိုက်ခိုက်လျှင် သူတို့ နှစ်ယောက်လုံး ဒဏ်ရာ ကြီးကြီးမားမား ရရှိပေမည်။ ယင်းကား အခြား အကျဉ်းသား ခုနှစ်ယောက်အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။ အဆုံးသတ်တွင် သူက သန့်စင်ခြင်း တံဆိပ်တော်ကို မရရှိဘဲ အခန့်မသင့်လျှင် သေဆုံးသွားနိုင်ပေသည်။
အကယ်၍ သည်နေရာတွင် လူအများအပြား ပုန်းကွယ်နေခြင်း မရှိလျှင် အမှောင် ဝိညာဉ်မျိုးနွယ် ကျွမ်းကျင်သူက သူ့အား အလွယ်တကူ အရှုံးပေမည် မဟုတ်မှန်း ရှီယန် နားလည်သည်။ သူသည် အရာရာတိုင်းကို အသုံးပြုကာ ရှီယန်အား သတ်ဖြတ်ပေလိမ့်မည်။
ရှီယန်၏ အဆင့်ကျော် တိုက်ခိုက်မှု စွမ်းရည်က ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုသော အခြားသူများကိုကြောက်ရွံ့ကာ ထွက်ပြေးစေသည်။ ထို့ကြောင့်သူကိုယ်တိုင်လဲ ဆက်နေလို့ မဖြစ်တော့ပါ။
အသန်မာဆုံးသူကို တိုက်ခိုက်ရန် ရွေးချယ်ခြင်းက အကောင်းဆုံး ခြိမ်းခြောက်မှုကို ဖြစ်စေခဲ့သည်။
သူ ဥာဏ်ဆင်ခဲ့သည့်အတိုင်းပင် အားလုံး ဖြစ်ပျက်သွားခဲ့သည်။
သူသည် စွမ်းအင် အများအပြား အသုံးပြုခဲ့သည့်တိုင် မည်သူမျှ သူ့အနားတွင် မနေရဲတော့ပါ။ သူ ယူဆချက်က မှန်ကန်ခဲ့သည်။ ရှီယန်သည် သူတို့နှင့် ရင်ဆိုင်ရန် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်လေသည်။
အကယ်၍ သူသည် နတ်ဘုရင် ပထမ အဆင့် စစ်သည်တော်ကို တိုက်ခိုက်ရန် ရွှေးချယ်လျှင် သူ့ဆန္ဒအတိုင်း ရလဒ် ထွက်လာမည် မဟုတ်ပါ။ သူ ကြောက်မက်ဖွယ် အကျိုးသက်ရောက်မှုကို ဖန်းတီးနိုင်မည် မဟုတ်ပါ။ ထိုအစား နတ်ဘုရင် ဒုတိယအဆင့် ကျွမ်းကျင်သူက သူ့အား တစ်ချက်တည်းနှင့် သတ်ဖြတ်သွားပေလိမ့်မည်။ အဆုံးသတ်တွင် သူ ဤနေရာ၌ သနားစဖွယ် သေဆုံးသွားပေမည်။
“ထွက်ခဲ့ကြပါ…ဆယ်မိုင် ပတ်လည်ကို စောင့်ကြည့်ထားလိုက်။ ဘယ်လို သတ္တဝါပဲ ချဉ်းကပ်လာပါစေ…ငါ့ကို ချက်ချင်း အကြောင်းကြားပါ”
သူ့ဝိညာဉ် အသိက သန့်စင်ခြင်း တံဆိပ်တော်ထဲတွင် အာရုံခံလိုက်သည်။ သူက ကောင်းကင် မီးလျှံများကို ယတိပြတ် အမိန့်ပေးလိုက်သည်။ မီးပင်လယ်ထဲမှ ကောင်းကင် မီးလျှံအားလုံး ပျံသန်းသွားသောအခါ သူသည်လည်း ပို၍ အန္တရယ်များပြီး သီးခြား ဖြစ်တည်နေသော ဧရိယာသို့ ချက်ချင်း အရူးအမူး ပျံသန်းသွားတော့သည်။
အချိန်တို အတွင်းမှာပင် လီအိုနာနှင့် အခြားသူများ၏ စူးစိုက်ရာမြင်ကွင်းမှ သူ့ပုံရိပ် ပျောက်ကွယ်သွား သည်။ မှန်ရေကန်က သူ့ပုံရိပ်ကို မဖော်ပြတော့ပါ။
“ဉာဏ် အရမ်းကောင်းတယ်။ သူက တိုက်ပွဲ အတွေ့အကြုံ များလိမ့်မယ်။ အခုလို အကျပ်အတည်းနဲ့ တွေ့တာတောင် တည်ငြိမ်နေနိုင်တယ်။ တကယ့်ကောင်ပဲ…”
အမှောင်နတ်ဘုရားနိုင်ငံ၏ ဘုရင်မင်းမြတ်က ရုတ်တရက် ရယ်မောသည်။ သူက ခေါင်းညိတ်ရင်း…
“သူက တကယ်ကို မဆိုးဘူး။ အိုကဲရာထက် မနိမ့်ကျဘူး။သူနဲ့ အိုကဲရာ ကြားမှာ တိုက်ပွဲ တစ်ပွဲ ရှိဖို့ ငါ မျှော်လင့်တယ်။ ဒါက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်လို့ ငါ ထင်တယ်”
ကျိယောင်၏ မျက်နှာက မဲ့သွားသည်။ သူမ မျက်ဝန်းထဲတွင် ပူဆွေးမှု အရိပ်ယောင်များ လဲ့ဖြာလာသည်။
အိုကဲရာနှင့် ရှီယန်သည် သူမ၏ လူများဖြစ်ကြသည်။ ဘယ်သူ နိုင်နိုင် ရှုံးရှုံး ကိစ္စမရှိပါ။
တကယ်ဆုံးရှုံးရမည့်သူက သူမသာဖြစ်သည်။
----- ----- ------ ----- ------- ----- ------ ------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)حيث تعيش القصص. اكتشف الآن