763

523 73 0
                                    

Chapter 763: မိစ္ဆာသွေးခန္ဓာ သွန်းလောင်းခြင်း
မှောင်မိုက်သော အချုပ်ခန်းထဲတွင် ရှီယန် သူ့လက်ကိုပင် သူမမြင်နိုင်ပါ။
သူက နေရာတွင်ပင် လဲလျောင်းနေရင်း သူ့စိတ်ဝိညာဉ်ကို ဖြေလျှော့ထားကာ သူ့ခန္ဓာကိုယ်တွင် ဘာတွေပြောင်းလဲနေလဲ သတိထားအာရုံပြုနေသည်။
သူ့ သွေးကြောထဲတွင် သေခြင်းမဲ့မိစ္ဆာမျိုးနွယ်သွေးစက် တစ်စက် ပြိုကွဲသွားသည်။
သွေးနီရောင်အ၀န်းအဝိုင်းက တဖြည်းဖြည်း ချဲ့ကားလာရင်း သူ့ အရိုးများအထိ ပြန်လည်ကုစားခြင်းစွမ်းအင်များ ပြည့်လျှမ်းလာစေသည်။
သွေးတစ်စက် ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်သည် အင်မော်တယ်သိုင်းဝိညာဉ်နှင့် သေခြင်းမဲ့ မိစ္ဆာမျိုးနွယ်သွေးစက်အပေါ်တွင် မူတည်သည်။
သူ့မှာ သေခြင်းမဲ့မိစ္ဆာမျိုးနွယ် သွေးစက်များ ရှိနေသ၍ ပြန်လည်ကုစားမှုနှုန်းက လျှင်မြန်သည်။
သေခြင်းမဲ့ မိစ္ဆာမျိုးနွယ်သွေးစက် ဆယ်စက်မက စီးဆင်းသွားပြီးနောက် သူ့ နှလုံးခုန်နှုန်း တစ်ကြိမ်နှင့်အတူ သွေးတစ်ကြိမ်လည်ပတ်တိုင်း သူ့ခန္ဓာကိုယ် ပျက်စီးမှုများက တစ်စထက် တစ်စ ပိုမို ကောင်းမွန်လာသည်။
ပြန်လည်ကောင်းမွန်လာသော သူ့ သွေးကြော တစ်ခုချင်းစီက မူလကထက် အဆပေါင်းများစွာ သန်မာလာကြသည်။
သွေးနီရောင် အလင်းဖျော့ဖျော့က ဟောင်းလောင်းပွင့်နေသော သူ့ဒဏ်ရာများတွင် လူးလာခေါက်တုံ့ ရွေ့လျားနေသည်။
သူ၏ ပြတ်တောက်သွားသော သွေးကြောများ အရိုးများ အရေများ ပြန်လည်ချိတ်ဆက်လာကြသည်။
ကြေမွသွားသော သူ့အရိုးများက သေခြင်းမဲ့မိစ္ဆာမျိုးနွယ်သွေးစက်၏ အစွမ်းသတ္တိအောက်တွင် ပြန်အသစ်ပေါက်လာကြသည်။ထူထဲမာကြောသော အရိုးအသစ်များအဖြစ် ပြောင်းလဲသွားသည်။
သူ့ ရှေးဟောင်းကီသစ်ပင်မှ သန့်စင်သော ကီစွမ်းအင်များသည်လည်း အရိုးများအတွင်း ပေါင်းစည်းသွားပြီး သံတုံးသံခဲကဲ့သို့ မာကြောလာစေသည်။
အတုံးလိုက် အတစ်လိုက် ပြတ်ထွက်သွားသော ကြွက်သားစိုင်များနေရာတွင် သွေးရည်ကြည်များ ဖွဲ့တည်လာပြီးနောက် သွေးနီရောင်အလင်းက လွှမ်းခြုံသွားသောအခါ ကြွက်သားမျှင် အသစ်များ တစ်မျှင်ချင်း ဖွံ့ဖြိုးဆက်တွယ်လာကြသည်။
ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေရင်း သူက ဘာကိုမှ မစဉ်းစားပဲ စိတ်နှင့်ဝိညာဉ်ကို ဖြေလျှော့ထားသည်။ သေခြင်းမဲ့မိစ္ဆာမျိုးနွယ်သွေးစက်နှင့် အင်မော်တယ်သိုင်းဝိညာဉ်တို့ သူ့အလုပ်သူလုပ်ရန် လွှတ်ပေးထားသည်။
ယခုအချိန်တွင် တစ်စုံတစ်ယောက် ၀င်လာခဲ့ပါလျှင် မှိန်ဖျော့ဖျော့ သွေးရောင်အလင်းဖြင့် ဖုံးအုပ်နေသောသူ့ခန္ဓာကိုယ်ကို မြင်ရမည်ဖြစ်သည်။
မြွေငယ်များသဖွယ် တွန့်လ်ိမ်ယှက်နွယ်နေကြသော အကြောများ ကြွက်သားမျှင်များကိုမြင်ရမည်ဖြစ်သည်။
သူ့အရိုးများမှ ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်နေသည်။
သူ့ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းသည် အသက်ဓါတ်ဖြင့် ပြည့်လျှမ်းလို့နေသည်။
အင်မော်တယ်သွေးတစ်စက် ခန္ဓာကိုယ်တည်ဆောက်ခြင်းဖြစ်စဉ်၏ စဉ်ဆက်မပြတ် နာကျင်မှုကြောင့် ရှီယန် တဖြည်းဖြည်းနှင့် မိန်းမောလို့သွားခဲ့သည်။
အချိန်မည်မျှ ကြာသွားသည်မသိ။
ရှီယန် တဖြည်းဖြည်း ပြန်လည်နိုးထလာသည်။
သူ ချက်ခြင်း ခံစားမိသည်က အလွန်အားနည်းနေခြင်းဖြစ်၏။
သူက ဖြူဖတ်ဖြူလျော်ဖြစ်နေသည်။သို့သော် အမှောင်ထဲတွင် သူ့မျက်လုံးများကို ဖွင့်လိုက်ချိန် ထူးဆန်းသော အပြုံးတစ်ခုလည်း သူ့မျက်နှာတွင် ဖြစ်ပေါ်လာသည်။
မရဏအမှောင်ပေါက်ကွဲမှု၏ အညှာအတာကင်းမဲ့သော စွမ်းအင်က လီအိုနာ၏ စစ်သင်္ဘောတစ်စင်းကိုပင် တစစီဖြစ်သွားစေခဲ့သည်။
ရာနှင့်ချီသော စစ်သည်တော်များ နေရာတွင်ပင် သေဆုံးသွားကြသည်။
အနည်းဆုံး နတ်ဘုရင်အဆင့် ကျွမ်းကျင်သူ ဆယ်ယောက်ထက်မနည်း အပါအ၀င်ဖြစ်၏။
သူတို့က မလွတ်မြောက်နိုင်ခဲ့ပဲ ခန္ဓာကိုယ် ပျက်သုဉ်းသွားက ဝိညာဉ်ယဇ်ပလ္လင်သက်သက်သာ ကျန်နေရစ်ခဲ့ရသည်။
လီအိုနာ၏ လက်ပါးစေသည် သူ့ကို ပေါက်ကွဲမှု ဗဟိုဆီ ဆွဲခေါ်လာသောအခါ သေဆုံးပြီး စစ်သည်တော်များထံမှ ကီအနှစ်သာရများက သူ့ မရီဒျန်များဆီ အလိုအလျောက် စီး၀င်နေခဲ့သည်။
ရှီယန်က လီအိုနာနှင့် စကားပြောနေစဉ်တွင်ပင် ထိုဖြစ်စဉ် ဖြစ်ပွားနေခဲ့သည်။
ထိုစွမ်းအင်စီးကြောင်းများ သူ့ခန္ဓာကိုယ်အတွင်း စီး၀င်ပုံက လျှို့ဝှက်ပြီး မှော်ဆန်လှသောကြောင့် မူလနတ်ဘုရားအဆင့်ဖြစ်သော လီအိုနာလို ကျွမ်းကျင်သူပင် သတိမပြုမိခဲ့ချေ။
အမှောင်နတ်ဘုရားနိုင်ငံတော်၏ အမတ်ချုပ်ကြီးငါးဦးတွင် တစ်ဦးအပါအ၀င်ဖြစ်သော လီအိုနာသည် ရှီယန်၏ သွေးအလိမ်းလိမ်း ခန္ဓာကိုယ်တွင် ဘာတွေဖြစ်နေမှန်း မထောက်လှမ်းမိခဲ့ပါ။
သူ၏ ခုနှစ်ရာ့နှစ်ဆယ်သော မရီဒျန်များထဲတွင် စွမ်းအင်များ ပေါများကြွယ်၀စွာ တလိမ့်လိမ့်တက်လာနေသည်။
၀ိညာဉ်အသိကို သုံးပြီး ရှီယန် အာရုံခံကြည့်လိုက်သောအခါ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်ဝဲကတော့များ သူ့သွေးကြောကွက်များအတွင်း ကျယ်ပြန့်စွာ လည်ပတ်နေသည်ကို ခံစားမိလိုက်သည်။
ထိုကြီးမားသော ပြောင်းလဲမှုနှင့်အတူ ပျက်သုဉ်းခြင်းစွမ်းအင်များသည်လည်း အဆက်မပြတ်တိုးပွားလာနေသည်။
သူ၏ မရီဒျန်များမှ စွမ်းအင်စီးကြောင်းများ စီးထွက်သွားတိုင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးအတွက် အလွန်အသုံး၀င်သော စွမ်းအင် အထောက်အပံ့များ ဖြစ်လာသည်။
သူ၏ ခုနှစ်ရာ့နှစ်ဆယ်သော မရီဒျန်များသည် လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာများဖြစ်နေသည်ဟု ရှီယန် ခံစားရသည်။
သူတို့က သေဆုံးသွားသူတို့ထံမှ ကီအဆီအနှစ်များကို စုပ်ယူသန့်စင်ကာ လျှို့ဝှက်ဆန်းကြယ်ပြီး အံ့သြမင်သက်ဖွယ် စွမ်းအင်များအဖြစ် ပြောင်းလဲပေးသည်။
သူက ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေဆဲဖြစ်သည်။
သို့သော်လည်း သူ၏ သွေးကြောကွက်များမှ ကြီးကျယ်သောအပြောင်းအလဲများကို သူခံစားနိုင်သည်။
ထို ကမ္ဘာငယ်လေး တစ်ခုချင်းစီသည် သူ့ အသိစိတ် အပိုများဖြစ်လာကာ သူ့ ဝိညာဉ်ဖြင့် ထိန်းချုပ်နိုင်သော ကမ္ဘာအသစ်များဖြစ်လာသည်။
ခုနှစ်ရာ့နှစ်ဆယ်သော ကမ္ဘာအသစ်များသည် သူ၏ သွေးကြောကွက်များအတွင်း ပုန်းကွယ်နေပြီး သူ၏ စွမ်းအင်အရင်းအမြစ်အဖြစ် လည်ပတ်နေကြသည်။
စစ်ထုတ်သန့်စင်ခြင်းဖြစ်စဉ်မှ ထွက်ပေါ်လာသော ပျက်သုဉ်းခြင်းစွမ်းအင်များကတော့ အဆက်မပြတ် တိုးပွားလာနေဆဲဖြစ်သည်။
သူ့ ဝိညာဉ်အသိက မရီဒျန်များအတွင်း ရွေ့လျားသွားချိန် စိတ်ထင်ယောင်ထင်မှားဖြစ်မှုတစ်ခု ဖြစ်ပေါ်လာသည်။
သူက ခုနှစ်ရာ့နှစ်ဆယ်သော ကမ္ဘာတို့၏ အရှင်သခင်ဖြစ်ပြီး အရာရာတိုင်းကို သူ့လက်ထဲတွင် ထိန်းချုပ်ထားသည်။
သူ့ မရီဒျန် ကမ္ဘာငယ် ခုနှစ်ရာ့နှစ်ဆယ်ကိုပင် အစစ်အမှန်များဟု ထင်မြင်လာသည်။
သူတို့အားလုံးသည် ရှီယန်၏ ရှာဖွေဖော်ထုတ်မှု၊ ခံစားမှုနှင့် သူတို့သယ်ဆောင်ထားသော မှော်စွမ်းအင်များအား ရှီယန် ရိပ်သိမ်းမှုတို့ကို ငံ့လင့်နေကြသည်။
ထူထပ်သော ပျက်သုဉ်းခြင်း ခံစားချက်များသည်လည်း သူ့နှလုံးသားထဲတွင် ဖိစီးလာသည်။
ကြမ်းကြုတ်သော၊ စိတ်ပျက်သော၊ ကြောက်ရွံ့သော၊သွေးဆာသော၊ယူကြုံးမရသော ခံစားချက်များသည် သူ့ဝိညာဉ်ကို ဆွဲယူနေသော ခြောက်နက်ကြီးသဖွယ်။
သူ့ကို ရူးသွပ်ခြင်းဆီသို့ တွန်းပို့နေကြသည်။
သူက ထိုဖြစ်စဉ်ကို ယခင်ကလည်း ကြုံတွေ့ဖူးလှပြီမို့ အသက်အောင့်ကာ အတွေးမလွန်စေရန် ထိန်းချုပ်သည်။
၀ိညာဉ်ယဇ်ပလ္လင်ကို ကြည်လင်ပြီး တည်ငြိမ်နေအောင် ကြိုးစားနေသည်။
အေးစိမ့်ရေခဲမီးလျှံထံမှ အေးစက်သော ရေခဲလေစီးကြောင်းက တိတ်တဆိတ် ချဲ့ကားလာသည်။
ရေခဲတမျှအေးစက်သော လေစီးကြောင်းက ရှီယန်၏ နတ်ဘုရားဝိညာဉ်ကို လွှမ်းခြုံသွားသည်။
ပျက်သုဉ်းခြင်းခံစားချက်များကြောင့် တုန်ခါနေသော သူ့ အသိစိတ်က တဖြည်းဖြည်း ငြိမ်ကျလာသည်။
သူ့ ရက်စက်ကြမ်းကြုတ်သော အတွေးအခေါ်များအားလုံး အေးခဲခြင်းခံရသကဲ့သို့ဖြစ်ပြီး သူ့ကို မကောင်းဆိုးရွား စိတ်ဆန္ဒအခြေအနေသို့ ကျရောက်ခြင်းမှ အကာအကွယ်ပေးသွားခဲ့သည်။
သူ့အသိစိတ်ပင်လယ်ထဲမှ ဝိညာဉ်အသိ စီးကြောင်းများသည်လည်း ကောင်းကင်မီးလျှံ၏ အကူအညီကြောင့် ပိုမိုတည်ငြိမ်ကာ သန့်စင်လာခဲ့သည်။
ရှီယန်၏ နတ်ဘုရားဝိညာဉ်က တုန်ခါနေသည်။
သူ့ ဝိညာဉ်ယဇ်ပလ္လင်က စတင်လည်ပတ်လာပြီး လေပွေမုန်တိုင်းတစ်ခုကဲ့သို့ တဖြည်းဖြည်း အရှိန်မြင့်လာသည်။
သူ့ စွမ်းအင်ယဇ်ပလ္လင်မှ သေခြင်းရှင်ခြင်း၊ဟင်းလင်းပြင်နှင့်၊ကြယ်တာရာဥာဏ်အလင်းများသည် သီးခြားစီ ခွဲခြားဖြစ်ထုတ်ပြထားသလိုမျိုး ဖြစ်လာသည်။
သူ့ အသိစိတ်ပင်လယ်နှင့် ဆန်းကြယ်သော ချိတ်ဆက်မှုများ အလိုအလျောက်ဖြစ်ပေါ်လာပြီးနောက်တွင်တော့ သူ၏ နတ်ဘုရားဝိညာဉ်သည် ရုတ်တရက် အရာအားလုံးကို ပိုမိုနက်ရှိုင်းသော အဆင့်တစ်ခုအထိ ထိုးထွင်းသိမြင်လာတော့သည်။
ထိုအခိုက်အတန့်တွင် ရှီယန်က သူ့ကိုယ်သူပင် သတိမရတော့ချေ။
သူ့ နတ်ဘုရားဝိညာဉ်က အဆုံးအစမဲ့သော စွမ်းအင်ပင်လယ်ကြီးထဲတွင် ဟိုမှဒီ လူးလာခေါက်တုံ့ ကူးသန်းနေရင်း ကောင်းကင်နှင့်မြေကြီး၏ မတူကွဲပြားသော စွမ်းအင်များကို လေ့လာဆင်ခြင်နေတော့သည်။
ထိုသို့ သူ မိန်းမောနေစဉ်တွင် သူ့ခန္ဓာကိုယ်၏ ပြန်လည်ကုစားခြင်း အမြန်နှုန်းက သာမန်မျက်စိဖြင့် သိသိသာသာပင် မြင်တွေ့နိုင်လောက်အောင် မြန်ဆန်လာသည်။
သူ့တစ်ကိုယ်လုံးရှိ သွေးကြောများက တွန့်လိမ်လှုပ်ရှားနေကြသည်။
တစ်ခုနှင့်တစ်ခု ပေါင်းစည်းချိတ်ဆက်ကာ သူ့ခန္ဓာကိုယ်ပေါ်တွင် ရှုပ်ထွေးသော ဆွဲသားချက်များကဲ့သို့ ဖြစ်ပေါ်လာသည်။
ကြွက်သားစိုင်များ တစ်ခုချင်းစီတွင် ဆန်းကြယ်သော စွမ်းအင်များဖြင့် ပြည့်တင်းလာသောကြောင့် ရှီယန့် ခန္ဓာကိုယ်က မူလကထက်ပင် ပိုမို ထွားကြိုင်းလာခဲ့သည်။
သူ့ ခန္ဓာကိုယ်က သံမဏိတုံးတစ်တုံးကို အချိုးအစားကျနစွာ ထုဆစ်ထားသလိုမျိုး မာကျောဖုထစ်နေသည်။
အရိုးများမှ ဂျိုးဂျိုးဂျွတ်ဂျွတ်မည်သံများနှင့်အတူ သူ့ မွှေးညှင်းပေါက်များမှတဆင့် မည်းညစ်ပျစ်ချွဲသောအရည်များ စီးကျလာသည်။
ဒါတွေက သူ့ခန္ဓာကိုယ်မှ စစ်ထုတ်လိုက်သော အညစ်အကြေးများပင်ဖြစ်၏။
သိုင်းသမားတစ်ဦးက အဆင့် ချိုးဖျက်တက်ရောက်ရန်အတွက် ကီစွမ်းအင် ပမာဏ အများအပြားလိုအပ်သည်။
၄င်းတို့ကို ကောင်းကင်နှင့်မြေကြီး၏ သဘာ၀စွမ်းအင်များမှ စုပ်ယူခြင်းဖြင့်လည်းကောင်း၊ ကီသလင်းတုံးများ၊ မိစ္ဆာအမြုတေများမှ စုပ်ယူခြင်းဖြင့်လည်းကောင်း ရရှိနိုင်သည်။
၀ိညာဉ်ဆေးပင်ဆေးမြစ်များမှ အထူးဖော်စပ်ထားသော ဆေးလုံးများမှလည်း ရရှိနိုင်သည်။
မည်သို့ပင်ဖြစ်စေ စွမ်းအင်စုပ်ယူချိန်တွင် ညစ်ညမ်းမှုအချို့တော့ ပါ၀င်လာစမြဲဖြစ်သည်။
စစ်ထုတ်မထားသော ရေကဲ့သို့ အမှန်တကယ် သန့်စင်ခြင်းမရှိခဲ့ပါ။
သိုင်းသမားတစ်ယောက်သည် သူ့ ခန္ဓာကိုယ်ကို ကျင့်ကြံချင်သောအခါတွင်တော့ သန့်ရှင်းစင်ကြယ်စေရန်အတွက် ထိုသို့သော အညစ်အကြေးများကို စွန့်ထုတ်ပစ်ရန်လိုအပ်လာသည်။
ရေစီးကြောင်းတွင် အမှိုက်များ အနယ်များ ပိတ်နေလျှင် ကောင်းမွန်စွာ မစီးဆင်းနိုင်သကဲ့သို့ ခန္ဓာကိုယ်တွင်းရှိ ထိုအညစ်အကြေးများသည်လည်း စွမ်းအင်စီးဆင်းလည်ပတ်မှုကို အနှောက်အယှက်ပြုနိုင်သည်။
ခန္ဓာကိုယ်သန့်စင်ခြင်း၏ အဓိကကျသော လုပ်ငန်းစဉ်မှာ အညစ်အကြေးနှင့် မသန့်ရှင်းမှုများကို စစ်ထုတ်ပစ်ရန်ဖြစ်၏။
သွေးတစ်စက် ပြန်လည်မွေးဖွားခြင်း နည်းစနစ်သည်လည်း ခန္ဓာကိုယ် သန့်စင်ခြင်းနည်းစနစ်ဖြစ်သောကြောင့် အခြေခံသဘောတရားအရ ခန္ဓာကိုယ်မှ အညစ်အကြေးများကို ဖယ်ရှားနေခြင်းဖြစ်လေသည်။
သို့သော်လည်း သိုင်းသမားတစ်ယောက်အနေဖြင့် အဆင့် ချိုးဖျက်တက်ရောက်ပြီးသွားလျှင် ပိုမိုများပြားသော ကီစွမ်းအင် ပမာဏများ လိုအပ်ပြန်ဦးမည်ဖြစ်သည်။
ထိုအခါ ကီစုဆောင်းရင်းဖြင့် နောက်ထပ် အညစ်အကြေးများ စုပုံလာပြန်သည်။
ထိုသို့ဖြင့် သိုင်းသမားတစ်ယောက်သည် စွမ်းအင်ကျင့်ကြံရန် အရေးကြီးသလိုမျိုး အညစ်အကြေး စွန့်ထုတ်ရန်ကလဲ မဖြစ်မနေ လုပ်ဆောင်ရမည့် ဖြစ်စဉ်ပင်ဖြစ်သည်။
ဒါမှ ခန္ဓာကိုယ်နှင့် စွမ်းအင်အဆင့် လိုက်လျောညီထွေရှိကာ လျှင်မြန်စွာ အဆင့်မြင့်မားလာနိုင်ပေလိမ့်မည်။
သူ သတိမပြုမိစဉ်မှာပင် သွေးတစ်စက်ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဆေးကြောပေးသွားခဲ့သည်။
တဖန် စွမ်းအင်ယိုစိမ့်မှုကို လျှော့ချကာ ပြင်ပသို့ စွမ်းအင်များ အလိုအလျောက် စီးမထွက်နိုင်ရန် ကာကွယ်ပေးခဲ့သည်။
မှောင်မည်းနေသော အချုပ်ခန်းအတွင်း…
ရှီယန် တိတ်ဆိတ်စွာ လဲလျောင်းနေသည်။
သူက မှော်ဆန်သော စွမ်းအင်ဥာဏ်အလင်းများကို လေ့လာဆင်ခြင်နေချိန်တွင် သူ့ ခံစားချက်များက ဗလာကျင်းလျှက်ရှိသည်။
သူ့ခန္ဓာကိုယ်က အကောင်းပကတိအတိုင်း ပြန်လည်ပြည့်၀လာခဲ့သည်။
သူ့ မရီဒျန်များမှ သန့်စင်ပြီး စွမ်းအင်များက သူ့စိတ်ရောကိုယ်ရော ကြီးမားသော အကျိုးဖြစ်ထွန်းစေသည်။
သူ့ခန္ဓာကိုယ်ထဲတွင် ပြည့်လျှမ်းနေခဲ့သော လျှို့ဝှက်ဆန်းကြယ်စွမ်းအင်က သူ့ကို အားပြန်ဖြည့်ပေးရုံမက သူ့ခန္ဓာကိုယ်ကိုပါ သန့်စင်ပေးသွားခဲ့သည်။
သူ့ နှလုံးသားထဲတွင် ပျက်သုဉ်းခြင်းခံစားချက်များ ပြည့်နှက်လာနေသော်လည်း စွမ်းအင်ဥာဏ်အလင်းအပိုင်းအစများကို ဖမ်းဆုပ်မိထားသော သူ၏နတ်ဘုရားဝိညာဉ်က အရာအားလုံးကို မေ့လျော့နေခဲ့သည်။
ဒီတစ်ကြိမ်တော့ စွမ်းအင်အမြောက်အမြားနှင့် ခန္ဓာကိုယ် အကျိုးရှိခဲ့သော်လည်း ဝိညာဉ်စွမ်းအင်ကတော့ တိုးတက်မှုမရှိခဲ့ပါ။
အမှောင်ကလန်၏ ယင်ဝိညာဉ်နှင့် တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းတွင် ရရှိလာသော တွင်းနက်ကြီးက သူ၏ လျှို့ဝှက်ဆန်းကြယ်သော သိုင်းဝိညာဉ်နှင့်လည်း ဆက်စပ်ပတ်သက်နေဟန်ရသည်။
လုပ်ဆောင်မှုလည်း တူညီလုနီးပါးဖြစ်သည်။
တစ်ခုတည်းသော ကွဲပြားခြားနားချက်က လျှို့ဝှက်ဆန်းကြယ်သော သိုင်းဝိညာဉ်သည် လူသေများထံမှ ကီစွမ်းအင်ကို စုပ်ယူသန့်စင်ပေးခြင်းဖြစ်ပြီး သူ့ ဝိညာဉ်ယဇ်ပလ္လင်ရှိ တွင်းနက်ကြီးကတော့ ဝိညာဉ်စွမ်းအင်များကို စုပ်ယူ စစ်ထုတ်ပေးခြင်းဖြစ်နေသည်။
မည်သို့ပင်ဖြစ်စေ နှစ်ခုစလုံး ရှီယန့်ကို အကြီးအကျယ် ကောင်းကျိုးပြုခဲ့သည်သာဖြစ်၏။
ပိန်းပိတ်အောင် မှောင်မည်းနေသော အချုပ်ခန်းအတွင်းတွင် ရှီယန် လဲလျောင်းနေသည်။
သူ့ကို မည်သူမျှ လာမရှုပ်ကြသလို သူဘာလုပ်နေသလဲလည်း ဘယ်သူမှ လာမကြည့်ကြချေ။
ယခုအချိန်တွင် သူက အမေ့ခံထားရပြီးဖြစ်ဟန်တူသည်။
ရှီယန့်စိတ်တွေက ဗလာဖြစ်နေသောကြောင့် သူ့ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကိုလည်း မသိနိုင်ပါ။
ထိုအချိန်တွင် အမှောင်တစ်၀က် ရောနှောနေသော အရိပ်တစ်ခု သူ့ အချုပ်ခန်းနံဘေးတွင် ထွက်ပေါ်လာသည်။
အစိမ်းရောင်မျက်၀န်းအစုံက သူ့ကို စိုက်ကြည့်လို့နေ၏။
ဘာစကားမှလည်းမပြော။ ဘာမှလဲ မလုပ်ပဲ အမှောင်ထုကိုယ်တိုင်၏ အစိတ်အပိုင်းတစ်ခုကဲ့သို့ တိတ်ဆိတ်စွာ …။
----- ----- ----- ----- ----- ----- ----- -----

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Onde histórias criam vida. Descubra agora