797

556 75 0
                                    

Chapter 797: ရှင်သန်ခြင်းသစ်သား
အလင်းတန်းများက ၀င်္ကဘာငါးခု ပေါင်းစပ်ရာ ဗဟိုချက်မှ အဘက်ဘက်သို့ ထိုးထွက်နေသည်။
အလင်းတန်း တစ်ခုနှင့် တစ်ခုကြား ဟနေသောနေရာများကိုတော့ သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သည်။
ဖန်းရို၊ ကန်ဂျိနှင့် ဖန်ကျားတို့က ထို နေရာလွတ်များတွင် ရပ်နေကြခြင်းဖြစ်သည်။
ငါးမြှောင့်၀င်္ကဘာ အလယ်ရှိ လိပ်ခွံကို မက်မောစွာ ငေးကြည့်နေကြသည်။
မကြာမီ သူတို့က စွမ်းစီးကြောင်းဖြင့် ဆွဲယူနိုင်မလား စတင် စမ်းသပ်ကြည့်ကြသည်။
သို့သော်လည်း ဖန်းရို၏ အသံစွမ်းအင်နှင့် ကန်ဂျိ၏ ဒြပ်ဆွဲအားက အလုပ်မဖြစ်ချေ။
ဖန်ကျားကတော့ သူ့ခန္ဓာကိုယ်ကို ဆယ်ဆခန့် ချုံ့လိုက်သည်။
သူက လက်တစ်ဖဝါးသာသာ လူပုလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး အလင်းတန်းများအကြားမှ တွားသွားကာ လိပ်ခွံနှင့် အနီးကပ်ဆုံးအထိ ရောက်ရှိသွားသည်။
ထို့နောက် လက်ညှိုးတစ်ချောင်းတည်းကို ဆန့်ထုတ်လိုက်သောအခါ အပ်ချောင်းတစ်ချောင်းစာသာရှိသော ကြိုးတစ်ချောင်းသဖွယ် ရှည်ထွက်လာသည်။
သူက လိပ်ခွံဆီသို့ တစ်လက်မချင်း တစ်လက်မချင်း တိုးကပ်သွားသည်။
သို့သော် သူ၏ အပ်ချောင်းသဖွယ် လက်ညှိုးက လိပ်ခွံဆီရောက်သည်နှင့် ထူးဆန်းသော စွမ်းအင်လှိုင်းတစ်ခု ဖြာထွက်လာသည်။
ဖဲကြိုးသဖွယ်ပျော့ပျောင်းသော အလင်းက သူ့ လက်ညှိုးတစ်လျှောက် ထိုးဖောက်၀င်ရောက်လာ၏။
ဖန်ကျားက အဆက်မပြတ် ဆုတ်ခွာလာသော်လည်း ဆန့်ထုတ်ထားခဲ့သော လက်ညှိုးက ကျိုးကျန်ရစ်ခဲ့သည်။
သူက မူလနေရာတွင် ပုံမှန်အရွယ်အစား ပြန်ဖြစ်သွားသောအခါ လက်ညှိုးနေရာက ငုံးတိဖြစ်နေပြီး သွေးများ စီးကျနေသည်။
ဖန်ကျား ကြောက်လန့်သွားပြီဖြစ်သည်။
သူက နောက်ထပ် မစမ်းသပ်ဝံ့တော့ပါ။
သူ့ဒဏ်ရာကို ဆေးထည့်ရင်း မျက်လုံးများတွင် စိတ်ပျက်ခြင်းအရိပ်အယောင်များ ထွက်ပေါ်လာသည်။
သူ့ ထူးခြားသောစွမ်းရည်ကြောင့် အားလုံးထဲတွင် အခွင့်အသာဆုံးဖြစ်သည်ဟု သူယူဆခဲ့သည်။
သို့သော် သူမည်မျှပင် သတိထားစေကာမူ ဒဏ်ရာထပ်ရသွားပြန်သည်။
သူ တော်တော်ကြောက်သွားပြီဖြစ်သည်။
နောက်ထပ် ဘာမှ အလျှင်စလို မလုပ်တော့ရန် ဆုံးဖြတ်လိုက်သည်။
ကန်ဂျိနှင့် ဖန်းရိုလည်း ဖြေရှင်းရန် နည်းလမ်းရှာမတွေ့ပါ။
သူတို့ မျက်လုံးထဲမှ တပ်မက်မှုကို ဖုံးကွယ်မထားနိုင်သော်လည်း အခြေအနေက သူတို့ကိုခေါင်းကိုက်စေသည်။
ရှီယန်က ငြိမ်သက်နေဆဲဖြစ်သည်။
သူက ဘာမှ ၀င်ရောက်စွက်ဖက်မည့်ဟန်လဲမပြ။ ဒီအတိုင်းသာ လိပ်ခွံကို လှမ်းကြည့်နေသည်။
ထိုအရာက ဘာမှန်း သူမသိသော်လည်း ထိုအရာ ပတ်ပတ်လည်တွင်ရှိနေသော အလင်း၏ ထက်ရှမှုက အရာရာတိုင်းကို ဖြတ်တောက်ပစ်နိုင်သည်ဟု သူခံစားမိသည်။
ယခု သူပိုင်ဆိုင်ထားသော နတ်ဘုရားခန္ဓာ၏ အထွတ်အထိပ် မာကျောမှုနှင့်ပင် သူ မစမ်းသပ်ရဲပါ။
အချိန်အတော်ကြာသည်အထိ မည်သည့် တိုးတက်မှုမျှ မရှိခဲ့ပါ။
ဖန်းရို၊ ကန်ဂျိနှင့် ဖန်ကျားတို့ မျက်နှာများက ပိုမိုမည်းမှောင်လာကြသည်။
သူတို့က အချင်းချင်းအပြစ်တင်နေရင်း စကားများက တဖြည်းဖြည်း ဖရုဿဝါစာများ ပါ၀င်လာသည်။
မကြာမီပင် သူတို့က အချိန်မရွေး ပေါက်ကွဲတိုက်ခိုက်ကြတော့မည့်ဟန်ဖြစ်လာသည်။
ဖန်းရို၏ ချောမွတ်ဖြူ၀င်းသော အသားအရေပေါ်ရှိ ဆေးမင်ကြောင်များက သူမ ဒေါသထွက်သောအခါ စတင်ရွေ့လျားလာကြပြီး ဆန်းကြယ်သော အလှတရားကို ပေးစွမ်းသည်။
ရှီယန်က အလုပ်များနေသည့်တိုင် သူမ၏ အလှကို မျက်စိမကျပဲ မနေနိုင်ပါ။
ထို အပြာရောင် နတ်ဘုရားဆေးမင်ကြောင်များသည် သူမခန္ဓာကိုယ်၏ ဖုံးကွယ်ထားသော အစိတ်အပိုင်းများတွင်လည်း ရှိနေမည်လား သူ ကြည့်ချင်မိသည်။
အခြားသူများနှင့်စာလျှင် ရှီယန်က ပွဲကြည့်ပရိတ်သတ်ပုံစံပေါက်နေသည်။
မည်သည့်ရလဒ်ပဲထွက်ထွက် စိတ်မ၀င်စားသည့်ဟန်မျိုးရှိပြီး အခြားသူများကလဲ သူ့ကို ဂရုမစိုက်ကြပါ။
“ကျောက်စိမ်းတံဆိပ်က အလုပ်လုပ်မလားမသိ”
ဖန်းရိုက တစ်စုံတစ်ရာကို သတိရသွားဟန်တူသည်။
သူမက လက်ကိုဆန့်ထုတ်ကာ တစ်စုံတစ်ခုကို ဆုပ်ကိုင်လိုက်သည်။
မှော်မျဉ်းကြောင်းများနှင့် ပြည့်နှက်နေသော ကုဗတုံးတစ်ခု။
သူမက အခြားလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဟန်တိ၏ အလောင်းထံမှ ကုဗတုံးတစ်တုံး လွင့်ပျံလာကာ သူမ၏ ကုဗတုံးနှင့် ချိတ်ဆက်သွားသည်။
ကန်ဂျိနှင့် ဖန်ကျားတို့လဲ သဘောပေါက်သွားကြသည်။
သူတို့ကလဲ ကုဗတုံးများထုတ်ယူကာ ဖန်းရိုထံ ပစ်ပေးလိုက်သည်။
ကုဗတုံးသုံးလေးခုက သံလိုက်တုံးများနှယ် တစ်ခုနှင့်တစ်ခု ထိကပ်သွားသည်။
ကုဗတုံးသုံးခုပေါ်မှ မှော်မျဉ်းကြောင်းများကလည်း အချင်းချင်းဆက်စပ်ကာ စွမ်းအင်များက တူညီသောမျဉ်းကြောင်းများအတိုင်းစီးဆင်းသည်။
သိသာစွာပင် ဒါက တစ်စုံတစ်ခုကို ဖွင့်သော သော့တစ်ခုပင်ဖြစ်၏။
ဖန်းရိုတို့အုပ်စု မျက်လုံးများ တောက်ပလာကြသည်။
နောက်ဆုံးတွင် သူတို့က ဖြစ်နိုင်ဖွယ် အဖြေတစ်ခုကို ရလေပြီ။
စိတ်လှုပ်ရှာစွာဖြင့် ရှီယန်ကိုလှမ်းကြည့်ကာ ပြိုင်တူအော်ဟစ်လိုက်ကြသည်။
“မင်းဟာရော”
“နင့် ကျောက်စိမ်းတံဆိပ်”
“အာ…”
ရှီယန် အနေရခက်သွားသည်။
သူတို့၏ ပြင်းထန်သောအကြည့်များအောက်တွင် လက်ဝါးနှစ်ဖက်ဖြန့်ကာ ပုခုံးတွန့်ပြလိုက်ရင်း
“စိတ်မကောင်းပါဘူး။ ကျုပ်ဆီမှာ မရှိဘူး”
“ကျန်းကောက နင့်ကို ကျောက်စိမ်းတံဆိပ်မပေးခဲ့ဘူးလား”
ဖန်းရို၏ လှပသော မျက်လုံးများက ရက်စက်မှုများဖြင့် တောက်ပလာသည်။
သူမ အလွန်စိတ်ဆိုးသွားပြီဖြစ်သည်။
နောက်ဆုံးတွင် ပြဿနာကို ဖြေရှင်းနိုင်တော့မည်ဟု တွေးကာမှ ရှီယန်က နောက်ထပ် ပြဿနာတစ်ခု ဖြစ်နေသည်။
ကန်ဂျိနှင့် ဖန်ကျားလဲ မျက်နှာများ မည်းသွားကြသည်။
သူတို့၏ မျက်လုံးများမှ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ သိသိသာသာထွက်ပေါ်လာသည်။
ရှီယန်၏ ပတ်၀န်းကျင်တွင် မတူညီသော အော်ရာသုံးမျိုးက မမြင်ရသော အဆိပ်မြွေဆိုးများသဖွယ် ရစ်ဆိုင်းလာသည်။
အကယ်၍ သူ အကွက်မှားရွေ့မိပါက သူတို့က ချက်ခြင်း သတ်ဖြတ်ပေလိမ့်မည်။
ရှီယန်က အကြောအချင်များ တောင့်တင်းသွားသည်။
သူက အလင်းတန်းများနှင့် အဝေးဆုံးတွင်နေရာယူထားသူဖြစ်သည်။
သူက လျှင်မြန်စွာ လှုပ်ရှားလိုက်ပြီးနောက် သူနှင့်အနီးဆုံး အလင်းလှိုင်းများအကြား တွန့်လိမ်ကာ တိုး၀င်သွားသည်။
တစ်ဖက်လူများ၏ ဒေါသကိုရင်ဆိုင်ရန်အတွက် တိုက်ပွဲ၀င်ဖို့ အသင့်အနေအထား ပြင်ဆင်ထားလိုက်သည်။
ဖန်းရို၊ ကန်ဂျိနှင့် ဖန်ကျားတို့သည် သူတို့၏ နောက်ဆုံးမျှော်လင့်ချက်ကို ကုဗတုံးများအပေါ်တွင် ထားရှိခဲ့သည်။
ယခု ကျောက်တုံးလေးခုက ချိတ်ဆက်ပြီး သော့တစ်ခုအသွင်သဏ္ဍာန်ပေါ်နေပြီဖြစ်သည်။
ထိုသော့ ပြီးပြည့်စုံရန်အတွက် ကျောက်တုံး တစ်တုံးတည်းသာလိုတော့သည်။
ထိုသော့သည် လိပ်ခွံပြဿနာကို ဖြေရှင်းနိုင်ပေလိမ့်မည်။
ထိုတစ်ခုတည်းသော မျှော်လင့်ချက်ကို ရှီယန်၏ စကားလုံးများက ရိုက်ချိုးပစ်လိုက်ပြီဖြစ်သည်။
မည်သူက ဒေါသမထွက်ပဲနေပါမည်နည်း။
မှင်ကဲ့သို့ နက်မှောင်သော ရက်စက်ကြမ်းကြုတ်မှုများဖြင့် သူတို့က ရှီယန်ကို အေးစက်စွာစိုက်ကြည့်နေကြသည်။
ရှီယန်၏ နတ်ဘုရားဝိညာဉ်က အလွန်အမင်း သတိထားလာသည်။
သူ့အသိစိတ်ပင်လယ်ထဲတွင် ဟင်းလင်းပြင်အသိကို အစွမ်းကုန် နှိုးဆွလိုက်သည်။
ခြိမ်းခြောက်ခံရသော ခံစားမှုက တဖြည်းဖြည်း ပါးလျသွားသည်။
သူ့ နတ်ဘုရားဝိညာဉ်က သက်သောင့်သက်သာဖြစ်လာသည်။
ဖန်းရို၏ မျက်၀န်းများထဲတွင် ထူးဆန်းသော အလင်းများ ဖြတ်ပြေးသွားသည်။
သူမ၏ လှပသောမျက်နှာလေးက တစ်မျိုးဖြစ်သွားသည်။
“မဆိုးဘူးပဲ…နင်က ငါတို့ရဲ့ ဝိညာဉ်ပိတ်ဆို့မှုကို အချိန်တိုအတွင်း ပြန်ဖြေနိုင်တယ်။
နင်မှာ ကြောက်စိတ်မရှိတာ အံ့သြစရာမဟုတ်တော့ဘူး။ ကြည့်ရတာ ငါတို့ နင့်ကို လျှော့တွက်မိပြီထင်တယ်”
“ငါ့မှာ အဲ့ဒါ တကယ်မရှိဘူး။ နင်တို့ငါ့ကိုသတ်ရင်တောင် ဘာမှမထူးဘူး”
ရှီယန်က ခက်ခက်ခဲခဲပြုံးရင်းပြောသည်။
“ဒီကနေထွက်ပြီး ကျန်းကောကို သွားခေါ်ပြီးမှ ပြန်လာခဲ့ရင်ရော”
“-ီးလား…ငါတို့မှာ အဲ့လောက် အချိန်ရှိမယ်ထင်နေတာလား…အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေကနေ ထွက်ဖို့ရော အဲ့လောက်လွယ်တယ် ထင်နေတာလား”
ဖန်ကျားက အေးစက်စက်ဖြင့် ကြိမ်းမောင်းသည်။
“ရှီယန်…အဲ့ဒါ ရှင်သန်ခြင်း သစ်သားပဲ…မင်းထင်သလို လိပ်ခွံမဟုတ်ဘူး”
သူ့အသိစိတ်ထဲသို့ ဝိညာဉ်ဆက်သွယ်မှုတစ်ခု ရောက်ရှိလာသည်။
အစစ်အမှန် မီးငှက်မီးလျှံ၏ အသံပင်ဖြစ်၏။
“ငါ့မှာ မီးငှက်ရဲ့ မှတ်ဥာဏ် ပိုင်ဆိုင်ထားတယ်။ ရှင်သန်ခြင်း သစ်သားဟာ တကယ်ကို ရှားပါးတယ်။
ဒါက ဓါတ်ကြီးငါးပါးထဲက သစ်သားအမျိုးအစား ထိပ်တန်းရတနာပဲ။ ဒါက အမာဆုံးဆိုတဲ့ သတ္တုထက်တောင် ပိုမိုခိုင်ခံ့တယ်။ ဒါကို ဖြတ်တောက်နိုင်လောက်အောင် ထက်ရှတဲ့ လက်နက်ဆိုတာ မရှိဘူး”
“ရှင်သန်ခြင်း သစ်သား…”
ရှီယန် တိတ်တဆိတ် စိတ်၀င်စားသွားသည်။ သူက အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီးနောက်
“အဲ့ဒါက မာကျောမှုအပြင် ဘာအသုံး၀င်သေးလဲ”
“ရှင်သန်ခြင်းသစ်သားရဲ့ ထူးခြားမှုတွေကို ပန်းပဲပညာမှာ အမျိုးမျိုး အသုံးချနိုင်တယ်။ ဥပမာ ရှင်သန်ခြင်း သစ်သားနဲ့ တည်ဆောက်ထားတဲ့ မှော်၀င်္ကဘာတစ်ခုဟာ ထာ၀ရ တည်မြဲနေနိုင်တယ်”
“ငါ အဲ့ဒီကို ရောက်နိုင်မလား”
“နောက်ဆုံးအလွှာကို ချိုးဖျက်တုန်းက မင်း သစ်သားကီ ပမာဏ အများကြီး စုပ်ယူခဲ့တယ်မဟုတ်လား…အဲ့ဒီ သစ်သားကီနဲ့ မင်းတစ်ကိုယ်လုံးကို အကာအကွယ်ယူပြီး ကြိုးစားကြည့်လိုက်”
မီးငှက်မီးလျှံက သူ့ကို အကြံပေးသည်။
“ငါ့ အသိဥာဏ်က မီးငှက် ကျက်သရေကုန်းမြေတိုက်ကြီးကို စွန့်ခွာမသွားခင်အချိန်ကပဲ။ ရှင်သန်ခြင်းသစ်သားအကြောင်း နက်ရှိုင်းတဲ့ ဗဟုသုတတော့မရှိဘူး။
ရှင်သန်ခြင်းသစ်သားဟာ ခြောက်သွေ့သွားတဲ့ နတ်ဘုရားသစ်ပင်ကနေ ရတယ်လို့ ဆိုတယ်။ သစ်ပင်တစ်ပင်လုံး သေဆုံးခြောက်သွေ့သွားခဲ့ပေမဲ့ ရှင်သန်ခြင်းသစ်သားနေရာက မသေဘူး။
ဒါကြောင့် ရှင်သန်ခြင်းသစ်သားလို့ခေါ်တယ်။ တော်တော်ထူးဆန်းတယ်မဟုတ်လား”
ရှင်သန်ခြင်းသစ်သားက ခြောက်သွေ့သွားသော နတ်ဘုရားသစ်ပင်မှလာသည်။
သစ်ပင်က ခြောက်သွားသော်လည်း ၄င်းက မခြောက်။ ဒါက မည်သို့သော ယုတ္တိမျိုးနည်း။
ရှီယန်က မီးငှက်မီးလျှံ၏ စကားကို စိတ်၀င်တစားနားထောင်ရင်း အံ့သြနေသည်။
ထို ရှင်သန်ခြင်းသစ်သား ဖြစ်တည်လာမှုတွင် သဘာ၀၏ စစ်မှန်သောသောနိယာမများ ပါ၀င်နေမည်ဟု ခံစားမိလိုက်သည်။
“မင်းချိုးဖျက်ခဲ့တဲ့ အကာအကွယ်လွှာဟာလည်း ရှင်သန်ခြင်းသစ်သားရဲ့ သဘာ၀ သစ်သားကီတွေနဲ့ ဖန်တီးထားတာပဲ။ မင်းက တိုက်တိုက်ဆိုင်ဆိုင် စုပ်ယူနိုင်ခဲ့တော့ အဲ့ဒါကို အသုံးပြုပြီး စမ်းသပ်ကြည့်ရမှာပဲ။ အနည်းဆုံးတော့ မင်းလက်မောင်းတစ်ခုလုံးကို သိပ်သည်းစေပြီး အဲ့ဒါကို ထိကြည့်လို့ ရတာပဲ”
မီးငှက်မီးလျှံက သူ့အကြံပေးမှုကို နိဂုံးချုပ်လိုက်သည်။
ရှီယန်က အတန်ငယ်စဉ်းစားကြည့်လိုက်ပြီးနောက် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သူက အသွေးအသားထဲမှ သစ်သားကီများကို ဆွဲစုလိုက်သည်။
သူ့လက်မောင်းတစ်လျှောက် စီးဆင်းစေသည်။
သူ့လက်မောင်းသည် သစ်ပင်တစ်ပင်၏ ပင်စည်ကဲ့သို့ စိမ်းညိုရောင် သမ်းလာသည်။
သူ့အတွက် အနည်းငယ် ထူးဆန်းနေသည်။
ထိုအချိန်တွင် ဖန်းရို၊ ကန်ဂျိနှင့် ဖန်ကျားတို့၏ ဆိုးညစ်သောအကြည့်များက ရှီယန့်အပေါ်သို့ စူးစိုက်စွာ ကျရောက်နေသည်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒများက အချိန်မရွေး ပေါက်ကွဲထွက်လာတော့မလို လေးလံနေသည်။
“အလျှင်စလို မဆုံးဖြတ်ကြပါနဲ့ ကိုယ့်လူတို့”
ရှီယန်က ရုတ်တရက် အော်ပြောလိုက်သည်။ သူက တည်ကြည်လေးနက်သောမျက်နှာဖြင့်
“ခနလောက်စောင့်ပြီး ကျုပ်ကို ကြိုးစားခွင့်ပေးပါ။ ကျုပ်က ပန်းပဲပညာရှင်တစ်ယောက်ပါ။ ၀င်္ကဘာတွေ အစီအရင်တွေနဲ့ ပတ်သက်လို့ နားလည်ထားတာတွေရှိပါတယ်။ ဒါကြောင့် အတားအဆီးတွေ ဖြိုဖျက်တုန်းကလဲ ကျုပ်အမြန်ဆုံးဖြစ်ခဲ့တယ်မဟုတ်လား။ အခု ဒီ သေစေလောက်တဲ့ အလင်းတန်းတွေ ထုတ်လွှတ်နေတာဟာလည်း အကာအကွယ်လွှာတစ်ခုပါပဲ။ ကျုပ်ကြိုးစားကြည့်ပါ့မယ်”
ဖန်းရိုတို့အုပ်စု တွေဝေသွားကြသည်။
၀င်္ကဘာ ဗဟိုချက်တွင် တစ်ခုခု ဖြစ်နေသည်ကို သူတို့ နားလည်သည်။
ဒါက ရှီယန်ပြောသလို အတားအဆီးတစ်ခုပဲလား မသိချေ။
သူတို့ သံသယရှိသည်။
သို့သော် ရှီယန် ကြိုးစားချင်သည်ဆိုသည့်အပေါ် သူတို့ စိတ်၀င်စားသွားကြသည်။
အဆိုးဆုံး ရှီယန်အနေဖြင့် အလင်းတန်းများအကြား အမှုန့်ဖြစ်သွားရုံသာရှိမည်။
တစ်ခုခု ဖြစ်သွားလျှင်လည်း ထို၀င်္ကဘာအကြောင်း အနည်းအကျဉ်းတော့ သူတို့ လေ့လာနိုင်ပေလိမ့်မည်။
သူတို့သုံးယောက် သဘောတူညီမှု ပြုလုပ်လိုက်သည်။
စွမ်းအင်များ စုဝေးနေမှုကို ရပ်တန့်လိုက်ပြီး ရှီယန်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေလိုက်ကြသည်။
“ဒီသုံးယောက်ကို စောင့်ကြည့်ပေးပါ”
ရှီယန်က ကောင်းကင်မီးလျှံများကို အကူအညီတောင်းလိုက်သည်။
သူ့ ဝိညာဉ်ယဇ်ပလ္လင်တစ်ဝိုက်တွင် မီးလျှံများ အသင့်အနေအထားဖြင့် စွမ်းအင်များကို စုစည်းထားလိုက်ကြသည်။
သူက ခန္ဓာကိုယ်ထဲမှ သစ်သားဓါတ်ကို ထပ်မံလှုံ့ဆော်သောအခါ သူ့တစ်ကိုယ်လုံး သစ်မြစ်ဆုံကြီးလိုဖြစ်လာသည်။
သူ့အသားအရေက ညိုမည်းကြမ်းတမ်းလာသည်။
ထိုထူးခြားသော ပုံစံမျိုးဖြင့် သူက ရှေ့မှ အလင်းကို ဖြည်းညင်းစွာ စတင်တို့ထိကြည့်လိုက်သည်။
ရွဲ…ရွဲ..ရွဲ…
သစ်ပင်များ လေတိုးသွားသလို အသံမျိုးဖြင့် ထိုအလင်း၏ ထက်ရှမှုက မှော်ဆန်ဆန်ပင် လျော့ကျသွားသည်။
ကြောက်မက်ဖွယ်ရာ ထိုးဖောက်ဖြတ်တောက်နိုင်စွမ်းက ပိတ်ဆို့သွားသည်။
ရှီယန် စိတ်လှုပ်ရှားလာသည်။
သူ့နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ဖန်းရို၊ ကန်ဂျိနှင့် ဖန်ကျားတို့ကလည်း သူ့လှုပ်ရှားမှုများကို သတိပြုမိသည်။
သူတို့၏ မျက်လုံးများက မယုံသင်္ကာဖြင့် နတ်ဘုရားအလင်းများ ထွက်ပေါ်လာသည်။
ရှီယန်က ကျေနပ်စွာ ရယ်မောလိုက်ပြီးနောက် လေးညို့မှ လွှတ်သော မြားတစ်စင်းသဖွယ် အလင်းတန်းအကာအကွယ်ထဲ ထိုးဖောက်၀င်ရောက်သွားတော့သည်။
သူ့နောက်ကျောဘက်မှ ပူလောင်ပြင်းပြသော အကြည့်များကို သူ ဂရုမစိုက်တော့ပါ။
ထက်ရှသော အလင်းတန်းများက သူ့ခန္ဓာကိုယ်နှင့် ထိတွေ့သည့်အခါ ပျော့ပျောင်းသွားသည်။
ရှီယန်က လိပ်ခွံနှင့်တူသော ရှင်သန်ခြင်းသစ်သား၏ နံဘေးသို့ ကျရောက်သွားသည်။
သူက ဘာမှစဉ်းစားမနေပဲ လက်နှစ်ဖက်ဖြင့် ဆွဲယူလိုက်သည်။
သူ့လက်နှင့် ထိတွေ့လိုက်သည်နှင့် သစ်သားမှ ထွက်ပေါ်နေသော အလင်းတန်းများ အားလုံး ချုပ်ငြိမ်းသွားသည်။
ရှင်သန်ခြင်းသစ်သားက ရိုးရိုး သစ်ခေါက်ခွံတစ်ခုသဖွယ် ဖြစ်လာသော်လည်း တောင်ကြီးတစ်တောင်လောက်ပင် လေးလံသည်ဟု ထင်ရသည်။
သစ်သား၏ အတွင်းဘက် ချောမွေ့သောနေရာတွင်တော့ တောက်ပသော အလင်းစက်များ ရှိနေပြီး ထိုအရာက ကြယ်တာရာမြေပုံတစ်ခုနှင့်တူသည်။
ဖန်ကျား၊ ကန်ဂျိနှင့် ဖန်းရိုတို့၏ မျက်လုံးများ ရုတ်တရက် နီရဲလာကြသည်။
သူတို့က စကားတစ်ခွန်းမှမပြောပဲ နတ်ဘုရားအသိများကို ဖော်ထုတ်ကာ ရှီယန်ရှိရာသို့ သူတို့၏ အမြန်ဆုံး အရှိန်အဟုန်ဖြင့် ပြေး၀င်သွားကြသည်။
ဥက္ကာခဲသုံးလုံး ပစ်လွင့်လာသလိုမျိုး ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများနှင့်အတူ အရှိန်အဟုန်ပြင်းစွာ ပစ်လွင့်လာသည်။
၀ုန်း…၀ရုန်း…
တော်လဲသံကြီးများ နန်းတော်ငါးခုမှ ထွက်ပေါ်လာသည်။
မြေပြင်က ကွဲအက်သွားသည်။
ကျောက်တောင်ကြီးများ တုန်ခါကာ ပြိုကျသည်။
တားမြစ်ဧရိယာတစ်ခုလုံး လွှမ်းခြုံထားသော အတားအဆီးများ စုတ်ပြဲပျက်စီးသွားသည်။
မီးခိုးရောင်မြူထုကြီးက ပတ်၀န်းကျင်တစ်ခုလုံး ပိန်းပိတ်အောင် ကျဆင်းလာသည်။
အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေ၏ မှော်ဆန်သော စွမ်းအင်များအားလုံး လေထုထဲတွင် လွင့်ပါးပျောက်ကွယ်သွားလေတော့သည်။
ပျက်စီးသွားလေပြီ…
----- ----- ----- ----- ------ ----- ----- ------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Où les histoires vivent. Découvrez maintenant