764

536 77 0
                                    

Chapter 764: သွေးပြောင်းလဲမှု အစပျိုးခြင်း
ပြင်းထန်းသော ပေါက်ကွဲသံတစ်ချက် ပဲ့တင်ထပ်ကာ  ထွက်ပေါ်လာသည်။ စစ် သင်္ဘောက တစ်နေရာရာတွင် ရုတ်တရက် ထိုးရပ်သွားသလိုမျိုး တုန်ခါသွားသည်။ ပြီးနောက် နောက်ထပ် ပေါက်ကွဲမှု တစ်ခု ထစ်ခြုန်းထွက်ပေါ်လာပြန်သည်။
ရှီယန် အမှောင်အခန်းငယ်ထဲမှ ရုတ်တရက် လန့်နိုးသွားသည်။ သူ့မျက်လုံးအစုံက ကြယ်တွေလို တောက်ပနေ၏။
သူ့ခန္ဓာကိုယ်က အပြည့်အဝ ပြန်လည် ကောင်းမွန်လာသည်။ သူ့အရိုး၊ အရွတ်အကြောနှင့် အသားများတွင် ဒဏ်ရာများ မရှိတော့ပါ။ ထို့ပြင် သူ့ခန္ဓာကိုယ်က နောက်တစ်ဆင့်သို့ အခိုင်အမာ ရောက်ရှိနေပြီဖြစ်သည်။
အမှောင်ခန်းငယ်ထဲတွင်…
သူ့ခန္ဓာကိ်ုယ်ကိုပင် သူ မမြင်ရသောကြောင့် ဝိညာဉ်အသိကို အသုံးပြုကာ အာရုံ ခံနေရသည်။ ရှီယန်က မျက်လုံးမှိတ်လျှက် တိတ်တဆိတ် လေ့လာလိုက်သည်။ သူ့မျက်နှာပေါ်တွင် ပြုံးယောင် သန်းလာသည်။ ပြီးနောက် သူက ကျယ်လောင်စွာ အော်ဟစ် ရယ်မောလေတော့သည်။ သူ့ရယ်သံက အခန်းငယ်ထဲတွင် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။
ဤခန္ဓာကိုယ် ပြန်လည်တည်ဆောက်ခြင်း ဖြစ်စဉ်က သူ့အား စိတ်မကူးနိုင်သော အကျိုးကျေးဇူးများ ရရှိစေသည်ဟု သူ ခံစားမိသည်။
သူ့ စိတ်ဖြင့် တစ်ချက် စူးစမ်းကြည့်သည်။ သူ့ခန္ဓာကိုယ်က သံမဏိ သို့မဟုတ် ကျောက်တုံးကြီးကဲ့သို့ ချိုးဖျက်မရအောင် မာကျောနေသည်။
နတ်ခန္ဓာကိုယ်က ဘယ်လိုပုံစံမှန်း သူ မသိပါ။ သို့သော် နတ်ဘုရင် အဆင့်တစ်ယောက်၏ နတ်ဘုရားခန္ဓာသည်ပင် သူ့ကိုယ်ထက် ပို မမာကျောနိုင်ဟု သူထင်သည်။
ယခု သူ့ကို ရယ်မောစေသော အရာက ခန္ဓာကိုယ် ပြောင်းလဲသွားခြင်းကြောင့် မဟုတ်ချေ။ သူ့ရှေးဟောင်း ကီသစ်ပင်နှင့် သေခြင်းမဲ့မိစ္ဆာမျိုးနွယ်သွေးစက်တို့ အသစ်တစ်ဖန် ပြန်လည်သိပ်သည်းလာခြင်းကြောင့်ဖြစ်သည်။
မမျှော်လင့်ဘဲ မရဏအမှောင် ပေါက်ကွဲမှုနှင့် တွေ့ကြုံပြီးနောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့သည်။ သို့သော် သူ့လျှို့ဝှက်ဆန်းကြယ်သော သိုင်းဝိညာဉ် အကူအညီကြောင့် ရှီယန် အပြည့်အဝ ပြန်လည် ကောင်းမွန်ရုံ သာမက အကျိုးကျေးဇူး ကြီးကြီးမားမား ရရှိခဲ့သည်။
သူ့ရှေးဟောင်းကီသစ်ပင်တွင် ကီစွမ်းအင်များ ပြည့်လျှမ်းနေသည်။ သလင်းလို ကြည်လင်သော သစ်ကိုင်း တစ်ခုချင်းစီက သန့်စင်သော စွမ်းအင်နှင့် ပြည့်နှက်ကာ ကျောက်စိမ်းကဲ့သို့တောက်ပနေသည်။ အကိုင်းအခတ်များ၏ နေရာလပ် သေးသေးလေးမကျန် သန့်စင်သော ကီအနှစ်သာရနှင့် ပြည့်ဝနေပြီး စွမ်းအင်များ အလျှံပယ်သယ်ဆောင်ထားသည်။
သူ့အဆင့်နှင့်ပတ်သက်ပြီး သူ့ကိုယ်သူ သိပ်မသေချာသော်လည်း လက်ရှိအခြေအနေအရ သူ့ ကီစုစည်းမှုသည် အစစ်အမှန်နတ်ဘုရား အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု သူသေချာပါသည်။
အခြား စကားဖြင့် ပြောရလျှင် သူ့ ကီစွမ်းအင်က အဆင့်တစ်ခုအထိ မြင့်မားလာကာ နယ်ပယ် အသစ်သို့ ချိုးဖျက်ရန် လုံလောက်သည်။
ပြီးလျှင် သူ့တွင် သေခြင်းမဲ့ မိစ္ဆာသွေး ရှိနေသည်။
ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ရာတွင် သေခြင်းမဲ့ မိစ္ဆာသွေးစက် ဆယ်စက် အသုံး ပြုခဲ့သည်။ ဤတစ်ကြိမ်၌ သူ၏ ဆုံးရှုံးမှု ဖြစ်သည်ဟု ထင်ခဲ့သည်။ သို့သော်လည်း သူ့ဝိညာဉ် အသိကို အသုံးပြု စစ်ဆေးခဲ့ပြီးနောက် ယခု သူ့ထံတွင် သေခြင်းမဲ့မိစ္ဆာ သွေးစက် (၅၀) စက် ရှိနေကြောင်း တွေ့ရှိခဲ့သည်။
သေခြင်းမဲ့ မိစ္ဆာသွေးစက် ငါးဆယ်…
သည်လို အခြေအနေမျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးချေ။ အလောင်းများထံမှ ကီအနှစ်သာရများက သူ့အား ကူညီခဲ့ဟန် တူသည်။ ပြီးနောက် ၎င်းက သူ့ရှေးဟောင်း ကီသစ်ပင်ကို အားဖြည့်ကာ သေခြင်းမဲ့ မိစ္ဆာသွေးစက်များ ထပ်မံ သိပ်သည်းလာစေရန် ကူညီပေးသည်။
ကျက်သရေ ကုန်းမြေတိုက်ကြီး၌…
ကောင်းကင်အဆင့် သို့မဟုတ် ဝိညာဉ် အဆင့် သိုင်းသမား ရာကျော်ကို သတ်ဖြတ်ခြင်း အားဖြင့် သူ့အား အင်မော်တယ် သွေးစက် အတော်များများ ရရှိစေရန် ကူညီပေးခဲ့သည်။
အစစ်မှန် နတ်ဘုရား နယ်ပယ်နှင့် နတ်ဘုရင် နယ်ပယ် သိုင်းသမားများကို သေဆုံးပြီးနောက် အစောပိုင်း နယ်ပယ် နှစ်ခုထက် ပိုမို များပြားသော ကီအနှစ်သာရများကို ထုတ်ပေးသည်။ ရလဒ်ကြောင့် ရှီယန်သည် စိတ်လှုပ်ရှားမှုကို မဖိနှိပ်နိုင်တော့ပါ။
ပေါင်အိုနှင့် … က သူ့ကိုယ်ပိုင် သွေးနေရာတွင် အင်မော်တယ် ဒီမွန်သွေးကို အစားထိုး အသုံးပြုနိုင်သည်ဟု ပြောခဲ့သည်။ တကယ့်တကယ်တွင် ထိုအရာက မဖြစ်နိုင်ဟု ရှီယန် ထင်ခဲ့သည်။
ယနေ့ ဒေါသမီးလျှံ ကြယ်တာရာ ဧရိယာတွင် အစစ်မှန် နတ်ဘုရားအဆင့်နှင့် နတ်ဘုရင် အဆင့် သိုင်းသမားများပေါများလှသည်။ ထို့ကြောင့် သွေးကို အစားထိုးပြောင်းလဲခြင်းက ပြဿနာ တစ်ခု မဟုတ်တော့ဟု သူထင်သည်။
သေခြင်းမဲ့ မိစ္ဆာသွေးစက်များကို သူ့သွေးနေရာတွင် အစားထိုး အသုံးပြုခြင်းဖြင့် အဆင့်သစ် တစ်ခုသို့ ရောက်လိမ့်မည်။ ပေါင်အိုနှင့်ကျီးကျဲ က သူ့အား ပေါက်ကရ မပြောမှန်း သူ ယုံကြည့်သည်။
သူသည် မိစ္ဆာသွေးစက်ကို မွေးဖွားသူ ဖြစ်ရာ အခြားနှစ်ယောက်ထက် ထူးခြား ဆန်းကြယ်သည်။ အကယ်၍ တစ်နေ့တွင် သူ့ခန္ဓာကိုယ် တစ်ခုလုံး သေခြင်းမဲ့ မိစ္ဆာသွေးစက်ဖြင့် ဖြည့်တင်းနိုင်လျှင် အံ့သြ တုန်လှုပ်ဖွယ် ပြောင်းလဲခြင်း တစ်ခု ရှိလိမ့်မည်ဟု ရှီယန် ယုံကြည်သည်။
သူက ဖြည်းညင်စွာ ထရပ်လိုက်သည်။ သူ့မျက်ဝန်း တစ်စုံက တောက်ပလျှက် ရှိသည်။ ရှီယန် အချိန်အနည်းငယ် တုံ့ဆိုင်းပြီးနောက် သူ့လက်ညိုးထိပ်မှ အထွဋ်အမြတ် သေခြင်းမဲ့မိစ္ဆာသွေးစက် တစ်စက် ညှစ်ထုတ်လိုက်သည်။
သူ့စိတ်ထဲတွင် တစ်စုံတစ်ယောက်ကို တွေးထားသည်။ သူက ထိုသေခြင်းမဲ့ မိစ္ဆာသွေးစက်ထဲသို့ လျှို့ဝှက် နည်းစနစ်နှင့်အတူ ဝိညာဉ် စွမ်းအင် ပို့လွှတ်သည်။ သူ့နတ်ဘုရား ဝိညာဉ်ထဲတွင် လူတစ်ယောက်၏ မျက်နှာ ပေါ်လာသည်။ ယင်းကား ရှီဂျန် ဖြစ်လေသည်။
သေခြင်းမဲ့ မိစ္ဆာသွေးစက်က စတင်လောင်ကျွမ်းသည်။ ၎င်းမှ မှော်စွမ်းအင် တစ်ခု ပေါ်ထွက်လာပြီး ဟင်းလင်းပြင်ကို ထွင်းဖောက်ဖြတ်သန်းကာ စိတ်မကူးနိုင်သော အမြန်နှုန်းဖြင့် အာကာသ အပြင်ဘက်သို့ ပျံသန်း သွားသည်။
ရှီဂျန်နှင့် ဆက်သွယ်မှု တစ်ခု ဖွဲ့စည်းဖို့ တည်ဆောက်နေဟန် တူသည်။ သို့သော် ထိုဆက်သွယ်မှုက အတားအဆီးများစွာကို ကြုံတွေ့နေရသည့်အလား ရှင်းလင်းမှု မရှိပဲ ဖြစ်နေသည်။
သိပ်မကြာခင်မှာပင် သူ့သေခြင်းမဲ့ မိစ္ဆာသွေးစက်က အကုန်အစင် လောင်ကျွမ်းသွားသည်။ စွမ်းအင် အနည်းငယ်ပင် မကျန်ခဲ့ပါ။
ရှီယန်က ရှီဂျန်နှင့် လုံးဝ မဆက်သွယ်နိုင်ခဲ့ပါ။ ကျက်သရေ ကုန်းမြေတိုက်ကြီး အတွင်းရှိ သူ့အဖိုးကို အာရုံ ခံ၍ မရပါ။
ရှီယန် စိတ်မပျက်ပါ။ သို့သော် မျက်ခုံးကို ပင့်ရင်း ခြောက်ကပ်ကပ် ရယ်မောမိသည်။
မှန်၏။ သေခြင်းမဲ့ မိစ္ဆာသွေးစက်က ကျက်သရေ ကုန်းမြေတိုက်ကြီးကို ရောက်ရှိရန် ကြယ်ဧရိယာ အတော်များများမှ အဆုံးမဲ့ လေဟာနယ် မဖြတ်သန်းနိုင်ပါ။
သေခြင်းမဲ့ မိစ္ဆာသွေးတစ်စက်က ဘာများ ဖြစ်လိမ့်မည်နည်း။ အကယ်၍ သေခြင်းမဲ့ မိစ္ဆာသွေးစက် ဆယ်စက်ကို အသုံးပြုခဲ့လျှင်ရော ရှီဂျန်၏ တည်နေရာ၊ သူ့အခြေအနေ သို့မဟုတ်…သူ့နှင်အတူ ဝိညာဉ် ဆက်သွယ်မှု တစ်ခုကို ဖန်တီးနိုင်လိမ့်မည်လော။
ထိုအယူအဆကို ကိုယ်တိုင် အတည်ပြုပြီးနောက် သူ ပြုံးလိုက်သည်။
ကိုးမျိုး ဝိညာဉ်ချုပ် မီးလျှံ၏ အကြံပေးချက်က အများကြီး ဖြစ်နိုင်သည်ဟု ရှီယန် တွေးမိသည်။
သူ့ဟင်းလင်းပြင် စွမ်းအင် အသိက နယ်ပယ် အသစ်သို့ ရောက်ရှိသွားသည်နှင့် သေခြင်းမဲ့ မိစ္ဆာသွေးစက်ကို အသုံးပြုပြီး ကျက်သရေ ကုန်းမြေတိုက်ကြီး အတွင်းရှိ သူ့ဆွေမျိုးများကို နေရာအတိအကျ ဆက်သွယ်နိုင်လိမ့်မည်။ သူ့စွမ်းအင်ကို အသုံးပြုပြီး အာကာသ လမ်းကြောင်းတစ်ခု ဖန်းတီးကာ ကျက်သရေ ကုန်းမြေတိုက်ကြီးမှ သူ့မိသားစု၊ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်များကိုဒေါသမီးလျှံ ကြယ်တာရာနယ်မြေဆီသို့ ခေါ်ဆောင်နိုင်မည်။ ယင်းကား နှစ်များစွာ ဖြစ်ပေါ်နေသော ကျက်သရေ ကုန်းမြေ၏ ပြဿနာကို ရှင်းလင်းပြီးဖြစ်သွားပေလိမ့်မည်။
စွမ်းအင် ပြတ်လပ်မှုတဲ့လား…
ဒေါသမီးလျှံ ကြယ်တာရာ ဧရိယာတွင် သက်ရှိကြယ် များစွာ ရှိသည်။ မည်သည့် သက်ရှိကြယ်မဆို သိုင်းသမားများ၏ ကျင့်ကြံခြင်းကို ကူညီပေးသည်။ သူတို့သည် များစွာသော သဘာဝ စွမ်းအင်ကို အသုံးပြုပြီး နတ်ဘုရားခန္ဓာကိုယ်ကို ဖန်းတီးကာ နတ်ဘုရင်အဆင့်သို့ တက်လှမ်းကြမည်။
သူတို့တွင် အမျိုးမျိုးသော ဆေးဝါးကောင်းများနှင့် အမွေအနှစ် စွမ်းအင်ဥာဏ်အလင်း အရင်းအမြစ်များ ရှိသည်။ သူတို့ အားလုံးက သူ့နှင့် ဆက်နွယ်နေသော ကျက်သရေ ကုန်းမြေ တိုက်ကြီးအတွက် အသစ် မြင့်မားလာရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။ဒေါသမီးလျှံ ကြယ်တာရာ ဧရိယာ အတွင်း၌ သူ၏ ဖူလုံကြွယ်ဝသော အထောက်အပံ့ ဖြစ်လာပေမည်။ တစ်နေ့တွင် ဒေါသမီးလျှံ ကြယ်တာရာဧရိယာ အတွင်း၌ ထိပ်သီးအင်အားစု သုံးစုကို ယှဉ်ပြိုင်ရန် လုံလောက်အောင် သန်မာကောင်း သန်မာ လာပေလိမ့်မည်။
သူ စိတ်လိုလက်ရ ရယ်မောနေစဉ် အပြင်ဘက်မှ အော်သံ တစ်သံ ထွက်ပေါ်လာသည်။
“ထွက်ခဲ့စမ်း…”
ကိုယ့်လက်ကိုပင် မမြင်ရသော အမှောင်ထဲ၌ တံခါး ဖွင့်လိုက်သောအခါ မျက်စိကျိန်းမတတ် အလင်းတန်း ကြီးဖြစ်ပေါ်လာသည်။
အခိုက်အတန့်အားဖြင့် ရှီယန် စိတ်ရှုပ်ထွေးသွားသည်။ သူ အရူးလို ရယ်မောခြင်းကို ရပ်တန့်ပြီးနောက် အပြင်သို့ လမ်းလျှောက် ထွက်လိုက်သည်။ အမြင်အာရုံထဲတွင် လီအိုနာ၏ ငယ်သားတစ်ယောက် ထွက်ပေါ်လာသည်။
လေးလံသော သံ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် လူချောကြီးက သူ့ကိုမြင်သောအခါ မှင်သက်နေသည်။ သူ့မျက်လုံးက မယုံနိုင်ဟန် ရှိနေသည်။ သူက ရှီယန်ကို မျက်တောင်မခတ် စိုက်ကြည့်ရင်း…
“မင်း…မင်းရဲ့ ခန္ဓာကိုယ်…”
ရှီယန်က ပြုံးလိုက်ရင်း ခါးကြောဆန့် လိုက်သည်။ သူက လူကြီးကို ကြည့်ကာ…
“ဘာဖြစ်လို့လဲ…”
“အိုး…သေစမ်း။ မင်းက မကောင်းဆိုးဝါးပဲ”
လူကြီးက တီးတိုးရေရွှတ်ရင်း သူ့မျက်နှာတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်နေသည်။
“ဒီလောက် ထိခိုက်ဒဏ်ရာ ရထားတာတောင် ပြန်ကုသနိုင်တယ်။ နတ်ဘုရင် သိုင်းသမား တစ်ယောက်တောင် မင်းလိုမျိုး ထိခိုက် ဒဏ်ရာ ရထားရင် သူတို့ ခန္ဓာကိုယ်ကို စွန့်ခွာသွားကြမှာ။ ခန္ဓာ အသစ်ရှာရင်ရှာ…မရှာရင် ပြန်လည် မွေးဖွားကြမှာ။ မင်း ဘယ်လို ကုသ လိုက်တာလဲ”
အမှန်တွင် ရှီယန်က သူ၏ ထူးခြားမှုကို နားလည်သည်။ သူက ပြုံးရုံမျှ ပြုံးကာ…
“ငါမှာ ကံကောင်းမှု အချို့ ရှိနေတယ်။ ဒဏ်ရာတွေကို ကုသဖို့ နတ်ဆေးဝါး အချို့လည်း ရှိတယ်။ ဒါကြောင့် ပြန်လည် ကုသနိုင်တာက ပုံမှန်ပါပဲ”
“နတ်ဆေးဝါးလား”
လူကြီးက အံ့အားသင့်သွားသည်။ သူ့မျက်ဝန်းက တခဏမျှ လင်းလက်သွားပြီးနောက် ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။
“အို…ဒီလို ဆေးမျိုးက တကယ်ပဲကိုး။ ဒါက နတ်ဘုရားခန္ဓာကိုယ်ကို သာမန် အခြေအနေရောက်အောင် ပြန်လည် ကုသနိုင်တယ်။ ဒါပေမဲ့ မင်းက အစစ်မှန် နတ်ဘုရား နယ်ပယ်မှာပဲ ရှိသေးတယ်။ ဒါက ပုံမှန် မဟုတ်ဘူး။ ဟုတ်တယ်မလား”
ရှီယန်က ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှ ဆက်မပြောတော့။
လူကြီးက သူ့ကို တခဏမျှ အကဲခတ်ကြည့်နေသော်လည်း ဖြစ်နိုင်စွမ်းအကြောင်းပြချက်များကို ရှာမတွေ့ခဲ့ချေ။ ထို့ကြောင့် သူက လေကြော မရှည်တော့ဘဲ နှာခေါင်းရှုပ်လိုက်ရင်း…
“သခင်မက မင်းကို တွေ့ချင်နေတယ်။ မင်းကို သတ်ဖို့ သူ့ဆီက အမိန့် စောင့်နေတာ။ ငါကိုယ်တိ်ုင် မင်းကို သတ်မှာ…”
“သူ အဲ့လို မလုပ်ပါဘူး”
ရှီယန်၏ မျက်နှာက ကြောက်ရွှံ့မှု တစ်စက်မျှ မရှိဘဲ တည်ငြိမ်နေသည်။
“တကယ်လို့ သခင်မ လီအိုနာက ငါ့ကို သတ်ချင်ရင် ငါ ခုအချိန်ထိ အသက် ရှင်နေမှာ မဟုတ်ဘူး။ မင်းကို စိတ်ပျက် စေမိပြီ။ ငါ မသေဘူး။ အင်အား အပြည့်အဝနဲ့ အသက် ရှင်ဦးမှာ…”
သူနှင့် သားသတ်သမ အမျိုးသမီးသည် တစ်စုံတစ်ရာ ဆက်နွယ်နေသည်ဟု ဘာကြောင့် အမြဲတမ်း ခံစားမိနေမှန်း မသိပါ။ ၎င်းက သူ့နတ်ဘုရား ဝိညာဉ် အတွင်းရှိ သွေးနီ အမှတ်အသားနှင့် ပတ်သက်နေပေမည်။ ထိုသားသတ်သမက မရှင်းပြခဲ့သလို ရှီယန်သည်လည်း သံသယ ရှိနေသည့်တိုင် သတင်းအချက်အလက်များကို မမေးမြန်းခဲ့ပါ။
လူကြီးက အကျဉ်းထောင်ထဲမှ သူ့အား ခေါ်ထုတ်သွားသည်။ လမ်းတလျှောက်တွင် ရှီယန်က လမ်းကြောင်းတစ်ဖက် တစ်ချက်ရှိ တံခါးများကို ကြည့်မိသည်။ ထိုတံခါးကြီး တစ်ခုစီတွင် မီးလျှံ၊တိမ် သို့မဟုတ် ရေ အပါအဝင် ရှုပ်ထွေးသော ပုံစံများနှင့် မျဉ်းကြောင်းများ ရေးဆွဲ ထွင်းထုထားသည်။ ထိုပုံစံများက တံခါး အနောက်ဘက်ရှိ ကမ္ဘာကို ချိတ်ပိတ်ထားသည်နှင့် တူသည်။
ထိုတံခါး အနောက်တွင် ဘာရှိမှန်း သူ အာရုံခံ၍ မရချေ။ သူ၏ အခြေအနေနှင့် ပတ်သက်ဆက်စပ်၍ တံခါး တစ်ချပ်စီ၏ အနောက်တွင် တစ်စုံတစ်ယောက်ကို အကျဉ်းချထားလိမ့်မည်ဟု ရှီယန် တွေးမိသည်။
သူက ခနမျှ စဉ်းစားပြီးနောက် မေးလိုက်သည်။
“အဲဒီထဲမှာ ဘာတွေလဲ”
“အဲဒီထဲမှာ ဘာတွေလဲ ဟုတ်လား”
လူကြီးက ဆိုးညစ်စွာ ပြုံးရင်း…
“ဘုရင့်အကျဉ်းသားတွေ၊ အာကာသ ဓားမြ၊ တောပုန်းဓားပြ၊ သူခိုးတွေနဲ့ ကွင်းဆက် လူသတ်သမားတွေ…။ သူတို့က အထွပ်အထိပ် သန့်စင်ခြင်းနယ်မြေထဲက ဆူးညှောင့်ခလုတ်တွေ ဖြစ်လာလိမ့်မယ်။ တကယ်လို့ မင်း အထွတ်အထိပ် သန့်စင်ခြင်းနယ်မြေ နဲ့ ဆက်သွယ်လိုက်ရင် သူတို့တွေက မင်းရဲ့ ပြိုင်ဘက် ဖြစ်လာလိမ့်မယ်”
“ဘာကို ဆိုလိုတာလဲ”
ရှီယန် အံ့အားသင့်ကာ ထပ်မေးလိုက်သည်။
“သူတို့တွေကရော အထွပ်အထိပ်သန့်စင်ခြင်းနယ်မြေနဲ့ ဆက်စပ်နေတာလား”
“မင်း သောက်ကျိုးနဲ သန့်စင်ခြင်း တံဆိပ်ပြားကြီး ကိုင်ထားပြီး အထွပ်အထိပ် သန့်စင်ခြင်းနယ်မြေအကြောင်း မသိဘူးလား”
လူကြီး၏ မျက်လုံးက ကြောင်တောင်တောင် ဖြစ်သွားသည်။
“မင်းက ဒေါသမီးလျှံကြယ်တာရာနယ်မြေကရော ဟုတ်ရဲ့လား။ဗဟုသုတ မဲ့လွန်တဲ့ ကလေးပဲ”
ရှီယန် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ သို့သော် သူ ဆက်မရှင်းပြတော့ပါ။
လူကြီးက ကုန်းပတ် အဆုံးဆီသို့ လျှောက်သွားလိုက်သည်။ သူက နောက်ထပ် ဆွေးနွေးလိုခြင်း မရှိတော့ပါ။
“ငါတို့ သန့်စင်ခြင်းကြယ်ကို ရောက်ပြီ။ တကယ်လို့ သခင်မက မင်းကို အသက်ရှင်ခွင့် ပေးရင် မင်းလဲ အထွတ်အထိပ် သန့်စင်ခြင်းနယ်မြေကို ၀င်ရလိမ့်မယ်။
အဲ့ဒီကျ မင်း ဘယ်လို အကျိုးကျေးဇူး ရမလဲဆိုတာ မင်း သိလိမ့်မယ်”
စကားပြောပြီးနောက် လူကြီး လမ်းလျှောက် ထွက်သွားသည်။ ရှီယန် သူ့နောက်မှ လိုက်ပါသွားသည်။
အနက်ရောင် အလင်းတစ်ချက် လက်သွားပြီးနောက် သူသည် အရိုးသင်္ဘော၏ အဓိက ကုန်းပတ်ပေါ်သို့ ရောက်ရှိသွားသည်။ ဤအစိမ်းရောင် အရိုးသင်္ဘောသည် အတော်လေး ထူးဆန်းပြီး အေးစိမ့်သောသွေးအော်ရာတစ်ခု ထုတ်လွှတ်နေသည်။
သင်္ဘော ကုန်းပတ်ပေါ်တွင် စစ်သည်တော် တစ်ရာကျော် ရပ်နေသည်။ သူတို့၏ အော်ရာက သန်မာပြီး အလျင်မလိုချေ။ ထိုစစ်သည်တော်များမှ သိပ်သည်းသော သွေးနံ့များ ထွက်ပေါ်နေပြီး မမြင်ရသော သွေးစီးကြောင်းတစ်ခုအတွင်း ရောက်နေသလို ခံစားရသည်။
ရှီယန် မျက်နှာပျက်သွားသည်။ သူ့ကိုယ်သူ ငရဲရှိ သွေးပင်လယ် အတွင်း၌ ကူးခတ်နေရသည်ဟု ခံစားနေရသည်။ ထိုခံစားမှုက သူ့အတွက် သက်တောင့်သက်သာ မရှိလှချေ။
လီအိုနာ၏ အမိန့်အောက်မှ သွေးစွန်းနယ်မြေ အဖွဲ့ဝင် အားလုံးသည် သူတို့၏ သဘာဝ သွင်ပြင်အရ ကွင်းဆက် လူသတ်သမားများ ဖြစ်ကြသည်။ သူတို့သည် ဒေါသမီးလျှံ ကြယ်တာရာဧရိယာ ဝန်းကျင်တွင် လှည့်လည် သွားပြီး မရေမတွက် နိုင်သော သက်ရှိကြယ်များပေါ်တွင် လူများကို ထိတ်လန့်စေသော သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။ ယခုအချိန်ထိတိုင်အောင် သူတို့ လူဘယ်လောက်များများ သတ်ဖြတ်ခဲ့ပြီးပြီးမှန်း မရေတွက်နိုင်ပါ။
ထိုစစ်သည်တော်များတွင် သွေးဆာနေသော အော်ရာတစ်ခု ရှိသည်။ သူတို့သည် လူများစွာကို သတ်ဖြတ်ခဲ့သည်။ သူ့တို့၏ သတ်ဖြတ်ခြင်း သွေးအော်ရာက သူတို့ ဝိညာဉ်ပေါ်တွင် တိ်ုက်ရိုက်သက်ရောက်မှုကြောင့် သိပ်သည်း ထူထပ်သည်။
သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်နေစဉ်…
ရှီယန်၏ ဝိညာဉ်က မသက်သာလှပါ။ ဤနေရာတွင် စိတ်ဓာတ် အင်အားနည်းသူ ဆိုပါက ချက်ချင်း ဒူးထောက် ကျသွားလိမ့်မည်ဟု ရှီယန် ယုံကြည်သည်။ သူ့နယ်ပယ်က သိသိသာသာ ကျဆင်းသွားသည်။ ယင်းက တိုက်ခိုက်ခြင်း စိတ်ဆန္ဒကို တားဆီးနေသည်။
ထိုစစ်သည်တော်များ၏ ရှေ့တွင် အနက်ရောင် ပုံရိပ်တစ်ခု ရပ်နေသည်။ သူမသည် ငြိမ်သက်နေပြီးတစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည့်အလား အဝေးသို့ ငေးကြည့်နေသည်။
“ သခင်မက မင်းကို စောင့်နေတယ်”
လူကြီးက ရှေ့သို့ ညွှန်းပြလိုက်သည်။ သူ့ကျောက ဖြောင့်မတ်သွားပြီး ကျောက်ရုပ်ကဲ့သို့ မတ်တပ် ရပ်နေသည်။ သူ့မျက်ဝန်းက အနက်ရောင်ဝတ် အမျိုးသမီးထံ ရောက်နေပြီး အရိုးသားဆုံး အလေးစားဆုံး ဆန္ဒများနှင့် ပြည့်နေသည်။
သူ့မျက်ဝန်းထဲ၌…
ထိုအနက်ရောင်ဝတ် အမျိုးသမီးက သူ၏ နတ်ဘုရားမ ဖြစ်သည်။
ရှီယန် မျက်မှောင်ကြုတ်သွားသည်။
သွေးတုံးသွေးခဲများလို မမှိတ်မသုန်ရပ်ကာ တာ၀န်ထမ်းဆောင်နေကြသော စစ်သည်တော်များကိုဖြတ်ကာ သူ့ မျက်လုံးများက ဟိုဒီ အကဲခတ်လျှက်…။
----- ----- ----- ------ ------- ------- ------- ------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora