784

527 81 0
                                    

Chapter 784: ဥာဏ်များသော လူအိုကြီး
ရဲ့လန်နှင့် တိုင်မူတို့နှစ်ယောက်စလုံး နတ်ဘုရင်ဒုတိယအဆင့်များဖြစ်ကြသည်။
သူတို့က ခါသေ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့ကြသည်။
ထို့ကြောင့် တိုက်ပွဲအတွေ့အကြုံ ကြွယ်၀လှသူများချည်းဖြစ်သည်။
သူတို့နှစ်ယောက်ကို ဒီလို ပြေးလွှားနေရအောင် ဘယ်လိုလူက လုပ်လိုက်ပါသနည်း။
“ရပ်”
ရှီယန် ရုတ်တရက် အော်ဟစ်လိုက်သည်။
ရဲ့လန်နှင့် တိုင်မူတို့က မရပ်တန့်ခဲ့ပါ။ ထို့အပြင် သူ့ကိုမြင်သည်နှင့် သူတို့က စတင်တိုက်ခိုက်လေတော့သည်။
ရဲ့လန်က မြေကြီးဓါတ်ကျင့်ကြံသူဖြစ်သည်။သူမက နတ်ဘုရားအသိကို ဖော်ထုတ်လိုက်သည်နှင့် သူမပတ်၀န်းကျင်ရှိ မြေထုက တွန့်လိမ်သွားသည်။
အကန့်အသတ်မဲ့သော မြေကြီးစွမ်းအင်က ဖုန်မှုန့်များသဖွယ် ရှီယန်ကို အုပ်မိုးသည်။
တိုင်မူကလဲ နောက်မကျပါ။
သူ့ခန္ဓာကိုယ်ပတ်၀န်းကျင်တွင် လေပြင်းများတိုက်ခတ်လာသည်။
ထက်ရှသော ဓါးမြှောင်များကဲ့သို့ လေဓါးသွားများက သူ့ပတ်၀န်းကျင်ရှိ သစ်ပင်ခြုံနွယ်များကို အစိတ်စိတ်အပိုင်းပိုင်း ပြတ်တောက်စေသည်။
ဆွဲငင်အားခန်းမတွင် အတူလေ့ကျင့်ခဲ့ဖူးသောကြောင့် သူတို့၏ အစွမ်းကို ရှီယန်ကောင်းစွာနားလည်သည်။
သူတို့က မြေကြီးနှင့် လေ စွမ်းအင်ကို ကျင့်ကြံသည်။
သူတို့၏ နတ်ဘုရားအသိကို နှိုးဆွလိုက်လျှင် ရန်သူက မြေလျှိုးမိုးပျံပြီး ထွက်ပြေးလို့ပင်မရတော့ပါ။
ထို့ကြောင့်လဲ ခါသေ့က သူတို့နှစ်ယောက်ကို အစုံလိုက် အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေထဲ ၀င်ခွင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
သူတို့နှစ်ယောက်၏ စွမ်းအင်များက ပြိုင်တူ ပေါက်ကွဲထွက်လာသည်။
ဖုန်လုံးကြီးများ မြေပြင်မှ လိမ့်တက်လာပြီး လေပွေနှင့်ပူးပေါင်းကာ ရှီယန့်ကို ချက်ခြင်းဖုံးအုပ်သည်။
ရှီယန်၏ အာရုံခံစနစ်က ဆိုးဆိုးဝါးဝါး နှောက်ယှက်ခံနေရသည်။
မီတာနှစ်ဆယ်ပတ်လည်တွင် သူက သူတို့နှစ်ယောက်၏ တည်နေရာကို မထောက်လှမ်းနိုင်ပါ။
စွမ်းအင်လေပြင်းက ပြင်းထန်စွာ လှည့်ပတ်ပြီး သစ်ပင်ကြီးများကို အမြစ်မှ ဆွဲချွတ်ပစ်သည်။
ဒီလို စွမ်းအင်ရွှေ့လျှားမှုမျိုးက သူ့ခန္ဓာကိုယ်ကိုပင် လိမ်ချိုးပစ်ရန် လုံလောက်ပေသည်။
ဒါက ရှီယန် ရင်ဆိုင်ကြုံတွေ့ခဲ့သော အကျဉ်းသားများနှင့် ကွဲပြားခြားနားသည်။
ရဲ့လန်နှင့် တိမူ၏ ခွန်အားက အချင်းချင်း လိုက်ဖက်ညီမျှသည်။
သူတို့၏ ကောင်းကင်နှင့်မြေကြီးအပေါ် နားလည်မှုက ပိုမိုလေးနက်သိမ်မွေ့သည်။
မြေနှင့်လေ နတ်ဘုရားအသိ နှစ်ခုပေါင်းစပ်ကာ ဟန်ချက်ညီမျှစွာ ကြမ်းရမ်းသည်။
ဖုံးအုပ်ခံရချိန်တွင် ရှီယန်က ရုန်းမထွက်နိုင်ပါ။
လေပွေက သူ့ခန္ဓာကိုယ်ကို ဝှေ့ယမ်းသည်။ သူနင်းနေရသော မြေပြင်က အရင်လို ခိုင်မာမည်ဟု ယုံကြည်လို့မရတော့။
ချက်ခြင်းပင် ရှီယန် ခေါင်းများ နောက်လာသည်။
ရဲ့လန်နှင့် တိုင်မူတို့သည် ပြင်ပ အာကာသတွင် တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့သော အတွေ့အကြုံရင့် စစ်သည်တော်များဖြစ်သည်။
သူတို့၏ အံ့ဖွယ်စွမ်းအင်အသိကို အသုံးချကာ ခန္ဓာကိုယ်ကိုလဲ ခန္ဓာကိုယ်ကိုလည်း အပြင်းအထန် ကျင့်ကြံထားကြသည်။
သူတို့၏ နတ်ဘုရားအသိ နယ်နိမိတ်ထဲတွင် ရှီယန်က အလွန်သတိထားနေရသည်။
သူက အတန်ငယ် တုံ့ဆိုင်းနေပြီးနောက် ဟင်းလင်းပြင်စွမ်းအင် နတ်ဘုရားအသိကို ထုတ်လွှတ်လိုက်လေသည်။
ပြင်းထန်စွာတိုက်ခတ်နေသော လေပွေက ဆိုင်းငံ့သွားသည်။
ဖုန်မှုန့်များနှင့်အတူ စီးဆင်းနေသော မြေစွမ်းအင်က ပိတ်လှောင်သွားသည်။
သို့သော် သုံးစက္ကန့်မျှသာဖြစ်သည်။
သုံးစက္ကန့် အလွန်တွင် သူတို့နှစ်ယောက်၏ စွမ်းအင်က သူ၏ ကန့်သတ်ချုပ်လှောင်မှုကို ဖျက်ဆီးကာ သူ့ထံ နောက်တစ်ကြိမ် တိုး၀င်လာသည်။
သို့သော်လည်း ရှီယန်က နတ်ဘုရင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် သုံးစက္ကန့်ဟူသော အချိန်အတိုင်းအတာသည် လိုတာထက်ပင် ပိုပါ၏။
အထူးသဖြင့် တိုက်ပွဲတွင် သူက အရာများစွာ ပြုလုပ်ရန် လုံလောက်သည်။
ရှီယန်က ရဲ့လန်နှင့် တိုင်မူတို့၏ နတ်ဘုရားအသိ နယ်နိမိတ်မှ လွတ်မြောက်ကာ သူတို့အနီးသို့ ဖျတ်ကနဲ ရောက်ရှိသွားသည်။
သူက စိတ်ဆိုးစွာဖြင့် အော်ဟစ်လိုက်သည်။
“မင်းတို့ ဘာလုပ်တာလဲ”
သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် သီးခြားစွမ်းအင်တစ်ခု လည်ပတ်လာသည်။
သူ့ပတ်၀န်းကျင်တွင် စိန်ပွင့်များသဖွယ် တောက်ပနေသော ကြယ်တာရာအလင်းစက်များ လွှမ်းခြုံနေသည်။
“ကြယ်တာရာ ဥာဏ်အလင်း”
တိုင်မူက အံ့အားတကြီးဖြင့် အော်ဟစ်သည်။
သူက ရုတ်တရက် နိုးထလာသကဲ့သို့
“ရဲ့လန်…အဲ့ဒါ သူပဲ”
ရဲ့လန်က ကြက်သေသေနေပြီးမှ ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
“ဆွဲငင်အားခန်းထဲမှာ နင် ငါနဲ့ စကားပြောခဲ့ဖူးတယ်။ ငါ့မှာ မွေးချင်းဘယ်နှစ်ယောက်ရှိလဲ”
“အစ်ကိုတစ်ယောက်နဲ့ ညီမတစ်ယောက်”
ရှီယန်က ပြန်ဖြေလိုက်ပြီး မျက်မှောင်ကြုတ်ကာ
“ဒါတွေ ဘာလို့ လာမေးနေတာလဲ”
ရဲ့လန်က စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်ရင်း
“ဒါဆို နင်က အစစ်ပေါ့”
တိုင်မူကလဲ အခုမှ စိတ်ဒုံးဒုံးချနိုင်ဟန်ဖြင့်
“အဲ့ဒါ နောက်တစ်ကြိမ် ထပ်ဖြစ်ပြန်ပြီ ထင်နေတာ။ ငိုးတဲ့မှ…အဲ့ဒီအရူးက ငါ့စိတ်ကို ပြိုလဲစေတော့မယ်။ အမြင်မှားတာတွေ များလွန်းနေပြီ။ ငါ မတတ်နိုင်တော့ဘူး။ တကယ်ဖြစ်နေတာလား အာရုံမှားနေတာလားတောင် မခွဲခြားနိုင်တော့ဘူး”
ရှီယန် အံ့အားသင့်သွားသည်။
“မင်းတို့ ဘာတွေ ကြုံခဲ့ရတာလဲ”
သူတို့နှစ်ယောက်က စွမ်းအင်များကို ပြန်လည်သိမ်းဆည်းလိုက်သည်။
နတ်ဘုရာအသိစိတ် နယ်နိမိတ်က ပျောက်ကွယ်သွားသည်။
နေရာတစ်ခုလုံး ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
“မင်း အဆင့်တက်သွားတာလား”””
တိုင်မူ၏ မျက်လုံးများက ထက်ရှနေသည်။ သူက အံ့အားတကြီးဖြင့် အော်ဟစ်သည်။
“မင်းက အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေထဲမှာ အဆင့်တက်လိုက်တာလား”
ရဲ့လန်လည်း ကြောက်လန့်တုန်လှုပ်သွားသည်။
သူမက သတ္တဝါကောင်ဟု ထပ်တလဲလဲ ရေရွတ်နေသည်။
ရှီယန်က မျက်မှောင်ကြုတ်ရင်း စိတ်မရှည်စွာဖြင့်
“မှန်တယ်။ ငါ အဆင့်တက်သွားပြီ။ ဒါပေမဲ့ အခု ကိစ္စနဲ့ ဘာမှ မဆိုင်ဘူး။ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ငါကို ပြောပါ။ မင်းတို့ ဘာလုပ်ခဲ့လို့လဲ။ ဘာကြောင့် မင်းတို့ ပုန်းနေရတာလဲ။ အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေထဲမှာ မင်းတိုိ့ကို ဒီလို အခြေအနေမျိုး ရောက်အောင် ဘယ်သူ တွန်းပို့ခဲ့တာလဲ။ အိုကဲရာ အဖွဲ့လား ဒါမှမဟုတ် အရှင်မ လီအိုနာ အဖွဲ့လား…”
“တစ်ခုမှ မဟုတ်ဘူး”
ရဲ့လန်နှင့် တိုင်မူတို့က အားတင်းကာ ပြုံးလိုက်သည်။
“ဒါဖြင့် အကျဉ်းသားတွေလား…မင်းတို့ကို ဘယ်နှစ်ယောက်တောင် ဝိုင်းလိုက်နေလို့လဲ”
ရှီယန်က မယုံကြည်ဟန်ဖြင့် မေးသည်။
“မင်းတို့က အားမနည်းဘူး။ ပြီးတော့ တိုက်ပွဲအတွေ့အကြုံအများကြီးရှိတဲ့ စစ်သည်တော်တွေ။ ဒါတောင် ဘာတွေဖြစ်ခဲ့တာလဲ”
“နတ်ဘုရင် တတိယအဆင့် ငနဲအိုကြီးတစ်ယောက်ကြောင့်ပေါ့။ သူက တစ်မူထူးခြားတဲ့ စွမ်းအင်ဥာဏ်အလင်းကို ကျင့်ကြံတယ်။ သူက ပုံရိပ်ယောင်တွေ ဖန်တီးနိုင်တယ်။
လူ၊ ကုန်းမြေ၊ ကျောက်တုံး၊ မြစ်၊ တောင်တန်းတွေ ဖန်တီးနိုင်တယ်။ ကုန်ကုန်ပြောရရင် အစစ်အမှန် ကမ္ဘာတစ်ခုလို သူက အရာရာတိုင်းကို ဖန်တီးနိုင်တယ်”
တိုင်မူက ကြောက်လန့်နေဆဲဖြစ်သည်။
“သူ့ရဲ့ အာရုံလှည့်စားမှုအောက်မှာ ငါတို့က မိတ်ဆွေ သူငယ်ချင်းတွေ အများကြီးနဲ့ တိုက်ခိုက်ခဲ့ရတယ်။ ဆရာ ခါသေ့နဲ့တောင် တိုက်ခိုက်ခဲ့ရတယ်။ မင်းစဉ်းစားကြည့်။ ငါတို့ အသတ်ခံရတော့မလို့။ ပြီးတော့ ငါနဲ့ ရဲ့လန် လူစုကွဲသွားတယ်။ ပြန်တွေ့တဲ့အခါမှာ ရဲ့လန်က ရဲ့လန်အစစ်မဟုတ်သလို ရဲ့လန်နဲ့ တွေ့တဲ့ ငါကလဲ ငါအစစ်မဟုတ်ဘူး။
ငါတို့တွေ ဆိုးဆိုးဝါးဝါး လုပ်ကြံခံရတယ်။ ငါတို့ တအားပင်ပန်းနေပြီ။ သူငါတို့နောက်ကို တစ်ချိန်လုံး အမဲလိုက်နေခဲ့တာ”
ရဲ့လန်သည်လည်း ကူကယ်ရာမဲ့သလို ခံစားနေရသည်။
“အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေမှာ နတ်ဘုရင်အဆင့် သိုင်းသမားတွေ အများကြီးပါ။ ဒါပေမဲ့ ငါတို့နှစ်ယောက်ပေါင်းရင် သူတို့ကို ကြောက်စရာမလိုဘူး။
ဒါပေမဲ့ ဒီလူရဲ့ စွမ်းအင်ကတော့ ထူးဆန်းလွန်းတယ်။ အခုအချိန်ထိ ငါတို့သူ့ကို မမြင်ဖူးသေးဘူး။ သူ့ရဲ့ ငှက်ဆိုးထိုးသလို ရယ်သံကြီးကိုပဲ ကြားနေရတယ်။
ရှီယန်၏ သွေးများ ပွက်ပွက်ဆူလာသလို ခံစားရသည်။
“နတ်ဘုရင် တတိယအဆင့်လား။ သူက ပုံရိပ်ယောင်ကမ္ဘာနဲ့ သက်ရှိတွေကို ဘယ်လို ဖန်တီးရမလဲ သိတယ်ပေါ့။ မင်းတို့က ဝိညာဉ်အသိနဲ့ အာရုံမခံနိုင်ဘူးလား”
“ငါတို့ စွမ်းအင်အဆင့်က သူ့ထက် နိမ့်ကျတယ်လေ။ ငါတို့တစ်ခုခု ကြုံတွေ့ရင် ဒါက အာရုံမှားလား တကယ့်အစစ်လား မခွဲနိုင်တော့ဘူး။
သူဖန်တီးထားတဲ့ ပုံရိပ်ယောင်တွေမှာလဲ အသက်ဓါတ်ဖြာထွက်မှုတွေ ရှိနေတာပဲ။
သိပ်ကိုတူလွန်းတယ်။ အဲ့ဒါတွေကို အစစ်အမှန် ဟုတ်မဟုတ် ငါတို့ မပြောနိုင်ဘူး”
တိုင်မူက ခေါင်းခါယမ်းရင်း နားထင်နှစ်ဖက်ကို ဖိကာ
“ဘယ်လိုပဲဖြစ်ဖြစ် သူ့ဥာဏ်အလင်းမှာ သတ်ဖြတ်ခြင်း စွမ်းအင်က သိပ်အားမကောင်းသေးဘူး။ မဟုတ်ရင် ငါတို့ ခုချိန်ထိ ရှင်နေမှာမဟုတ်ဘူး။ ဒါပေမဲ့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း ငါတို့ တအားကို မောပန်းနေပြီ”
“ကြည့်ရတာ မင်းတို့ ဒုက္ခက မသေးဘူးပဲ”
ရှီယန်က တစ်ချက်စဉ်းစားလိုက်ပြီးနောက် ပြုံးလိုက်သည်။
“တကယ်လို့ ငါတို့ သူနဲ့ နောက်တစ်ကြိမ် ရင်ဆိုင်တိုးမိရင် ပူးပေါင်းတိုက်ခိုက်ကြတာပေါ့။ အဲ့ဒီငနဲကြီးက ဒီနားမှာ ရှိသေးလား”
ပြီးနောက် သူက ခါးတွင်ချိတ်ဆွဲထားသော သန့်စင်ခြင်းတံဆိပ်ပြားသို့ ဝိညာဉ်အသိ ပို့လွှတ်ကာ အာရုံခံကြည့်လိုက်သည်။
ရှီယန်က အချိန်အတော်ကြာအောင် စောင့်ကြည့်နေသည့်တိုင် မည်သည့် စွမ်းအင်ဖြာထွက်မှုကိုမျှ မရခဲ့ပါ။
သူက စိတ်ကို ဖြေလျှော့လိုက်သည်။
“သူ ဒီနားမှာ ရှိကို ရှိနေမှာသေချာတယ်။ ဒီကောက်ကျစ်တဲ့ မြေခွေးအိုကြီးက မကျွတ်နိုင်တဲ့ တစ္ဆေတစ်ကောင်လိုပဲ။ ဘယ်တော့မှ ပျောက်မသွားဘူး။ သူ အခု ထွက်သွားဦးမှာမဟုတ်ဘူး။ အေးလေ..-ီးတဲ့မှ… သူက ငါတို့ သန့်စင်ခြင်း တံဆိပ်ပြားကို ပစ်မှတ်ထားနေတာကိုး။ ဒါမှ သူ ရှင်သန်ခွင့်ရမှာလေ”
တိုင်မူက ကျိန်ဆဲနေရင်း ကောင်းကင်ထက်သို့မော့ကာ ဒေါသတကြီးဖြင့်
“ဟေး…ခွေးမျိုးကြီး…မင်း သတ္တိရှိရင် ဒီမှာ လာတိုက်လေ။ သူရဲဘောကြောင်မနေနဲ့”
“ဟီးဟီးဟီး…ငါက ဦးခေါင်းကို ဝှက်ပြီး အမြှီးပဲ ထုတ်ပြတတ်တယ်။ ငါ လူတွေနဲ့ မတွေ့ရဲဘူး။ မင်းတို့က ငါ့လို အိုကြီးအိုမကို သနားညှာတာသင့်ပါတယ်”
ဆိုးဝါးသော အသံမွဲခြောက်ခြောက်ကြီးက သစ်တောထက်တွင် လေတိုက်သကဲ့သို့ ဝေ့၀ဲနေသည်။
တည်နေရာကို ထောက်လှမ်းလို့မရ။
“စိတ်၀င်စားစရာပဲ။ နောက်ထပ် နတ်ဘုရင် ပထမအဆင့် သားကောင်လေး။ ဟီးဟီးဟီး…နောက်ဆုံးတော့ ငါ ဒီ သောက်သုံးမကျတဲ့နေရာက လွတ်ဖို့ သေချာသွားပြီပေါ့”
အသံက အကြိမ်ဖန်များစွာ ပဲ့တင်ထပ်နေပြီး အနီးကလာသလိုလို အဝေးမှလိုလိုဖြစ်နေသည်။
ရှီယန်၏မျက်နှာက တဖြည်းဖြည်း ပြောင်းလဲလာသည်။
သူက သန့်စင်ခြင်းတံဆိပ်တော်သို့ ဝိညာဉ်အသိပို့လွှတ်ကာ ဒုတိယအကြိမ် အာရုံခံလိုက်သည်။
သူ့မျက်နှာက ရုတ်တရက် မည်းမှောင်သွားကာ
“သူက သန့်စင်ခြင်းတံဆိပ်ရဲ့ အာရုံခံစနစ်ကို ရှောင်တိမ်းနိုင်တာလား”
တိုင်မူနှင့် ရဲ့လန်တို့က စိတ်ဆင်းရဲစွာ ခေါင်းညိတ်ပြကြသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ”
ရှီယန် ဝေခွဲမရဖြစ်နေသည်။
“အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေမှာ သန့်စင်ခြင်းတံဆိပ်တော်က ဘယ်တုန်းကမှ မမှားခဲ့ဖူးဘူး။
ဒါပေမဲ့ ဒီငနဲအိုကြီးက ငါတို့နားမှာရှိတာသေချာတယ်။ ဒါတောင် ငါတို့ သူ့အသက်စွမ်းအင်ကို ရှာမတွေ့နိုင်ဘူး”
“ငါတို့လဲ မသိဘူး။ ဒါကြောင့် သူက အန္တရာယ်များနေရတာပဲ။ သန့်စင်ခြင်းတံဆိပ်တော်နဲ့ဆို ငါတို့ဟာ မုဆိုးတွေပဲဖြစ်နေသင့်တာ။ ဒါပေမဲ့ အခုတော့ ငါတို့က ပြန်အမဲလိုက်ခံနေရတယ်။
ငါတို့ ဘယ်မှာရှိလဲ သူသိနေတယ်။ ဒါပေမဲ့ သူ့နေရာကိုတော့ ငါတို့ ထောက်လှမ်းလို့မရဘူး။
သူက အမှောင်ထဲမှာ။ ငါတို့က အလင်းထဲရောက်နေတယ်”
ရဲ့လန်က ကိုယ့်ဆံပင်ကိုယ်ဆွဲကာ ငြီးငြူသည်။
“ဒီ ဥာဏ်နီဥာဏ်နက်များတဲ့ ငနဲကြီးက အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေကို ကျွမ်းကျင်တယ်။
ကြည့်ရတာ သူဟာ ဒီကို အခုမှရောက်ဖူးတာမဟုတ်ဘူး။
သူက မြေမျက်နှာသွင်ပြင်နဲ့ နေရာတစ်ခုချင်းစီရဲ့ သီးခြား သဘာဝတွေကို နားလည်ပြီး ပုံရိပ်ယောင် ဖန်တီးနိုင်တယ်။ သူဒီနေရာနဲ့ မရင်းနှီးရင် ဒီလောက် အသားကျနေမှာမဟုတ်ဘူး”
“ကောင်မလေး…မင်း မှန်တယ်။ ဒီအနေအထိ အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေ ပြိုင်ပွဲမှာ ငါးကြိမ် ပါဝင်ခဲ့တယ်။ အကြိမ်တိုင်းမှာ ငါဟာ သားကောင် ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ငါ နှစ်ပေါင်း (၂၅၀) ကျော် အသက်ရှင်ခဲ့တယ်။ ဟီးဟီး…အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေက နေရာကောင်း တစ်ခုပဲ။ ငါ့စွမ်းအင်အဆင့်က တစ်ဆို့နေပြီး ဒီနေရာက အသုံးမ၀င်တော့လို့သာမဟုတ်ရင် ငါ အလျင်စလို ထွက်ခွာမှာ မဟုတ်ဘူး။ ငါ မင်းတို့ကို အသက်ရှင်ဖို့ အခွင့်အရေး ပေးချင်ပေးဦးမှာ”
သူ့အသံတွင် ယခုပင် ခြုံခိုတိုက်ခိုက်တော့မည်ကဲ့သို့ ကောက်ကျစ်မှုများ ပါ၀င်နေသည်။
ခုနတုန်းက သူတို့အချင်းချင်း တီးတိုးပြောနေကြခြင်းဖြစ်သော်လည်း ထိုလူက ကြားသိနိုင်သည်။
ပြီးတော့ သူ၏စကားကြောင့် ရှီယန်တို့၏ မျက်နှာများ သွေးဆုတ်ဖြူလျော်သွားကြသည်။
အထွတ်အထိပ် သန့်စင်ခြင်းနယ်မြေတွင် ငါးကြိမ်တိုင် ပါ၀င်ခဲ့သည်။
ထိုအဓိပ္ပါယ်က အနည်းဆုံး လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ရာ့ငါးဆယ်ကတည်းက သူက အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေသို့ ပို့ဆောင်ခြင်းခံရပြီးဖြစ်သည်ဟု အဓိပ္ပါယ်ရသည်။
သူသည် လွန်ခဲ့သော နှစ်နှစ်ရာကျော်ကတည်းက သေမိန့်ကျ အကျဉ်းသားဖြစ်ခဲ့သည်။
သူက အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေတွင် ကစားပွဲများကို ပါးနပ်စွာကစားရင်း အခက်အခဲများအားလုံးကို ကျော်လွှားခဲ့သည်။
ဒါက ထိုသူ မည်မျှ အားကောင်းကြောင်း ပြသနေသည်။
သူ့စကားအရ အကယ်၍ နတ်ဘုရင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခြင်းကြောင်းမဟုတ်လျှင် ဤနေရာတွင် ဆက်လက်ကျင်လည်ဦးမည်ဟု ဆို၏။
ဒီလိုလူစားမျိုးတစ်ယောက်က သူတို့၏ သန့်စင်ခြင်းတံဆိပ်တော်ကို အာရုံကျနသည်။
ရဲ့လန်နှင့် တိုင်မူတို့ ဘာပြောရမှန်းပင်မသိတော့ပါ။
သူတို့၏ ကံဆိုးမှုကိုသာ အပြစ်တင်ရတော့မည်။
“တကယ်တော့ ငါက လူကောင်း တစ်ယောက်ပါ။ တကယ်ပါ။ ငါ မင်းတို့ အသက်ကို မလိုချင်ဘူး။ တကယ်လို့ ငါကို သန့်စင်ခြင်း တံဆိပ်တော် တစ်ခု ပေးမယ်ဆိုရင် မင်းတို့နောက်ကို ထပ်မလိုက်တော့ဘူး။ ဒါကို ဘယ်လိုထင်လဲ”
အမှောင်ထဲမှ အဖိုးကြီးက တဟီးဟီးရယ်မောရင်း ဆက်ပြောသည်။
“မင်းတို့ထဲမှာ နတ်ဘုရင် ပထမအဆင့်က အားအနည်းဆုံးပဲ။ သူကို အလွယ်တကူ သတ်လို့ရတယ် မဟုတ်လား။ ကောင်းပြီ။ သူကို သတ်လိုက်ရင် သန့်စင်ခြင်း တံဆိပ်တော် တစ်ခု အပိုထွက်လာမယ်။ အဲဒါ ငါကို ပေးပါ။ ငါ မင်းတို့ကို ထွက်သွားခွင့် ပေးမယ်။ မင်းတို့ ဘယ်လို ထင်လဲ”
ထိုအဖိုးကြီး၏ မက်လုံးပေးမှုက ရှီယန်နှင့် အခြားလူနှစ်ယောက်ကြားမှ ဆက်ဆံရေးကို အလွယ်တကူ ဆွဲဖြဲပစ်နိုင်ရန် လုံလောက်သည်။
ထိုစကားကိုကြားပြီးနောက် ရဲ့လန်နှင့် တိုင်မူတို့ ငြိမ်သက်သွားကြသည်။
သူတို့၏ မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်များ တဖျတ်ဖျတ် တောက်ပလာသည်။
ရှီယန် ထိတ်ကနဲဖြစ်သွားသည်။
သို့သာ် သူက နှာခေါင်းတစ်ချက်ရှုံ့ရင်း အခြေအနေကို ဆက်လက်စောင့်ကြည့်နေသည်။
ခါသေ့၏ တပည့်နှစ်ယောက် ဘယ်လိုဆုံးဖြတ်ကြပါမည်နည်း…။
----- ------ ----- ------- ------- ------ ----- ------ ------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora