780

537 86 0
                                    

Chapter 780: ဘုရင်ကြီး၏ နှလုံးသား
အမှောင်နတ်ဘုရားနိုင်ငံ၊ အမှောင်ကောင်းကင်ကြယ်၊ မဟာနန်းတော်ခန်းမဆောင်အတွင်း…
တုတျန်းကျင်က သူ့မေးစေ့ကို ပွတ်သပ်ရင်း သက်သောင့်သက်သာပြုံးလျှက်ရှိသည်။
“ဒီကောင်လေးက သူ့အသက်ကို တန်ဖိုးမထားဘူး”
ကျိယောင်၏ မျက်ခုံးနက်နက်လေးများက အလိုမကျစွာတွန့်ချိုးနေသည်။
သူမက အံကြိတ်ရင်း
“သူ ဘာစဉ်းစားနေတာလဲ သမီးမသိဘူး။ အထွတ်အထ်ိပ်သန့်စင်ခြင်းနယ်မြေဟာ ဘယ်လောက်အန္တရာယ်များကြောင်းလဲ သူသိတယ်။ ဒါပေမဲ့ မဆင်မခြင် ဆုံးဖြတ်လိုက်တာပဲ”
အိုကူဒို၊ရိုချက်စတာနှင့် လီအိုနာတို့သည်လည်း တူညီသော အတွေးမျိုး ရှိကြသည်။
ရှီယန် ကျင့်ကြံနေသော ဂူရှေ့တွင် ဆာလောင်နေသော ဝံပုလွေလိုလူများ တစ်ဒါဇင်ခန့် စုဝေးလာကြပြီဖြစ်သည်။
သူတို့က ဂူအတွင်းပိုင်းသို့ စူးစမ်းနေကြသည်။
ထိုသူများက လူကောင်းသူကောင်းများမဟုတ်ကြပါ။
အဆိုးဝါး အရက်စက်ဆုံးသော ရာဇ၀တ်သားများဖြစ်သည်။သွေးဆာရက်စက်ခြင်းက သူတို့၏ အခြေခံစိတ်ဆန္ဒပင်။
သူတို့ကို ဖမ်းဆီးအကျဉ်းချနိုင်ရန်အတွက် အမတ်ချုပ်ကြီးငါးဦးစလုံး များစွာ လုံ့လစိုက်ထုတ်ခဲ့ရသည်။
ထိုလူဆိုးများသည် သူတို့၏ သွေးစွန်းသောလုပ်ရပ်များကြောင့် ဒေါသမီးလျှံကြယ်တာရာနယ်မြေတွင် ဖိန့်ဖိန့်တုန်အောင် ကြော်ကြားသူများဖြစ်သည်။
ထိုသူများထဲမှ တစ်ယောက်ကို အပြင်မှာမြင်လျှင်ပင် သိုင်းသမားများစွာသည် သစ်ရွက်တစ်ရွက်လို ဆောက်တည်ရာမဲ့ တုန်လှုပ်ကုန်ကြပေလိမ့်မည်။
ယနေ့ ထိုသူများက ပြင်းပြသော စိတ်ဆန္ဒတစ်ခုတည်းဖြင့် ဤနေရာတွင် စုဝေးကြသည်။
သန့်စင်ခြင်းတံဆိပ်တော်။
သန့်စင်ခြင်းကြယ် …
အင်ပါယာတစ်ခုလုံးတွင် အကြီးဆုံး အကျဉ်းထောင်။
သေမိန့်ကျအကျဉ်းသားများသာ ထားရှိရာနေရာ။
သန့်စင်ခြင်းကြယ်တွင် အကျဉ်းချခံရပြီဆိုတာနှင့် လွတ်မြောက်ဖို့ရန် အိပ်မက်ပင် မက်ခွင့်မရှိတော့။
ထိပ်တန်းစစ်သည်တော်များ တစ်နှစ်ပတ်လုံး စောင့်ကြပ်နေပြီး ပတ်ပတ်လည်တွင်လည်း သတ်ဖြတ်ခြင်း၀င်္ကဘာများသာ တည်ဆောက်ထားသည်။
စွန့်စားပြီး ထွက်ပြေးမည်ဆိုလျှင်လည်း သေခြင်းတရားသာ စောင့်ကြိုနေမည်ဖြစ်၏။
သူတိုိ့ကို အသက်ရှင်လျက် ဖမ်းဆီးထားခြင်း၏ တစ်ခုတည်းသောအကြောင်းပြချက်က ဘုရင်မင်းမြတ် အသုံးချလိုသောကြောင့်ဖြစ်သည်။
သူတို့အသက်ကို ပိုပြီး အဓိပ္ပါယ်ရှိသော နည်းလမ်းများဖြင့် သေဆုံးစေသည်။
အထွတ်အထိပ် သန့်စင်ခြင်းနယ်မြေကတော့ သူတို့အတွက် ဓါးသွားပေါ်မှ ပျားရည်စက်ဖြစ်သည်။
သူတို့၏ အဆုံးသတ်ပြီးသော ကံကြမ္မာတွင် တစ်ခုတည်းသော ထွက်ပေါက်က အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေဖြစ်သည်။
သန့်စင်ခြင်းတံဆိပ်တော်ကိုရလျှင် လွတ်ပြီ။
မည်မျှပင် ကြီးလေးသော အပြစ်သားဖြစ်စေ ဘုရင်မင်းမြတ်က အပြစ်များကို လျှော်ပေးလိုက်မည်ဖြစ်သည်။
သန့်စင်ခြင်းတံဆိပ်တော်သည် အသက် ဟု အဓိပ္ပါယ်ရသည်။
မျှော်လင့်ချက်၏ အလင်းရောင်ဖြစ်သည်။
ယခု ထိုမျှော်လင့်ချက်က လက်တစ်ကမ်းတွင်ရှိနေပြီး ရရှိနိုင်ရန် အလွန်လွယ်ကူနေသည်။
ဘယ်အကျဉ်းသားက စိတ်မလှုပ်ရှားပဲနေပါမည်နည်း။
-----
အမှောင်ကောင်းကင်ကြယ် နန်းတော်ထဲတွင်…
“ကြည့်ရတာ ငါတို့ အိုကဲရာနဲ့ ရှီယန်ရဲ့ ရင်ဆိုင်တိုက်ပွဲကို မြင်ရတော့မှာမဟုတ်ဘူး။ အဆင့်ချိုးဖျက်တက်ရောက်ဖို့ သိုင်းသမားတစ်ယောက်ဟာ စိတ်နှလုံး နှစ်မြှုပ်ထားရတယ်။သူလဲ ချွင်းချက်မဟုတ်ဘူး”
တုတျန်းကျင်က ခပ်သဲ့သဲ့ပြုံးရင်းပြောသည်။
“နှမျောစရာကောင်းလိုက်တာ။ အလားအလာသိပ်ကောင်းရဲ့သားနဲ့ သတိတစ်ချက်လွတ်သွားတယ်”
ကျိယောင်က နှုတ်ခမ်းလေးကို ကိုက်ထားမိသည်။
သူမက စိုးရိမ်ပူပန်မှုကြောင့် ခြေဖျားလက်ဖျားများပင် အေးစက်လို့လာသည်။
အဘယ်ကြောင့်မှန်းမသိ ရှီယန် အန္တရာယ်ကြား ကျရောက်နေသည်ကို သူမ လက်မခံနိုင်ခဲ့ပါ။
ဒါက အိုကဲရာ၏ အသက်အပေါ် ထားသည့် ခံစားချက်ထက် ပိုသည်။
လူဆိုးများ များသည်ထက် များလာပြီး စတင်လှုပ်ရှားတော့မည့် အရိပ်အယောင်များကို တွေ့သောအခါ သူမ၏ နှလုံးသားတွင် ပုံရိပ်အချို့ ထင်ဟပ်လာသည်။
တာ့မန်နှင့် ရှီယန်တိုက်ပွဲ၊
တာ့လီအား တုန်လှုပ်စေကာ သူမ၏ ဂုဏ်သရေကို ကာကွယ်ပေးခဲ့သည်။
ပြီးတော့ ကြယ်ပေါက်ကွဲခြင်းအပိုင်းအစလွင်ပြင်တွင် ခရမ်းစွဲ စစ်ရထားလေးတစ်စင်းနှင့် အတူတူ ထွက်ပြေးကာ စွန့်ပစ်ကြယ်သေတစ်လုံးတွင် အတူတူ အချိန်ဖြုန်းခဲ့ခြင်းများ။
သူ၏ ခပ်ကြမ်းကြမ်းဟာသများ သူ၏ ခပ်ရိုင်းရိုင်း အမူအကျင့်များ…။
ထိုပုံရိပ်များက သူမ၏ နှလုံးသားတွင် ဖျောက်ဖျက်မရသကဲ့သို့ ထင်ရှားလာသည်။
ခါးသည်းမှု တစ်စုံတစ်ရာက သူမ၏ နှလုံးသားတွင် ပျံ့နှံလာသည်။
သူမ သတိမထားမိခင်မှာပင် မျက်၀န်းလေးများက ပူနွေးစိုစွတ်လာသည်။
ဒီလို စိုးရိမ်ပူပန်မှုမျိုး သူမဘ၀တွင် မခံစားခဲ့ဖူးပါ။
အိုကဲရာသည် သူမ၏နောက်တွင် နှစ်ပေါင်းများစွာ ပံ့ပိုးပေးခဲ့သည်။
သို့သော် သူမ တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးခဲ့ပဲ သူမ၏ ဘ၀ထဲသို့ခတ္တခနသာ ၀င်ရောက်လာသူ ရှီယန့်အပေါ် ထားရှိသော ခံစားချက်မျိုး အိုကဲရာအပေါ်တွင် ဖြစ်ပေါ်မလာခဲ့ပါ။
ရုတ်တရက် ကျိယောင် သဘောပေါက်သွားသည်။
အမည်မသိ ကုန်းမြေအနိမ့်တစ်ခုက ရောက်ရှိလာခဲ့သော ထိုလူသည် သူမ၏ နှလုံးသားထဲတွင် အမြစ်တွယ်နေခဲ့ပြီဖြစ်သည်။
သူမ အဆုံးရှုံးမခံနိုင်လောက်အောင်ပင် ဖြစ်လာသည်။
“သမီးလေး စိတ်ရှုပ်ထွေးနေတယ်”
တုတျန်းကျင်က မျက်မှောင်ကြုတ်ရင်းပြောသည်။
သူ့စကားသံက ခံစားချက်ကင်းမဲ့ဆဲ။
“ရည်မှန်းချက်ကြီးမားတဲ့လူတွေဟာ သေးမွှားတဲ့ ခံစားချက်လေးတွေကို ဂရုစိုက်စရာမလိုဘူး။ သမီးစိတ်ထဲမှာ သူတို့အတွက် အနှောက်အယှက်ဖြစ်စရာမလိုဘူး။ သူဟာ ဘယ်သူပဲဖြစ်ဖြစ် သမီးလက်ထဲက ဓါးတစ်စင်းပဲဖြစ်ရမယ်။ ရှေ့ဆက်ဖို့ ဆူးညှောင့်ခလုတ်တွေကို ခုတ်ထွင်ရှင်းလင်းဖို့ ကိရိယာတစ်ခုပဲဖြစ်ရမယ်။ ကိုယ့်လက်ထဲက ဓါးနဲ့ ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် ပြန်မထိုးမိစေနဲ့”
ကျိယောင်၏ ကိုယ်လုံးလေးက ဆတ်ကနဲ တုန်ခါသွားသည်။
သူမက အတွေးများမှ နိုးထလာကာ ခေါင်းကိုသာ အတင်းခါယမ်းနေ၏။
ဘာမှပြန်မပြောချေ။
“ကြံခိုင်မှုမရှိတဲ့ နှလုံးသားနဲ့ ခက်ခဲတဲ့အခြေအနေတွေကို ဘယ်လိုကျော်ဖြတ်မလဲ။ သမီးဟာ လုံလောက်အောင် မမာကျောဘူးဆိုရင် တခြားလူတွေက နာကျင်စေလိမ့်မယ်။ သမီးတင်မဟုတ်ဘူး သမီးရဲ့လူတွေရော ဒုက္ခရောက်သွားမယ်”
တုတျန်းကျင်က နှာခေါင်းရှုံ့လိုက်ရင်း
“ကလေးမလေး…မင်းက မင်းအစ်ကို တုကျဲနဲ့ မယှဉ်နိုင်တာ ဒီနေရာတွေမှာပဲ။ သမီးက နှလုံးသား နူးညံ့တယ်။ ဘယ်လိုလုပ် အောင်မြင်နိုင်ပါ့မလဲ”
“ပလ္လင်ကို ရဖို့ တုကျဲက သမီးနဲ့ မောင်လေးကို တိုက်ခိုက်ခဲ့တယ်။ ဒါက ဘုရင်ဖြစ်ဖို့ လိုအပ်ချက်ပဲလား”
ကျိယောင်၏ မျက်၀န်းလးများတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာသည်။
“အဖေ…အဲ့ဒီနှစ်တွေတုန်းက အဖေလဲ တုကျဲလိုပဲလား”
“ငါဟာ သူ့ထက်ပိုပြီး နှလုံးသား ကင်းမဲ့တယ်”
တုတျန်းကျင်က အေးစက်ပြီး ရက်စက်စွာပြုံးလိုက်ရင်း
“မင်းနဲ့ တုကျဲက သွေးရင်းမှမဟုတ်တာ။ မတူညီတဲ့ အမေတွေကနေ ဆင်းသက်လာတယ်။ မင်းတို့အချင်းချင်း တိုက်ခိုက်တာက ပုံမှန်ပါပဲ။ အဲ့ဒီနှစ်တွေတုန်းက ဖအေတူမအေကွဲတွေ မပြောနဲ့ ငါ့ ညီအစ်ကိုအရင်းတွေကိုတောင် ငါသတ်တယ်။ ငါ့လမ်းမှာ လာပိတ်ရင် ငါ့ သွေးသားရင်းခာကိုတောင် ငါသတ်တယ်”
ကျိယောင်၏မျက်နှာတွင် ကြောက်ရွံ့မှုအရိပ်အယောင်များ ထွက်ပေါ်လာသည်။
“ငါ အဲ့ဒီအချိန်ကို ပြန်ရောက်သွားမယ်ဆိုရင်တောင် တူညီတဲ့ အလုပ်ကိုပဲ ဆက်လုပ်နေမှာပဲ။ သိုင်းပညာရဲ့ အထွတ်အထိပ်လမ်းစဉ်အတွက်၊ အမှောင်နတ်ဘုရားနိုင်ငံရဲ့ အောင်မြင်ထမြောက်မှုအတွက် ငါမသတ်ရဲတဲ့လူမရှိဘူး”
တုတျန်းကျင်က နှာခေါင်းရှုံ့လိုက်သည်။
သူ့မျက်နှာက ကြမ်းကြုတ်ရက်စက်မှုများ ပြည့်နှက်လျှက်…။
-------------------
အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေ…
လိုဏ်ဂူထဲတွင်…
ထူးဆန်းသော စွမ်းအင်လှိုင်းများ ဖြာထွက်နေသည်။
ကောင်းကင်နှင့် မြေကြီး၏ သဘာ၀စွမ်းအင်များ သိပ်သည်းလာသည်မှာ ဆယ်မူထက်ပင် ကျော်လွန်လာသည်။
ကောင်းကင်ထက်တွင် စွမ်းအင်အများအပြားစုဝေးမှုမှ ဖြစ်ပေါ်လာသော အလင်းများဖြာလဲ့နေသည်။
သဘာ၀စွမ်းအင်စီးကြောင်းများက ကြာလာသည်နှင့်အမျှ ပိုမိုသန့်စင်လာသည်။
အသန့်စင်ဆုံးသော စွမ်းအင်စီးကြောင်းများကို ဂူအတွင်းရှိ မဖော်ပြနိုင်သောစွမ်းအင်တစ်မျိုးက ဆွဲငင်သွားသည်။
မြစ်ကမ်းတစ်လျှောက်၊ သစ်တောအုပ်ထဲ၊ သို့မဟုတ် မြေအောက်မှာပင်ရောက်ရှိနေသော အကျဉ်းသားများက နောက်ထပ် မစောင့်နိုင်ကြတော့ပါ။
တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကာ ဂူပေါက်၀ကို ဆာလောင်မွတ်သိပ်စွာ စောင့်ကြည့်နေကြသည်။
“ဖော်လော…မင်းတို့ ဒါကို စောင့်ကြည့်နေတာ ကြာပြီ။ ဘာဖြစ်လို့ အခုထိ မတိုက်သေးတာလဲ”
တစ္ဆေအမှတ်အသားမျိုးနွယ်မှ နတ်ဘုရင်ဒုတိယအဆင့် သိုင်းသမားတစ်ယောက်က ပတ်၀န်းကျင်ကို ဝေ့ကြည့်ရင်း မေးလိုက်သည်။
ဒီလူတွေအတော်များများက သန့်စင်ခြင်းကြယ်တွင် အကျဉ်းကျနေတာ ကြာပြီဖြစ်သောကြောင့် အချင်းချင်း သိနေကြသည်။
ဖော်လောအမည်ရ အာကာသပင်လယ်မျိုးနွယ်သိုင်းသမားက လက်တစ်ဖက်သာရှိသည်။
သူသည်လည်း နတ်ဘုရင်ဒုတိယအဆင့် စွမ်းအင်ကျင့်ကြံမှုအခြေတွင်ရှိသည်။ သူက နှာခေါင်းရှုံ့လိုက်ရင်း
“လာကေး…မင်းက သန့်စင်ခြင်းတံဆိပ်ကိုလိုချင်ရင် ၀င်ယူလေ။ ဟားဟား…စိတ်ချပါ… ငါတို့ လု မ၀င်ပါဘူး။ သွားပါ”
ဖော်လောနှင့် လာကေးသည် နတ်ဘုရင်ဒုတိယအဆင့်နှစ်ယောက်ဖြစ်ပြီး အချင်းချင်း ကောင်းကောင်း နားလည်ကြသည်။ မည်သူက မည်မျှ ကောက်ကျစ်သည် မည်မျှ ရက်စက်သည်ဆိုတာ ကောင်းကောင်းသိသည်။
သူတို့နှစ်ယောက်က အချင်းချင်း စိတ်ထဲမှ လန့်နေကြခြင်းဖြစ်သည်။
“ဟားဟား…ငါလဲ အလျှင်မလိုပါဘူး။ ငါထောင်ကျနေတာ ကြာလှပြီပဲ။ ဘယ်သူနဲ့မှ မယှဉ်ပြိုင်ပါဘူး”
လာကေးက ဝါကျင့်ကျင့်သွားများကို ဖြီးကာ
“ဒါပေမဲ့ ငါသိသလောက် မင်းမှာ သားလေးတစ်ယောက်ရှိတယ်မဟုတ်လား။ အပြင်မှာ သူ့ဘ၀က ကြမ်းတမ်းနေပြီ။ မင်းထောင်ကျသွားတော့ သူ တော်တော်ရုန်းကန်ရမှာပဲ။ သူ အခုထိ အသက်ရှင်နေတုန်းပဲလား ငါစိတ်ပူတယ်”
ထိုစကားကြားသာအခါ ဖော်လော၏မျက်နှာက အေးစက်သွားပြီး နှာခေါင်းရှုံ့လိုက်သည်။
တကယ်က သူလဲ မစောင့်နိုင်တော့ပါ။ သူ့သားလေးက အပြင်မှာ အနိုင်ကျင့်ခံနေရသည်။ သူ ခန့်မှန်း တွက်ချက်ထားသလောက်ဆို သူ့သားလေးက အခု ကောင်းကင်အဆင့်ကို ချိုးဖျက်တက်ရောက်တော့မည်ဖြစ်သည်။
ကောင်းကင်အဆင့်သို့ တက်လှမ်းရန် စွမ်းအင်ကျောက်တုံးအချို့နှင့် ကံကောင်းမှုအချို့ လိုအပ်သည်။
သူ့သားအတွက် ဆေးဝါးများနှင့် စွမ်းအင်ဥာဏ်အလင်းအခြေခံများ သူ ထောက်ပံ့ချင်သည်။
ဒါမှ သားလေး၏ စွမ်းအင်အဆင့်က အခြေခိုင်နိုင်မည်ဖြစ်သည်။
သူက ဒီနေရာမှ ထွက်ကို ထွက်သွားရမည်။
သူ့သားကို အဆင့်တက်အောင် ကူညီမည်။ ယခုပင် သူက စိတ်လှုပ်ရှားလွန်းသောကြောင့် ခြေဖျားလက်ဖျားများ အေးစက်နေပြီဖြစ်သည်။
“လီမု…”
ဖော်လောက အတန်ငယ်စဉ်းစားပြီးနောက် သူ့အနီးတွင်ရပ်နေသော နတ်ဘုရင် ပထမအဆင့် သိုင်းသမားတစ်ယောက်ကို ခေါ်လိုက်သည်။
“မင်း အထဲကိုသွားပြီး စစ်ဆေးလိုက်။ သန့်စင်ခြင်းတံဆပ်ပြားရဖို့ မင်းငါ့ကို ကူညီရင် ငါအပြင်ရောက်တဲ့အခါ မင်းရဲ့သမီးလေးကို စောင့်ရှောက်ပေးမယ်လို့ ငါကတိပြုတယ်”
နာမည်ခေါ်ခံရသော သိုင်းသမားက အေးတိအေးစက်ဖြင့် တုံ့ဆိုင်းနေသည်။
“မင်းမသွားဘူးဆိုရင် ငါ့အဆိုးမဆိုနဲ့”
ဖာလာက မျက်လုံးပြူးကာ ဒေါသထွက်နေသောမျက်နှာကို ပြသသည်။
“မင်း တတ်နိုင်တုန်း ငါပေးတဲ့အခွင့်အရေးကို ယူလိုက်သင့်တယ်”
လီမုက ဖော်လော၏ အကြည့်အောက်တွင် နောက်သို့ပင် ယောင်ယမ်းဆုတ်မိသည်။
သူ့လည်ပင်းကို အဆိပ်ပြင်းသော မြွေတစ်ကောင် လာပတ်နေသလို ခံစားရသည်။
သူကြောက်လဲ ကြောက်သည်။ အတန်ငယ် တုံ့ဆိုင်းနေပြီးနောက် သမီးလေးမျက်နှာကို မြင်ယောင်ကာ
“ဆရာ…ကျုပ်ကို ကတိပေးပါ။ တကယ်လို့ ကျုပ်သေသွားပြီး ဆရာ အပြင်ထွက်နိုင်ခဲ့ရင် ကျုပ်သမီးလေးကို စောင့်ရှောက်ပေးပါ”
“ငါကတိပေးတယ်”
ဖော်လောက ခေါင်းညိတ်ကာ
“ငါအသက်ရှင်လျက် ပြန်ထွက်နိုင်ခဲ့ရင်ပေါ့”
လီမုက ဘာမှ ထပ်မပြောတော့ပါ။ နှုတ်ခမ်းကို တစ်ချက်ကိုက်ကာ လူအုပ်ထဲမှ တိုးထွက်လာသည်။
ပြီးနောက် ရှီယန်၏ ဂူထဲသို့ ပြေး၀င်သွားလေတော့သည်။
အကျဉ်းသား လူဆိုးအုပ်ကြီး လှုပ်လှုပ်ရွရွဖြစ်ကုန်ကြသည်။
သူတို့က ရှီယန်၏ ကျောက်ဂူအနီးသို့ တရွေ့ရွေ့ တိုးကပ်နေကြသည်။
ထိုအချိန်တွင် လီအိုနာနှင့် အခြားလူများက စူးရှတောက်ပသောမျက်လုံးများဖြင့် အာရုံစိုက်နေကြသည်။
သူတို့က မှန်ရေပြင်ပေါ်တွင် ပြသနေသော ဧရိယာကိုသာ မျက်တောင်မခပ်တမ်းစောင့်ကြည့်နေကြသည်။
ရှီယန် မည်သို့ ခုခံမည်နည်း။
သူက အဆင့်တက်နေချိန်တွင် မည်သူမဆို လက်ဝါးတစ်ချက် ရိုးရိုးရိုက်ရုံဖြင့် သူ့ကို သတ်သွားနိုင်သည်။
သူ ဘာတွေ ကြိုတင်ပြင်ဆင်ထားပါသနည်း။
လီမုက လျှပ်စီးကြောင်းလို တိုး၀င်သွားသည်။ လေထဲတွင်ရှိနေဆဲမှာပင် နတ်ဘုရားအသိကို ဖော်ထုတ်လိုက်သည်။ သူ၏ နတ်ဘုရားခန္ဓာသည်လည်း ရှေးဟောင်းသစ်ပင်ကြီးနှယ် မာကြောကြမ်းတမ်းလာသည်။
သူ့အရေပြားက သစ်ခေါက်ထူထူကြီးများလို ကြွတက်လာသည်။
သူ့ နတ်ဘုရားအသိကို ဖော်ထုတ်သောအခါ ပတ်၀န်းကျင်ရှိသစ်ပင်များက လိုက်ပါလှုပ်ယမ်းကြသည်။
သစ်ကိုင်းကြီးများ လိမ်ယှက်ကျိုးပဲ့ပါလာသည်။
သူ့ နတ်ဘုရားအသိက သစ်ကိုင်းကျိုးများကို သယ်ဆောင်ကာ ထက်ရှသော သစ်သားလှံများ မြှားတံများနှယ် သူနှင့်အတူ ဂူထဲသို့ လိုက်ပါတိုး၀င်သွားကြသည်။
၀ှစ်…ဝှစ်..ဝှစ်…
သစ်သားအပိုင်းအစများက ဂူအ၀င်၀တွင် အပိုင်းပိုင်းအစစ ပေါက်ကွဲထွက်သွားချိန် လီမုက ဂူအတွင်းသို့ တိုး၀င်ပျောက်ကွယ်သွားပြီဖြစ်သည်။
လူအများက တစ်စုံတစ်ရာဖြစ်ပျက်လာတော့မည်ကို စောင့်ဆိုင်းလျှက်ရှိကြသည်။
သို့သော် မည်သည့် မူမမှန်မှုမှ ထွက်ပေါ်မလာပါ။
စွမ်းအင်ပေါက်ကွဲမှုမရှိ။ဘာအော်ရာအရှိန်အဝါမှမရှိ။ယုတ်စွအဆုံး အသံတစ်သံပင် ထွက်မလာချေ။
လီမုကတော့ ပင်လယ်ထဲ ကျသွားသော ကျောက်တုံးတစ်တုံးလိုပင် စုံးစုံးမြုပ် ပျောက်ကွယ်သွားခဲ့သည်။
အကျဉ်းသားလူအုပ်ကြီးတစ်ခုလုံး တောင့်တင်းလာကြသည်။
သူတို့က လိုဏ်ဂူကို တွေဝေစွာ ငေးကြည့်နေကြသည်။
သူတို့နှလုံးသားထဲတွင် အမျိုးအမည်မသိသော အေးစက်မှုတစ်ခု ပေါက်ဖွားလာသည်။
လီအိုနာ၏ မျက်လုံးများက ပြန်လည်အေးဆေးလာကြသည်။
သက်သောင့်သက်သာအမူအယာဖြင့် သူက သစ်သီးတစ်လုံးကို ကောက်ဝါးလိုက်သည်။
လီမု ထံမှ မည်သည့် သတင်းပို့ချက်မှ ရောက်ရှိမလာပါ။
ဒါက သူဘာလုပ်ရမည်ကို ရှီယန်ကောင်းကောင်းသိနေကြောင်း သက်သေပြချက်ပင်ဖြစ်သည်။
ထို့ကြောင့် လီအိုနာက အနည်းငယ်စိတ်သက်သာရာရသွားသည်။
ရှီယန်ကို အလွယ်တကူ သတ်လို့ရမည်မဟုတ်မှန်း သူမနားလည်သည်။
“စဲ့လောင်…မင်းလိုက်သွား”
လာကေးက ပြတ်သားစွာ အမိန့်ပေးသည်။
“မင်းသေသွားရင် ငါမင်းမိသားစုကို စောင့်ရှောက်မယ်။ သွား”
စဲ့လောင်က နောက်ထပ် နတ်ဘုရင်ပထမအဆင့်တစ်ယောက်ဖြစ်သည်။
ဆုပ်လဲစူး စားလဲရူးအခြေအနေတွင် သူက မသိခြင်းပုစ္ဆာဖြစ်သော လိုဏ်ဂူထဲသို့သာ ပြေး၀င်သွားလေတော့သည်။
တူညီသော ဖြစ်ရပ်ပင် ထပ်မံဖြစ်ပွားလာသည်။
နောက်ထပ် ဘာလှုပ်ရှားမှု ဘာသံမှ မကြားရတော့။
ဂူထဲသို့ ၀င်သွားသူများသည် ပါးလွှာသော လေထုထဲတွင်ပင် ပျောက်ကွယ်သွားသလိုမျိုး။
လူတိုင်းပင် ကျောရိုးထဲမှ စိမ့်တက်လာကြသည်။
----- ----- ----- ----- ----- ----- ----- ----- -----

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Dove le storie prendono vita. Scoprilo ora