791

528 73 0
                                    

Chapter 791: တိတ်ဆိတ်စွာ ပျောက်ကွယ်သွားသည်
အကယ်၍သာ သိုင်းသမားတစ်ယောက်သည် အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေတွင် ဘာမှစိုးရိမ်စရာမလိုပဲ ကျင့်ကြံနိုင်ပါက နေ့စဉ်နေ့တိုင်း သဘာ၀တရား၏ လျှို့ဝှက်ချက်များကို အသစ် အသစ် ဆင်ခြင်နားလည်နေမည်ဖြစ်သည်။
မည်မျှပင် အခြေခံ ညံ့နေပါစေ နှစ်ပေါင်းများစွာ စုဆောင်းခဲ့သော ဥာဏ်အလင်းများကြောင့် သူတို့စွမ်းအင်အဆင့်က ပြီးပြည့်စုံနေပေလိမ့်မည်။
ဤ တားမြစ်နယ်မြေသည် အလွန်မှော်ဆန်သော သဘာ၀များဖြင့် သိုင်းသမားတို့၏ ကျင့်ကြံမှုအဆင့်အတန်းကို မြှင့်တင်ပေးသည်။
ဒီမှာ နေထိုင်ခြင်းက လူတစ်ယောက်၏ စွမ်းအင်များအပေါ် ထိုးထွင်းသိမြင်နိုင်စွမ်းကို မြင့်မားစေသည်။
ထိုကဲ့သို့သော မက်လုံးက အတော်ပင်ကြီးမားပါသည်။
ရှီယန့်ကိုလည်း ချက်ကောင်း ထိသွားပြီဖြစ်သည်။
သူ့၀မ်းထဲမှပင် အူမြူးသလိုလိုဖြစ်လာသည်။
သို့သော်လည်း သူ အနည်းငယ် တွေဝေသွားချိန် ကျန်းကော၏ စိတ်ကူးယဉ် စွမ်းအင်က ရုတ်တရက်ထွက်ပေါ်လာတော့သည်။
ကျန်းကောက ဒီအခိုက်အတန့် ရောက်ရှိလာရန် စိတ်ရှည်ရှည်စောင့်ဆိုင်းနေခြင်းသာဖြစ်၏။
ရှီယန် စိတ်ထွေပြားသွားသည့် အချိန်လေးတွင် သူက အခွင့်အရေးယူကာ တိုက်ခိုက်လိုက်ခြင်းပင်။
စိတ်ကူးထောင်ချီအသိစိတ်နယ်ပယ်ကို ဖော်ထုတ်လိုက်သည်။
သူ့မျက်လုံးများမှ မှော်ဆန်သော အလင်းရောင်များ ထွက်ပေါ်နေသည်။
ရှီယန်၏ မျက်နှာတွင် စိတ်ရှုပ်ထွေးမှုများ ဖြတ်သန်းသွားသည်။
သူက စိတ်ကူးနှင့် လက်တွေ့ကို မခွဲခြားနိုင်ခဲ့ပါ။
သူက အလွန်တရာ လှပသော ပုံရိပ်လေးတစ်ခုကို စိတ်ကူးပုံဖော်ကြည့်နေမိသည်။
ရှာစင်းယန်…။
နောက်ထပ် ပုံရိပ်များ ထပ်မံထွက်ပေါ်လာသည်။
ရှီဂျန်၊ အင်ပါယာ ယန်ခန်းဒီ၊ ယန်မူ၊ ယီတျန်းမို… သူတို့အားလုံး ရောက်လာကြသည်။
ပြုံးယောင်ယောင်နှုတ်ခမ်းများက သူ့ကို တစ်ခုခု ပြောပြချင်နေကြသလိုမျိုး…။
ဘာဖြစ်လို့လဲဟင်…
ပြောစရာရှိတာ ပြောပါ…
ရှီယန် တဖြည်းဖြည်း ရှေ့တိုးသွားမိသည်။
သူ့ကိုယ်သူ သစ္စာဖောက်တစ်ယောက်လို ခံစားချက်မျိုး ရနေသည်က သူ့စိတ်ထဲမှ အနက်ရှိုင်းဆုံးဒဏ်ရာဖြစ်နိုင်သည်။
ကျွန်တော့်ကို စကားပြောကြပါဦး…အဖိုးတို့ ထင်သလိုမဟုတ်ပါဘူး…
“ဖန်း…”
သူ့ခန္ဓာကိုယ်က တစ်စုံတစ်ခုနှင့် ၀င်တိုက်မိသည်။
ရုတ်တရက် သူ့ခြေလက်များ လှုပ်မရတော့လောက်အောင် ပိတ်မိသွားသည်။
ရှီယန် ထိတ်ကနဲဖြစ်သွား၏။
ရုတ်တရက် သတိပြန်၀င်လာချိန်တွင် သူက နန်းတော်တိုင်လုံးကြီးများအောက်သို့ ရောက်ရှိနေပြီဖြစ်သည်။
အလွှာလိုက် အထပ်လိုက် တွန့်ခေါက်နေသော စွမ်းအင်အလွှာများအကြားတွင် သူ ချုပ်လှောင်ခံလိုက်ရခြင်းဖြစ်သည်။
ကစဉ့်ကလျား စွမ်းအင်လှိုင်းများက သူ့ခန္ဓာကိုယ်တွင် စွမ်းအင်စုဝေးလို့မရအောင် နှောက်ယှက်သည်။
ကျန်းကောက ရုတ်တရက် ပြုံးလိုက်ရင်း
“ရှီယန်…တကယ်တော့ မင်း နုပါသေးတယ်။ ငါက ဒီနေရာနဲ့ သိပ်ရင်းနှီးတယ်။ ငါ မင်းအပေါ် ဒီလောက်သဘောကောင်းနေတာ ဘာကြောင့်လဲ မတွေးမိဘူးလား…”
အထပ်ထပ် ပိတ်ဆို့နေသော စွမ်းအင်အလွှာများကြားတွင် ရှီယန် ပေါက်ကွဲလိုသော်လည်း သူ့မှာ ဖြေရှင်းစရာနည်းလမ်းမရှိပါ။
မရေမတွက်နိုင်သော ကြိုးများဖြင့် တုပ်နှောင်ခံထားရသလိုမျိုး သူက နည်းနည်းမှ လှုပ်မရတော့ပါ။
သူက လွတ်မြောက်ရန် နည်းလမ်းများကို စဉ်းစားနေရင်း အာကာခွင်းလွန်းပျံကို ဆက်သွယ်လိုက်သည်။
“ငါ ဒီကနေ ဘယ်လိုထွက်ရမလဲ”
“မင်းမှာ စွမ်းအင်မလုံလောက်ဘူး”
“ဘာပြောတယ်…”
“ဒီ အကာအကွယ်လွှာ တစ်ခုချင်းစီက သိပ်အားကောင်းပြီး ကိုယ်ပိုင်ဆန်းကြယ်မှုတွေရှိကြတယ်။
ငါ မင်းစွမ်းအင်တွေ အကုန်လုံးကို ယူပြီး ထိုးဖောက်မယ်ဆိုရင်တောင် မဖြစ်နိုင်သေးဘူး။
မင်း နတ်ဘုရင် အထွတ်အထိပ်အဆင့် မရောက်သ၍ ငါ ဘာမှ မကူညီနိုင်တော့ဘူး။ ဒီ အကာအကွယ်လွှာတွေကို တည်ဆောက်ခဲ့သူရဲ့ စွမ်းအင်အဆင့်ကိုတော့ ငါမသိဘူး။
ဒါပေမဲ့ တည်ဆောက်ပုံက ငါ့ရဲ့ တွေးခေါ်နိုင်စွမ်းကို ကျော်လွန်နေတယ်။ ငါ့ကို သွန်းလုပ်ခဲ့သူဟာ ထွတ်မြတ်ခြင်းအဆင့် ပန်းပဲဆရာတစ်ယောက်လေ။ သူ့စွမ်းအင်အဆင့်က ဒါတွေကို နားလည်ဖို့ မလုံလောက်ဘူး…ဒီတော့…”
ရှီယန်၏မျက်နှာက သုန်မှုန်လို့သွားသည်။
ဒီတစ်ကြိမ်တွင်တော့ အာကာခွင်းလွန်းပျံက သူ့တာ၀န်ကို ပထမဆုံး ပျက်ကွက်ခဲ့လေပြီ။
လောကတွင် အာကာခွင်းလွန်းပျံ မဖောက်ထွင်းနိုင်သော အတားအဆီးမရှိဟု သူယုံကြည်ခဲ့မိသည်။
သို့သော် ယနေ့တော့ သူမှားယွင်းနေကြောင်း နားလည်လိုက်ရသည်။
အမှောင်နတ်ဘုရားနိုင်ငံ၏ ဘုရင့် အတိုင်ပင်ခံများ မည်မျှ အစွမ်းထက်ခဲ့ကြောင်း ယနေ့ သူနားလည်သွားသည်။
“မင်း သိပ်လဲ စိတ်မဆိုးပါနဲ့။ အနည်းဆုံးတော့ ငါက မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး။ မင်း ဒီမှာကျန်ရစ်ခဲ့ရင်း တစ်နေ့ ဒီအတားအဆီးလွှာတွေကို ချိုးဖျက်နိုင်ခဲ့ရင် မင်းလွတ်မြောက်ရုံသာမကဘူး နန်းတော်ထဲကိုပါ ၀င်ခွင့်ရမှာပဲ။
အဲ့ဒီအချိန်ကျရင် ငါ နှစ်ပေါင်း နှစ်ရာကျော် အဖြေမရှာနိုင်ခဲ့တဲ့ လျှို့ဝှက်ချက်ကိုတောင် မင်းက ဖော်ထုတ်ချင် ဖော်ထုတ်နိုင်နေမှာ”
ကျန်းကောက ယောင်ယောင်လေးပြုံးလိုက်သည်။
သူ့လက်ထဲတွင် ကုဗတုံး ရောက်ရှိလာပြီး စွမ်းအင်အလင်းမျှင်အချို့ ထွက်ပေါ်လာသည်။
ထိုအလင်းမျှင်များက ငှက်မွှေးသဖွယ် ပေါ့ပါးစွာ ရွေ့လျှားနေပြီး ရှီယန့်ခါးပေါ်ရှိ သန့်စင်ခြင်းတံဆိပ်ပြားပေါ်သို့ ကျရောက်ရစ်ပတ်လိုက်သည်။
“ဟားဟား…ငါ မင်းသိအောင်ပြောလိုက်ဦးမယ်။ ငါက အိုကူဒိုကို မုန်းစရာ အကြောင်းမရှိဘူး။ သူငါ့ကို ဒီနေရာ ပို့ခဲ့တာဟာ ငါကိုယ်တိုင် သွားချင်နေလို့ပဲ။ ငါက အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေထဲကို ၀င်ချင်ခဲ့တာ”
သူ့ သန့်စင်ခြင်းတံဆိပ်တော် ယူငင်ခံရခြင်းကို ရှီယန် ကြည့်ရုံသာ ကြည့်နေနိုင်သည်။
သူ နှုတ်ဆိတ်နေရုံကလွဲပြီး တခြားအဖြေမရှိ။
သူ့မျက်လုံးများကသာ အေးစက်နက်ကြောလျှက်…။
ကျန်းကော၏မျက်နှာက နာကျည်းမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
“အဲ့ဒီနှစ်တုန်းက ငါဟာ ကောင်းကင်အဆင့်မှာပဲရှိသေးတယ်။ ငါ့မိသားစုတစ်ခုလုံး အစုလိုက်အပြုံလိုက် သတ်ခံရတယ်။ ငါ့မိန်းမကို ငါ့ရှေ့မှာ မုဒိန်းကျင့်ကြတယ်။ ငါဟာ ကလဲ့စားချေဖို့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ အသက်ရှင်နေတာပဲ။ ဒါပေမဲ့ ငါ့ရန်သူက သိပ်အားကြီးတယ်။ငါ့ပြိုင်ဘက်မဟုတ်ခဲ့ဘူး။ အဲ့ဒီတုန်းက ငါဟာ အသက်ရှင်လွတ်မြောက်ဖို့တောင် ရုန်းကန်နေရတယ်။
ဒေါသမီးလျှံ ကြယ်တာရာနယ်မြေက အကျယ်ကြီးပေမဲ့ ငါက လုံလောက်တဲ့ အကာအကွယ်မရခဲ့ဘူး။
နောက်ဆုံးမှာတော့ အထွတ်အထပ်သန့်စင်ခြင်းနယ်မြေဟာ ငါလိုချင်တဲ့နေရာမျိုးပဲဆိုတာ သိလိုက်ရတယ်။
အဲ့ဒီအချိန်ကနေ ငါ့လက်တွေကို သွေးအိုင်ထဲ နှစ်မြှုပ်ခဲ့တယ်။
အိုကူဒိုငါ့ကိုဖမ်းဆီးအောင်လို့ ငါဟာ လူအများကြီး သတ်ခဲ့တယ်။
သန့်စင်ခြင်းကြယ်မှာ အကျဉ်းချခံရတော့ ငါ့ရန်သူတွေ ငါ့ကို မျက်ခြေပြတ်သွားတယ်။
စွမ်းအင်ကျင့်ကြံဖို့ ပိုမိုကောင်းမွန်တဲ့နေရာကိုလဲ ရရှိခဲ့တယ်။
ကောင်းကင်အဆင့်ကနေ နတ်ဘုရင် တတိယအဆင့်အထိ ရောက်ဖို့ နှစ်ပေါင်း နှစ်ရာနဲ့ ငါးဆယ် အချိန်ယူခဲ့တယ်။
ငါက ကလဲ့စားချေနိုင်ဖို့အတွက် အများကြီး စွန့်လွှတ်ခဲ့ရတယ်။
ပြောနေရင်းဖြင့် သူ့အသွင်အပြင်က ရက်စက်ခက်ထန်လာကာ
“နောက်ဆုံးတော့ ဒီနေ့ ငါကလဲ့စားချေဖို့ လုံလောက်အောင်သန်မာလာပြီ။ မင်းကတော့ နတ်ဘုရင် ပထမအဆင့်မှာပဲရှိသေးပေမဲ့ နတ်ဘုရင်ဒုတိယအဆင့်က အိုကဲရာကို သတ်ချင်နေတယ်။ ဒါ့အပြင် သူ့မှာက အစောင့်အရှောက် နှစ်ယောက်နဲ့။
ငါ အဲ့ဒီလောင်းကြေးကို မစွန့်စားချင်ဘူး။ မင်းတစ်ယောက်လုံးရှိနေမှတော့ သန့်စင်ခြင်းတံဆိပ်အတွက် ပူစရာမလိုတော့ဘူးလေ”
ကျန်းကောက တဖြည်းဖြည်း သူ့ကိုယ်သူ စုစည်းလိုက်ပြီးနောက်
“မင်းငါ့ကို မုန်းဖို့မလိုပါဘူး။ ဒါကို ငါတို့အကြားက အလဲအလှယ်လို့ပဲ ငါယူဆထားတယ်။ ငါနှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့တဲ့ လျှို့ဝှက်ချက်တွေကို မင်းကို ပြောပြခဲ့တယ်။တကယ်လို့ မင်းသာ အကာအကွယ်လွှာတွေကို ဖြတ်ပြီး အထဲထိ၀င်နိုင်ရင် ငါမမျှော်မှန်းရဲလောက်တဲ့ အကျိုးကျေးဇူးတွေကို ရမှာပါ။
ငါ အသည်းအသန် ထွက်သွားချင်နေလို့သာမဟုတ်ရင် ငါမင်းအပေါ်မှာ ဒီလိုမလုပ်ပါဘူး။ တခြားလူတွေလိုပဲငါက ဒီနေရာမှာ အေးအေးလူလူ ဆက်နေရင်း လျှို့ဝှက်ချက်ကို ရှာဖွေနေဦးမှာ။
အခုတော့ ဒီအခွင့်အရေး မင်းကိုငါပေးခဲ့ပြီ။မင်းငါ့ကို ကျေးဇူးတင်သင့်တယ်။ မင်းက ငယ်ငယ်ပဲရှိသေးတာပဲ။ မင်းမှာ ကစားဖို့ အချိန်အများကြီး ကျန်ပါသေးတယ်”
“ငါ ဒီမှာ မင်းနဲ့ အတူ ဆက်မရှိနိုင်တော့တာ စိတ်မကောင်းပါဘူး။ ပျော်ပျော်နေခဲ့ပါ။ ငါသွားတော့မယ်”
ကျန်းကောက မေးစေ့ကိုပွတ်ရင်း တစ်စုံတစ်ရာကို စဉ်းစားဟန်ဖြင့်
“နောက်တစ်နှစ်နေရင် အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေရဲ့ ပြိုင်ပွဲက ပြီးဆုံးပါပြီ။ငါအရင်သွားနှင့်မယ်။ ငါတို့ နောက်တစ်ကြိမ်ပြန်တွေ့ကြရင် မင်းဒီနေ့ ဆုံးရှုံးခဲ့ရတာအတွက် ငါပြန်လျော်ပေးပါ့မယ်။ သြော်…မင်းကို ပြောခဲ့ရဦးမယ်။ တခြား တားမြစ်နယ်မြေတွေက လေးယောက်က ငါ့လို ပြောရဆိုရ မလွယ်ကူဘူးနော်။ မင်းသူတို့နဲ့တွေ့ရင် ဂရုစိုက်ပါ။ သူတို့ကတော့ ဒေါသမီးလျှံ ကြယ်တာရာနယ်မြေရဲ့ ရာဇ၀င်လူဆိုးအစစ်တွေပဲ။သူတိုအားလုံးက နတ်ဘုရင်တတိယအဆင့်တွေချည်းဖြစ်ပြီး ကြောက်စရာကောင်းတယ်။ ငါတို့ နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့အထဲက ထူးဆန်းတာတစ်ခုက တားမြစ်နယ်မြေတွေထဲက နန်းတော် တစ်ခုမှာ ပျက်စီးကျိုးပဲ့တာမျိုးဖြစ်သွားရင် ကျန်နန်းတော်တွေမှာလဲ ပုံစံတူ လိုက်ဖြစ်တယ်…ကဲ ဒီပုစ္ဆာကို မင်းကိုယ်တိုင် ဖြေရှင်းရစ်ခဲ့ပေတော့”
စကားဆုံးသည်နှင့် ကျန်းကောက အသံနက်ကြီးဖြင့် ရယ်မောရင်း ထွက်ခွာသွားလေတော့သည်။
သူက စမ်းချောင်းနံဘေး တဲအိမ်ငယ်လေးသို့ ရောက်သောအခါ သူပြင်ဆင်ထားခဲ့သော ပိုက်ကွန်ဖြင့် ငါးဖမ်းသည်။
ပြီးနောက် လတ်လတ်ဆတ်ဆတ် ကင်ကာ စားလိုက်သေးသည်။
သူ အလွန်ကျေနပ်နေပါသည်။
-----
နေ့၀က်ခန့်ကြာပြီးနောက် ကျန်းကောက တားမြစ်နယ်မြေအတွင်းမှ ထွက်လာသည်။
ရဲ့လန်နှင့် တိုင်မူတို့က အပြင်တွင် စောင့်နေကြဆဲဖြစ်သည်။
သူ့ကိုမြင်သောအခါ ကြက်သေသေသွားကြပြီးနောက် ချက်ခြင်း အသင့်ပြင်ထားလိုက်ကြသည်။
ကျန်းကော၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန်ဖြစ်သည်။
မဟာရန်သူတော်ကြီးနှင့် ရင်ဆိုင်နေရသလိုမျိုး ပြင်ဆင်မှုကိုကြည့်ကာ ကျန်းကောက ရယ်မောလိုက်သည်။
“မစိုးရိမ်ပါနဲ့။ ငါက မင်းတို့နဲ့ တိုက်ပြီး အချိန်မဖြုန်းပါဘူး။ ငါလိုချင်တာ ရပြီးပြီ”
သူက ရှီယန်၏ သန့်စင်ခြင်းတံဆိပ်ပြားကို လှုပ်ခါပြလိုက်သည်။
တိုင်မူ တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိသည်။
“ရှီယန် ဘယ်မလဲ”
“သေပြီပေါ့”
ကျန်းကောက ကျယ်လောင်စွာ ရယ်မောရင်း
“သူက သူ့ဘ၀သူ တန်ဖိုးမထားဘူး။ တားမြစ်နယ်မြေထဲ သူ ၀င်မလာခဲ့သင့်ဘူး။ အဲ့ဒီက အတားအဆီးတွေက သူ့ကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေတယ်။ သန့်စင်ခြင်းတံဆိပ်တော်ကို ရဖို့ ငါက လက်တစ်ဖက်မြှောက်စရာတောင် မလိုခဲ့ဘူး။ ထူးဆန်းတယ်နော်”
တိုင်မူနှင့် ရဲ့လန်တို့က သုန်မှုန်စွာဖြင့် သူ့စကား နားထောင်နေကြသည်။
“ငါ သန့်စင်ခြင်းတံဆိပ် တစ်ခုတည်းလိုတာလို့ ငါမပြောခဲ့ဘူးလား။ မင်းတို့ ပြဿနာမတက်ချင်ရင် အေးဆေးနေလိုက်ကြ”
ကျန်းကောက တိုင်မူနှင့် ရဲ့လန်တို့ကို ဂရုမစိုက်တော့ပဲ ထွက်ခွာသွားတော့သည်။
အဖိုးကြီးထွက်သွားသည်ကို သူတို့ ဒီအတိုင်း ကြည့်နေခဲ့ရပါသည်။
သူတို့က မဆင်မခြင် မလုပ်ရဲကြပါ။
ကျန်းကောသည် နတ်ဘုရင် တတိယအဆင့် စွမ်းအင်ကျင့်ကြံမှုအခြေရှိပြီး သူ၏ စိတ်ကူးထောင်ချီ နတ်ဘုရားအသိက ဆန်းကြယ်သည်။
ရှီယန်မရှိလျှင် သူတို့ အသာစီးရမည်မဟုတ်ကြောင်း ရဲ့လန်နှင့် တိုင်မူတို့ နားလည်ထားသည်။
သူတို့နှစ်ယောက်က တားမြစ်နယ်မြေနေရာသို့ ရှုပ်ထွေးသော ခံစားချက်များနှင့် ငေးကြည့်နေကြသည်။
အတန်ကြာမှ သက်ပြင်းပြိုင်တူ ချလိုက်ကြလေသည်။
“ဆိုးတာပဲ။ ရှီယန်က တကယ့်ကောင်။ နတ်ဘုရင် ပထမအဆင့်မှာ သူ့လောက်အားကောင်းတာမျိုး တစ်ခါမှ မတွေ့ဖူးသေးဘူး။
သူသာ အသက်ရှင်ရင် အမှောင်နတ်ဘုရားနိုင်ငံမှာ တောက်ပလာမှာပဲ”
ရဲ့လန်က ခံစားချက်များဖြင့် ပြောသည်။
တိုင်မူကလည်း လေးလံစွာ ခေါင်းညိတ်ရင်း
“သူက သိပ် သတိကင်းမဲ့လွန်းတယ်။ငါတို့စကားမှ နားမထောင်တာ။ သူသာ အထဲကို မ၀င်ရင် ဟို အရူးအဖိုးကြီးကလဲ ဘာမှ မတတ်နိုင်ပါဘူး။
ငါတို့ သုံးယောက်ပေါင်းလိုက်ရင် သူ့ကို ကြောက်စရာမလိုဘူး။ ဟူး…အခြေအနေက မမျှော်လင့်ထားတာတွေ ဖြစ်လာခဲ့တယ်”
“ထားလိုက်ပါတော့။ သူ့လမ်းသူရွေးတာပဲ။ ငါတို့က ဘာတတ်နိုင်မလဲ”
ရဲ့လန်က ခေါင်းခါယမ်းရင်း စိတ်မချမ်းသာစွာပြောသည်။
“ငါတို့ သွားသင့်ပြီ။ ငါတို့မှာ ပြီးအောင်လုပ်ရမယ့် တာ၀န်တွေရှိသေးတယ်”
တိုင်မူ သဘောတူလိုက်သည်။
သူက နောက်ဆုံးအကြိမ်အဖြစ် တားမြစ်နယ်မြေကို ငေးကြည့်လိုက်ပြီးနောက် ရဲ့လန်နှင့်အတူ ထွက်သွားလေတော့သည်။
ရှီယန် အထဲမှာ အသက်ရှင်နေသေးကြောင်း ဘယ်သူမှ မသိတော့ပါ။
ကျန်းကောက ရဲ့လန်နှင့် တိုင်မူတို့ကို ထားခဲ့ပြီးနောက် အရိပ်တစ်ခုကဲ့သို့ ဦးတည်ရာမဲ့ လျှောက်သွားနေခဲ့သည်။
အခြား အပြင်မှ ကြည့်နေသူများသည် ကန်ရေပြင်ထဲတွင်ရော မှော်မန်ထဲတွင်ပါ သူ့ကို မြင်ရမည်မဟုတ်ပါ။
သူ့ ကုဗတုံးက အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေ၏ အာရုံခံစနစ်အားလုံးကို ကာကွယ်နိုင်သည်။
ပြင်ပမှ ကြည့်ရှုနေသူများက သူ့ကို မမြင်နိုင်ပါ။
ကျန်းကောက အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေတစ်လျှောက် လျှို့ဝှက်စွာ သွားလာလှုပ်ရှားနေသည်။
သူက အခြား တားမြစ်နယ်မြေမှ လူလေးယောက်ကိုလည်းသွားတွေ့ကာ နှုတ်ဆက်သည်။
သူ ဒီနေရာမှာ ဆက်နေတော့မည်မဟုတ်ကြောင်း၊ သူ့နေရာတွင် ကောင်လေးတစ်ယောက်နှင့် အစားထိုးခဲ့ကြောင်း သွားပြောထားခြင်းဖြစ်သည်။
တားမြစ်နယ်မြေ လေးခုကို လှည့်လည်သွားလာခြင်းက အချိန် နှစ်၀က်မျှ ကုန်ဆုံးသွားသည်။
အထွတ်အထိပ် သန့်စင်ခြင်းနယ်မြေတွင် ပြိုင်ပွဲ၀င်များကတော့ သွေးလွှမ်းသော အမဲလိုက်ပွဲများဖြင့် ယှဉ်ပြိုင်နေကြဆဲဖြစ်သည်။
ရှီယန်ကိုတော့ နောက်ထပ် ပြန်မတွေ့ရတော့ပါ။
အမတ်ချုပ်ကြီးငါးယောက်အပါအ၀င် တုတျန်းကျင်ကိုယ်တိုင်ပင် မြင်ကွင်းပုံရိပ်များကို ဖြတ်သန်းကာ ရှီယန့်ကို ထောက်လှမ်းနိုင်စွမ်းမရှိခဲ့ပါ။
တားမြစ်နယ်မြေကလဲ ပြင်ပမှ စွမ်းအင်အားလုံးကို ပိတ်ပင်သည်။
ထို့ကြောင့် လူတိုင်းက ရှီယန်သေသွားပြီဟုသာ ယူဆထားလိုက်ကြတော့သည်။
အချိန်က မြန်ဆန်လှ၏။
များမကြာမီပင် အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေ ယှဉ်ပြိုင်ပွဲကြီးက အဆုံးသတ်သို့ ရောက်လုနီးလေပြီ။
သုံးနှစ်ပြည့်မြောက်တော့မည်။
အိုကဲရာကလည်း ရှီယန်ကို ရှာမတွေ့ခဲ့ပါ။
လူအများ စောင့်မျှော်နေကြသော တိုက်ပွဲက ဖြစ်မလာပါ။
အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေမှ မှော်စွမ်းအင်များ ပျက်ပြယ်သွားချိန်တွင်တော့ တုတျန်းလီနှင့်တကွ အမတ်ချုပ်ကြီးငါးယောက် တိုက်ပွဲကွင်းပြင်ကို ၀င်ရောက်စစ်ဆေးသည်။
ကံကောင်းပြီး အသက်မသေပဲကျန်ရစ်ခဲ့သော လူဆိုးများနှင့် အကျဉ်းသားများကို ပြန်လည်အကျဉ်းချလိုက်ကြသည်။
တုတျန်းလီက ကောင်းကင်ကို မော့ကြည့်ကာ ပြိုင်ပွဲ၀င် တစ်ယောက်ချင်းစီ၏ နာမည်ကို အော်ခေါ်သည်။
တစ်ဖြည်းဖြည်းနှင့် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသော်လည်း ရှီယန်ကတော့ ပေါ်မလာခဲ့ပါ။
လီအိုနာက ပိုလို့သာ နှုတ်ဆိတ်လာခဲ့သည်။
သူမ၏မျက်နှာကတော့ မည်းမှောင်လျှက်…။
---- ----- ----- ----- ----- ----- ----- ----- ------ ------ -----

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora