790

570 78 0
                                    

Chapter 790: တားမြစ်နယ်မြေ၏ ဆန်းကြယ်မှုများ
“ခင်ဗျား သန့်စင်ခြင်းတံဆိပ်တော်ရဲ့ အာရုံခံနိုင်စွမ်းကို ဘယ်လို ရှောင်နိုင်တာလဲသိချင်တယ်။ ခင်ဗျားရဲ့ အသက်ဓါတ်ဖြာထွက်မှုကို ဘယ်လိုဖျောက်ထားတာလဲ။ ပြီးတော့ ဒီ တားမြစ်နယ်မြေထဲကို ဘယ်လို၀င်ခဲ့တာလဲ”
ရှီယန်က စမ်းချောင်းဘေးတွင် ခိုင်ခိုင်မာမာ ရပ်သည်။
သူက သတိရှိနေသည့်တိုင် ဂရုစိုက်ဟန်မပြပါ။
အဖိုးကြီးက သူ့ကို ဒုတိယအကြိမ် တိုက်လိမ့်မည်ဟု သူမထင်ပါ။အဖိုးကြီးနှင့် သူ ညှိနှိုင်းလို့ရပြီဟု သူထင်သည်။
မှန်ပါသည်။ သူက ထပ်မံ မတိုက်ခိုက်ရဲတော့ပါ။
ရှီယန်ကဲ့သို့ပင် အဖိုးကြီး တည်ငြိမ်လာခဲ့သည်။
“မင်းသိချင်တာတွေအားလုံးက ဒီကျောက်တုံးနဲ့ ဆက်စပ်နေတယ်”
ပြောရင်း သူက ကုဗတုံးပုံ ကျောက်တုံးတစ်တုံး ထုတ်ယူလိုက်သည်။
ထိုကျောက်တုံးတွင် သဘာ၀ပန်းချီကားများနှင့်တူသော အစီအရင်များ ရေးဆွဲထားသည်။
ကုဗတုံးတွင် ထည့်သွင်းထားသော မှော်စွမ်းအင်တစ်မျိုးကြောင့် ရုပ်ပုံများက အသက်၀င်လှုပ်ရှားလျှက်ရှိသည်။
အဖိုးကြီးက သွားဖြီးကာ ပြုံးလိုက်ရင်း ကျောက်တုံးကို မြေပေါ် ချထားလိုက်သည်။
“စမ်းကြည့်လိုက်”
ရှီယန်က ဝိညာဉ်အသိစီးကြောင်းတစ်ခုကို သန့်စင်ခြင်းတံဆိပ်အတွင်း ထည့်သွင်းလိုက်သည်။
မျက်လှည့်ပြနေသလိုပင်ဖြစ်၏။
သူ့ရှေ့တွင်ရပ်နေသော အဖိုးကြီး၏ အသက်ဓါတ်စွမ်းအင်အတက်အကျကို သန့်စင်ခြင်းတံဆိပ်တွင် မဖော်ပြခဲ့ချေ။
ရှီယန်၏မျက်လုံးများက တောက်ပသွားသည်။
ကုဗတုံးကို လေ့လာနေရင်း သူက အံ့သြစွာဖြင့်
“ဒီကျောက်တုံးက သန့်စင်ခြင်းတံဆိပ်ရဲ့ အာရုံခံနိုင်စွမ်းကို ဖြတ်တောက်လိုက်တာပဲ။
ကျုပ်ဝိညာဉ်အသိ ခင်ဗျားဆီမရောက်အောင်လို့လဲ တားဆီးပေးတယ်”
“မှန်တယ်”
အဖိုးကြီးက ဂုဏ်ယူဝံ့ကြွားစွာ ပြုံးသည်။
သူက ကုဗတုံးကို ပြန်ကောက်ယူလိုက်ပြီးနောက်
‘ဒီမှော်ရတနာနဲ့ဆိုရင် အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေက ပြိုင်ပွဲ၀င်တွေဟာ ငါ့ကို အာရုံမခံနိုင်ဘူး။ ဒီရတနာနဲ့ ငါက အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေတစ်ခွင်က တားမြစ်နယ်မြေ ကိုးဆယ့်ကိုးခုကို စိတ်ကြိုက် ၀င်ထွက်နိုင်တယ်”
ကျောက်တုံးက သူ့အင်္ကျီလက်စရှည်ထဲတွင် ပြန်လည်ပျောက်ကွယ်သွားသည်။
ရှီယန်၏ အာရုံခံနိုင်စွမ်းက အလုပ်မလုပ်ခဲ့ပါ။
သန့်စင်ခြင်းတံဆိပ်သည် အဖိုးကြီး၏ တည်နေရာကို မဖော်ပြနိုင်။
သူတို့ မျက်နှာချင်းဆိုင်ရပ်နေသည့်တိုင် ရှီယန်၏ ဝိညာဉ်အသိက ထိုလူအိုကြီး၏ အသက်ဓါတ်ဖြာထွက်မှုကို အာရုံမခံနိုင်ခဲ့ပါ။
ထို ကုဗတုံးသည် နတ်ဘုရားဝိညာဉ်နှင့် ဝိညာဉ်ယဇ်ပလ္လင်ကိုပါ ဖျောက်ပေးထားနိုင်သည်။
အံ့ဖွယ်ကိရိယာတစ်ခုပင်တည်း။
“ဒါကို ဘယ်ကရခဲ့တတာလဲ”
ရှီယန် သိချင်စိတ် ပြင်းပြနေမိသည်။
“ဟဲဟဲ…ငါမင်းကို မပြောပြနိုင်ဘူး။ ငါပြောနိုင်တာကတော့ ငါ့အပြင် ဒီကျောက်တုံးပိုင်ဆိုင်ထားသူတွေဟာ အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေရဲ့ အကြမ်းဆုံး အကျဉ်းသားတွေပဲ။အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေထဲမှာ အကြိမ်ကြိမ်လေ့ကျင့်ခဲ့ပြီးနောက်ပိုင်း ဒီကိစ္စကို လျှို့ဝှက်ထားဖို့ ငါတို့အချင်းချင်း ကတိက၀တ်ထားခဲ့ကြတယ်။ အမှောင်နတ်ဘုရားနိုင်ငံ ပိုင်ရှင်ကြီး တုတျန်းကျင်တောင် ဒီအကြောင်း မသိဘူးလေ”
အဖိုးကြီးက သွားဖြီးကာ ပြုံးလိုက်ရင်း
“ငါ အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေမှာ ငါးကြိမ်တိုင်ပါ၀င်ခဲ့ပြီး အကြိမ်တိုင်း အသက်ရှင်ကျန်ရစ်နိုင်တာ ဒါကြောင့်ပဲပေါ့။ ငါမယှဉ်ပြိုင်နိုင်တဲ့ တစ်စုံတစ်ခုနဲ့ကြုံလာတိုင်း ငါက တားမြစ်နယ်မြေတွေထဲ ၀င်ပုန်းလိုက်ရုံပဲလေ”
ရှီယန်၏ မျက်လုံးများ တောက်ပသွားကြသည်။
သူက ခေါင်းညိတ်လိုက်ရင်း
“မဆန်းတော့ဘူး။ ခင်ဗျားလည်း ပြိုင်ဘက်ကောင်းတွေ တွေ့ကြုံခဲ့ပုံပဲ။ ဒီလိုနေရာမျိုး ကိုးဆယ့်ကိုးခုရှိတယ်လို့ ခင်ဗျားပြောတယ်နော်။ အားလုံး တားမြစ်နယ်မြေတွေချည်းပဲလား”
“မှန်တယ်။ စုစုပေါင်း ကိုးဆယ့်ကိုးခုရှိတယ်။ ငါထင်တာမမှားရင် အဲ့ဒီနေရာတွေက အထွတ်အထိပ် သန့်စင်ခြင်းနယ်မြေကြီး လည်ပတ်ဖို့ရာ ၀င်္ကဘာမျက်လုံးတွေ သော့ချက်တွေ ဆက်ကြောင်းတွေဖြစ်လိမ့်မယ်။ကုဗတုံး ပိုင်ဆိုင်သူသာ အန္တရာယ်ကင်းကင်းနဲ့ ၀င်ရောက်နိုင်တယ်”
အဖိုးကြီးက သူ့ကိုကြည့်လိုက်ရင်း ဇဝေဇ၀ါဖြင့်
“မင်းဒီထဲကို ၀င်လာနိုင်တာ တုန်လှုပ်စရာပဲ။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်တာလဲ။ ငါသိသလောက် နတ်ဘုရင် တတိယအဆင့်ဖြစ်တဲ့ ငါကိုယ်တိုင်တောင် ဒီကုဗတုံးမရှိပဲ မ၀င်နိုင်ဘူး”
“ကျုပ်လဲ ခင်ဗျားကို ပြောမပြနိုင်ဘူး”
ရှီယန်က ခပ်ဖျော့ဖျော့ပြုံးရင်း
“လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ ရှိကြတာပဲလေ။ ခင်ဗျားက များများမပြောချင်ရင် ကျုပ်လဲ အတူတူပဲပေါ့”
“ကောင်းပြီ။ အခု ငါမင်းကို တစ်နေရာခေါ်သွားမယ်”
အဖိုးကြီးက အတန်ငယ်စဉ်းစားလိုက်ပြီးနောက် ပြုံးလိုက်ရင်း
“မင်းကြိုက်မှာပါ။ သြော်…ငါ့နာမည်က ကျန်းကောလို့ခေါ်တယ်…မင်းက..”
“ရှီယန်”
“ငါ့နောက်လိုက်ခဲ့ ရှီယန်…ငါမင်းကို အဲ့ဒီနေရာ ခေါ်သွားမယ်”
ကျန်းကောအမည်ရ အဖိုးကြီးက သူ့ခန္ဓာကိုယ်မှ သွေးအလိမ်းလိမ်းဒဏ်ရာများကို ဂရုမစိုက်တော့ပဲ ရှေ့မှ လျှောက်သွားသည်။
သူက ပိုပြီး စိတ်လှုပ်ရှားလာဟန်ရသည်။
သူတို့က တောင်ကြား၏ နက်ရှိုင်းသောအပိုင်းဘက်ကို ဦးတည်သွားနေကြခြင်းဖြစ်သည်။
ရှီယန်ကလည်း အများကြီး စဉ်းစားမနေပဲ လိုက်ပါသွားပါသည်။
တောင်ကြားတစ်လျှောက်လုံး ပန်းများဖူးပွင့်ဝေဆာနေသည်။
မြက်ခင်းစိမ်းစိမ်းများကလဲ ဧရိယာတစ်ခုလုံး ဖုံးလွှမ်းနေ၏။ ကြည်လင်သော စမ်းချောင်းလေးများတွင် ငါးများကူးခပ်လျှက်ရှိသည်။
မြင်ကွင်းတစ်ခုလုံးက အလွန်သဟဇာတဖြစ်ကာ ငြိမ်းချမ်းလှပြီး သုခဘုံသို့ ရောက်နေသည့်နှယ်။
သွေးညှီနံ့တို့ ကြီးစိုးရာ အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေတွင် ဒီလိုအေးချမ်းသော နေရာမျိုး ရှိနေလိမ့်မည်ဟု ဘယ်သူမှ တွေးမိလိမ့်မည်မဟုတ်ပါ။
တားမြစ်နယ်မြေများသည် ဖော်မပြနိုင်လောက်အောင်ပင် အန္တရာယ်ကြီးမားသည်။ သို့သော် ၄င်းတို့က သီးခြားကမ္ဘာလေးများကို မြှုပ်ကွယ်ထားခဲ့လေ၏။
ကျန်းကောက ဤနေရာနှင့် အလွန်ရင်းနှီးပုံရသည်။
သူက တောင်ကြား၏ အနက်ရှိုင်းဆုံးအပိုင်းဆီ လျှောက်နေရင်း ရှင်းပြနေသည်။
“ငါ့လိုပဲ ကုဗတုံးပိုင်ဆိုင်တဲ့လူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေတွေကို သိမ်းပိုက်ထားကြတယ်။
ဟုတ်တယ်။ သူတို့က တားမြစ်နယ်မြေတွေထဲမှာပဲ။ သိပ်ကို အံ့သြစရာကောင်းတဲ့ နယ်မြေတွေ”
ရှီယန်က ဂရုတစိုက် နားထောင်ရင်း ပြန်လှန်မေးခွန်းထုတ်သည်။
“ခင်ဗျားက အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေရဲ့ တားမြစ်နယ်မြေမှာ နေထိုင်တယ်။ ပြိုင်ပွဲကာလ သုံးနှစ် ကျော်လွန်သွားတဲ့အခါ တခြားလူတွေက ခင်ဗျားကိုအာရုံခံနိုင်ပြီလား”
ကျန်းကောက နောက်လှည့်ကြည့်ကာ ရယ်မောလိုက်ရင်း
“မင်းဘယ်လိုထင်လဲ”
“အပြင်ကလူတွေက ခင်ဗျားကို ရှာမတွေ့နိုင်လောက်ဘူး”
ရှီယန်က မရေမရာပြောသည်။
“ဘယ်ရှာတွေ့ပါ့မလဲ။ ဒါတောင် ငါက အမြဲ အပြင်ထွက်နေတာ။ တခြား တားမြစ်နယ်မြေလေးခုမှာနေတဲ့ လူလေးယောက်ဆို တစ်ခါမှ အပြင်မထွက်လာကြတော့ဘူး။သူတို့က တားမြစ်နယ်မြေထဲမှာပဲ တစ်ချိန်လုံး နေထိုင်နေကြတာ။ အမှောင်နတ်ဘုရားနိုင်ငံရဲ့ ဘုရင်ကတောင် သူတို့ကို သေပြီပဲထင်တာ။ ဒီကောင်တွေ ပိုကောင်းတဲ့ဘ၀အသစ်မှာ နေထိုင်နေကြမှန်း သူမသိဘူးရယ်။ ငါတောင်မှ မဖြစ်မနေ ဆောင်ရွက်ရမယ့်ကိစ္စရှိလို့ ဒီကနေ ထွက်ချင်တာ။ ဟိုလေးယောက်ကတော့ တားမြစ်နယ်မြေတွေကို သူတို့အိမ်လိုပဲ သဘောထားနေကြပြီ။
သူတို့က ပြန်တောင်မထွက်ချင်တော့ဘူး”
အဖိုးကြီး ကျန်းကောက ပြောပြီးနောက် ဆက်သွားသည်။
ရှီယန်၏ မျက်လုံးများတွင် ထူးဆန်းသော အရောင်များ ထွက်ပေါ်လာသည်။
သူကြားရတာတွေက အံ့သြစရာတွေချည်းဖြစ်သည်။
ဒီအဖိုးကြီးပြောတာ အမှန်ဆိုပါက အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေတွင် သူ့လို ကုဗတုံးပိုင်ဆိုင်သူ နောက်ထပ် လေးယောက်ရှိနေသေးသည်။
သူတို့က အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီးဖြစ်သောကြောင့် သက်တမ်းနှင့် စွမ်းအင်အဆင့်တို့မှာ သာမန်မဖြစ်နိုင်တော့ပါ။
တော်တော်လေး ကြမ်းမည့် လေးယောက်ဟု ခန့်မှန်းနိုင်သည်။
သူတို့ထံတွင် ကုဗတုံးများရှိနေသောကြောင့် ဧကရာဇ် တုတျန်းကျင်ကိုယ်တိုင် သူတို့ရှိနေတာ မသိတော့ပါ။
သို့သော် ထိုလူလေးယောက်က ဘာကြောင့် အပြင်လုံး၀ မထွက်ပါသနည်း။
မကြာမီပင် ရှီယန် အဖြေသိရတော့သည်။
အဖိုးကြီးကျန်းကောက တစ်နေရာအရောက်တွင် ရပ်တန့်သွားသည်။
တောင်ကြားအဆုံးသို့ ညွှန်ပြရင်း အော်ဟစ်လိုက်သည်။
“ငါတို့ရောက်ပြီ”
ရှီယန်လည်း ခြေလှမ်းရပ်လိုက်သည်။
ပထမအကြည့်နှင့်တင် သူက ကြက်သေသေလို့သွားသည်။
ခမ်းနားကြီးကျယ်လှသော မဟာနန်းတော်ကြီး။
တောင်နှစ်ခု၏ အကြား တောင်ကြားလမ်းအဆုံးတွင် တည်ရှိနေသည်က မဟာနန်းတော်ကြီးဖြစ်သည်။
ဘေးတစ်ဖက်တစ်ချက်စီမှ မိုးသို့ထိုးအောင် ထောင်တက်သွားသောတောင်နံရံနှစ်ဖက်က နန်းတော်ကြီးကို ထောက်ကူပေးထားသည်။
နန်းတော်ထက်တွင် တိမ်ထူထူများ ရစ်ဝဲနေပြီး အလင်းရောင်ကို အမြဲတမ်း ကာကွယ်ထားသည်။
မဟာနန်းတော်ကြီးကိုယ်တိုင်က နတ်ဘုရားရောင်ခြည်များဖြင့် လင်းနေသည်။
နန်းတော်ကြီးကို ရွှေ၊ ကျောက်စိမ်း၊ အစရှိသော အဖိုးတန်ကျောက်မျက်များ စီခြယ်ထားသည်။
ချွန်မြင့်သော ခေါင်မိုးကြီးများက လက်ရာမြောက်လှသည်။
ဧရာမ ကျောက်ဖြူတိုင်ကြီးများနှင့် ခမ်းနားထည်ဝါသော နန်းတော်ကြီးသည် အမှန်တကယ်ပင် နတ်ဘုံနတ်နန်းတစ်ခုသဖွယ်။
ယခု သူတို့က နန်းတော်ကြီး၏ ကျောက်ဖြူသား တိုင်လုံးကြီးအောက်တွင် ရပ်နေကြခြင်းဖြစ်ပြီး မြင့်မားစွာထိုးတက်သွားသော ကျောက်တိုင်ကြီးကို မော့ကြည့်ကာ မိမိကိုယ်မိမိ အလွန်သေးငယ်သည်ဟု ခံစားရသည်။
နန်းတော်၏ အခြေခံ အုတ်မြစ် အနက်ပိုင်းဆီမှ တစ်ချက်တစ်ချက် ဖြာထွက်လာသော မှော်စွမ်းအင်များက တိုင်လုံးကြီးများကို ရိုက်ခတ်ကာ တွန့်ခေါက်သွားသည်။
တိုင်လုံးကြီးများကို ဖြတ်သန်းလာခဲ့သော စွမ်းအင်က အလွှာခုနှစ်ထပ်အဖြစ် ကွဲထွက်ကာ သဘာ၀ ခွန်အား အကာအကွယ်လွှာများအဖြစ် ပတ်ပတ်လည်ကို လွှမ်းခြုံသည်။
တိကျသေသပ်သော တည်ဆောက်ပုံစံနစ်က ရှီယန်ကို ပါးစပ်အဟောင်းသားဖြစ်လို့နေစေ၏။
ရှီယန်က အလိုလိုပင် အထဲသို့ တိုး၀င်သွားမိသည်။
ကျန်းကောက ရုတ်တရက်
“ရှီယန် သတိထား”
ရှီယန် တုံ့ကနဲဖြစ်သွားပြီးနောက် တအံ့တသြဖြင့် လှည့်ကြည့်သည်။
“အဲ့ဒီ လှိုင်းတွန့်တွေက မင်းအသက်ကို နှုတ်သွားလိမ့်မယ်။ ငါ ဒီကိုရောက်လာတာ နှစ်ပေါင်းများစွာရှိပြီ။ အခုထိ ဒါကို မဖြေရှင်းနိုင်သေးဘူး။ မင်း မစွန့်စားပါနဲ့”
ကျန်းကောက အလေးအနက်ပြောသည်။
“တခြား နေရာလေးခုကလဲ ငါ့နေရာနဲ့ အတူတူပဲ။ သူတို့ရဲ့ တားမြစ်နယ်မြေတွေထဲမှာ မဟာနန်းတော်ကြီးတစ်ခုစီ ရှိကြတယ်။ သူတို့ ဘာဖြစ်လို့ အထဲကနေ မခွာနိုင်ကြတာလဲ နားလည်ပြီလား”
“နန်းတော်ကြီးကြောင့်လား”
ရှီယန် အံ့သြသွားသည်။
ကျန်းကောက ခေါင်းညိတ်လိုက်ရင်း လေးနက်စွာဖြင့်
“အထွတ်အထိပ် သန့်စင်ခြင်းနယ်မြေထဲက နန်းတော်ကြီးငါးခုဟာ အမှောင်နတ်ဘုရားနိုင်ငံ ဧကရာဇ်အတိုင်ပင်ခံဟောင်း ငါးယောက်နဲ့ သက်ဆိုင်နေလိမ့်မယ်။ အတိအကျမပြောနိုင်ပေမဲ့ တုတျန်းကျင်လဲ သိချင်သိနေလိမ့်မယ်။ ဧကရာဇ် အတိုင်ပင်ခံဟောင်းတွေဟာ ဧကရာဇ်အသစ်အတွက် တစ်စုံတစ်ရာကို ဒီနန်းတော်ကြီးတွေမှာ မြှုပ်နှံထားခဲ့ကြတယ်။ ဘာမှန်းတော့ မသိပေမဲ့ တုနှိုင်းမဲ့တဲ့ တစ်စုံတစ်ရာတော့ ရှိနေမှာပဲ။ ဟိုလေးယောက်လဲ ဒီလိုယုံကြည်ထားကြတယ်။ သူတို့က အပြင်ထွက်ဖို့ အလျင်မလိုတာဟာ ဒီလျှို့ဝှက်ချက်ကို ဖြေရှင်းချင်လို့ပဲ”
ရှီယန် ထိတ်လန့်မှုကြောင့် မျက်စိမျက်နှာပျက်သွားသည်။
“ငါ့မှာ အရေးပေါ်လာလို့သာမဟုတ်ရင် ငါလဲ ဒီနေရာကနေ ထွက်ခွာသွားဖို့မရှိဘူး။ ဒီက အတားအဆီးကို ချိုးဖျက်ပြီး နန်းတော်ထဲမှာ ဘာရှိလဲ ရအောင်ရှာမှာ”
ကျန်းကော၏မျက်နှာက လေးနက်နေသည်။
“ကောင်လေး။ ငါမင်းကို ဒါတွေပြောပြဖို့ ဒီကိုခေါ်လာတာပဲ။ မင်းငါ့ကို သန့်စင်ခြင်းတံဆိပ်ပေးတာနဲ့ ငါမင်းကို ကုဗတုံးပေးမယ်။ ငါမလုပ်နိုင်ခဲ့တဲ့အရာကိုလဲ မင်းလုပ်နိုင်လိမ့်မယ်လို့ ငါထင်တယ်။ ငါနောက်ထပ်ကြာကြာ မစောင့်နိုင်တော့ဘူး။ ငါထွက်ချင်နေပြီ။ ဒီအလဲအလှယ်ကို စဉ်းစားပါ။ မင်းအရှုံးမရှိဘူးလို့ ငါအာမခံပါတယ်”
“ခင်ဗျားမှာ ကုဗတုံးရှိပေမဲ့ ဒီကိုတော့ ၀င်လို့မရဘူးလား”
ရှီယန်က ချက်ခြင်း သဘောမတူသေးပါ။ သူ့စိတ်ထဲတွင် သံသယများရှိသေးသည်။
“ဒီကျောက်တုံးက တားမြစ်နယ်မြေတွေရဲ့ အကာအကွယ်စည်းတွေကိုပဲ ချိုးဖောက်နိုင်တာ။
နန်းတော်ထဲ ၀င်လို့မရဘူး။
ငါက အကြိမ်ကြိမ် စမ်းသပ်ခဲ့ပြီးပြီ။ ငါ့ အသိဥာဏ်နဲ့ ခွန်အားက ဒါကိုဖြေရှင်းဖို့ မလုံလောက်ဘူး။
ငါ့ အဆင့်က မလုံလောက်တာဖြစ်နိုင်တယ်”
ကျန်းကောက ကြိုးစားကာပြုံးရင်းပြောသည်။
“ခင်ဗျားက နတ်ဘုရင်တတိယအဆင့်ရှိပေမဲ့ ဘာမှမတတ်နိုင်ဘူး။ ဒါဖြင့် ကျုပ်က တတ်နိုင်လိမ့်မယ်လို့ ဘာကြောင့်ထင်တာလဲ”
ရှီယန်က အော်ဟစ်ရယ်မောရင်း ပြောသည်။
“ကျုပ် အရူးလုပ်မခံနိုင်ဘူး။ ခင်ဗျားက မတိုက်ခိုက်ချင်ဘူး။ ဒါပေမဲ့ ကျုပ်ဘ၀ကို ဒီမှာ အကျဉ်းချထားချင်တယ်။ လျှို့ဝှက်ချက်ကိုအသုံးချပြီး ကျုပ်ကို ချုပ်ချင်တယ်ပေါ့…မဆိုးပါဘူး”
“ဒီထဲမှာဘာရှိလဲ မင်းမသိချင်ဘူးလား”
ကျန်းကော မျက်မှောင်ကြုတ်သွားသည်။
“သိချင်ပါတယ်။ ဒါပေမဲ့ ဘာမှန်းမသိတဲ့နေရာတစ်ခုမှာ စိတ်ကို နှစ်မြုပ်မထားနိုင်ပါဘူး။ ငှက်တွေတောင် ၀င်ချီးမပါချင်တဲ့နေရာမှာ ကျုပ် အချိန်မဖြုန်းနိုင်ဘူး”
ရှီယန်က ခေါင်းတယမ်းယမ်းဖြင့်ပြောသည်။
“ငှက်တွေတောင် ချီးမပါတဲ့နေရာ ဟုတ်လား”
ကျန်းကောသည် ရယ်ရမလို ငိုရမလိုပင်ဖြစ်သွားသည်။
“ကောင်လေး… မင်းက မင်းကံကြမ္မာကို မသိဘူးပဲ”
“ဘာဖြစ်လို့လဲ”
“အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေမှာ သုံးနှစ်တာ ပြိုင်ပွဲ ပြီးဆုံးသွားရင် ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်တွေအပေါ် ထက်ရှတဲ့အာရုံခံနိုင်စွမ်းက ပျောက်ဆုံးသွားလိမ့်မယ်။ ဘာဖြစ်လို့ သုံးနှစ်ထဲလဲ။ ဘာဖြစ်လို့လဲဆိုတော့ သုံးနှစ်ထက်ပိုပြီး သူတို့ ထိန်းမထားနိုင်လို့ပဲ။ ဒီ့ထက်မပိုဘူး။ သုံးနှစ်ကြာပြီးတဲ့နောက်မှာ အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေက တခြားနေရာတွေလို သာမန်ပဲပြန်ဖြစ်သွားလ်ိမ့်မယ်။ တားမြစ်နယ်မြေတွေထဲက ကိုးဆယ့်လေးခုဟာလဲ ရိုးရိုး နေရာတွေပဲဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ ဒီနန်းတော်ကြီးတွေ ရှိနေတဲ့ နေရာငါးခုကတော့ မတူဘူး။ ဒီနေရာမှာ သဘာ၀စွမ်းအင်အပေါ် အာရုံခံနိုင်စွမ်းက ထာ၀ရတည်ရှိနေတယ်ကွ”
ကျန်းကောက အော်ကာဟစ်ကာဖြင့် ပြောချလိုက်သည်။
ရှီယန် တုန်လှုပ်သွားသည်။
နောက်ဆုံးတွင်တော့ အဖိုးကြီး သူ့ကို ကမ်းလှမ်းခဲ့သော အရာသည် မည်မျှကြီးမားကြောင်း နားလည်သွားပြီဖြစ်သည်။
----- ------- ------ ------ ------ ------ ------ --------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora