769

525 74 0
                                    

Chapter 769: စွပ်စွဲချက်
ရှီယန်သည် ရဲ့လန်၊ တိုင်မူတို့နှင့်အတူ ဆွဲငင်အာ အခန်းထဲတွင် ကျင့်ကြံနေသည်။
သူတို့ အနားယူသည့် အချိန်တိုင်း အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေ၏ အခြေအနေကို ပြောဆို ဆွေးနွေးကြသည်။ ထိုနှစ်ယောက်ကြောင့် အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေနှင့် ပတ်သတ်ပြီး ပိုမို သိရှိလာသည်။
ရှီယန်သည် အစစ်မှန် နတ်ဘုရား နယ်ပယ်မျှသာ ရှိသေးသော်လည်း ဆွဲငင်အား အခန်းထဲတွင် လေ့ကျင့်နိုင်မှန်း ယာလန်နှင့် တိုင်မူတို့ တွေ့ရှိခဲ့သည်။ သူတို့သည် ရှီယန်ကို နောက်ထပ် အထင်သေးခြင်း စော်ကားခြင်း မရှိတော့ပါ။ သူတို့က ရှီယန်ကို အသေးအမွှားအဖြစ် မရှုမြင်တော့ချေ။
သို့သော် သူ၏ ကောင်းမွန်သော နေ့ရက်များ ကြာရှည် မခံခဲ့ပါ။
တစ်နေ့တွင် သူ ကျင့်ကြံပြီးနောက် မောပန်း၍ အနားယူနေစဉ် ရုတ်တရက် တစ်စုံတစ်ယောက်၏ အော်ခေါ်သံကို ကြားလိုက်သည်။
“ရှီယန် ဆိုတာ ဘယ်သူလဲ”
ပြီးနောက် ရင်ပြင်မှ ခြိမ်းခြောက်နိုင်သော စွမ်းအင်လှိုင်း တစ်ခု စီးဆင်းလာသည်။ ရှီယန် မတုံ့ပြန်ခင်မှာပင် ယာလန်နှင့် တိုင်မူက ချက်ချင်း ထခုန်သည်။ သူတို့၏ မျက်နှာပေါ်တွင် ကြောက်လန့်မှုများ အထင်းသား မြင်နေရသည်။
“အဲ့ဒါ ဘယ်သူလဲ”
ရှီယန် အံ့အားသင့်ကာ အလျင်အမြန် မေးလိုက်သည်။
“အရှင် အိုကူဒိုပဲ”
တိုင်မူ စိုးရိမ်းနေသည်။
“သူက မင်းကို ဘာကြောင့် ရှာနေရတာလဲ။ သူရဲ့ အသံက မင်းကို အပြစ် တင်နေတဲ့ အသံမျိုး ဖြစ်နေတယ်။ မင်း သူ့ကို ထိပါးမိခဲ့လို့လား”
ရှီယန် ခေါင်းခါလိုက်သည်။
“သိပ် မသေချာဘူး”
ပြီးနောက် သူက မတ်တပ် ထရပ်ကာ ဆွဲငင်အား အခန်း အပြင်ဘက်သို့ လမ်းလျှောက် ထွက်သွားသည်။
ရင်ပြင်ပေါ်တွင် နှစ်မီတာခန့် အရပ်မြင့်သော တုတ်ခိုင်ခိုင် လူတစ်ယောက် မတ်တပ် ရပ်နေသည်။ သူသည် အညိုရင့်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ ယင်းက သူ့ကို ရိုင်းစိုင်း ကြမ်းတမ်းသော နတ်ဘုရား တစ်ပါးအလား ကြောက်မက်ဖွယ် ကောင်းစေသည်။ ထိုလူ၏ ဘေးတွင် သန့်စင်ခြင်း တံဆိပ်တော်ကို ကိုင်ဆောင်ထားသည့် အခြား စစ်သည်တော် နှစ်ယောက် မတ်တပ် ရပ်နေသည်။ သူတို့၏ ဘေး၌ ရှီယန်ခရမ်းစွဲကြယ်တွင် ဆုံတွေ့ခဲ့သော အိုကဲရာ မတ်တပ် ရပ်နေသည်။
ခါသေ့၊ ရိုချက်စတာနှင့် မင်းသား တုတျန်းလီတို့လည်း သူတို့၏ နန်းတော်အသီးသီးမှ ပြေးထွက်လာကြသည်။
တုတျန်းလီသည် အမှောင်နတ်ဘုရားနိုင်ငံ ဧကရာဇ် တုတျန်းကျင်၏ ညီငယ်ဖြစ်ပြီး ယခု အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေကို တာ၀န်ယူထားရသူဖြစ်သည်။
သူက တုတ်ခိုင်ခိုင်လူကြီးအား လက်သီးဆုပ်ဂါရဝြပုရင်း အပြုံးဖြင့် မေးလိုက်သည်။
“အရှင် အိုကူဒို၊ ဘာကြောင့် အော်ဟစ်နေရပါသလဲ”
“ရှီယန်ဆိုတာ ဘယ်သူလဲ”
မိစ္ဆာနတ်ဘုရားကြီးလို ကြောက်မက်ဖွယ်ကောင်းသော တုတ်ခိုင်ခိုင်လူကြီးက အော်ပြောသည်။
သူ၏ ရက်စက် ကြုတ်ကြုတ်သော အကြည့်က လူအုပ်စုကို စစ်ဆေးနေသည်။ သူ့မြင်ကွင်း အရှေ့ရှိ စစ်သည်တော်များ အားလုံးက သူ့ကို ကြောက်လန့်နေသည်။
အိုကဲရာက ရှီယန်ကို အရင်တွေ့သည်။ သူကရုတ်တရက် ပြုံးကာ အဝေးရှိ ရှီယန်ဆီသို့ ညွှန်ပြသည်။
အိုကူဒိုက အကြင်နာ ကင်းမဲ့စွာ ရယ်မောသည်။ သူက လေဟာနယ်ထဲတွင် တစ်စုံတစ်ခုကို ဆုပ်ကိုင်လိုက်သည်။ ဧရာမ လှိုင်းလုံးကြီးများ ပြင်းထန်စွာမြင့်တက်လာသလိုမျိုး စွမ်းအင် စီးဆင်းမှု တစ်ခုက ရှီယန်ကို မျက်တောင်တစ်ခတ်အတွင်း ဖုံးလွှမ်းသွားသည်။
ရှီယန်က လေ့ကျင့်မှုကြောင့် မောပန်းနေဆဲ ဖြစ်သည်။ သူ့တွင် အားပြန်ဖြည့်ရန် သို့မဟုတ် တုံ့ပြန်ရန် အချိန် မရှိပါ။ ထိုစွမ်းအင် စီးဆင်းမှုက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး အားလုံး၏ ဦးခေါင်းအထက်သို့ မြောက်တင်လိုက်သည်။ သူက အလွန်ပင်ပန်းနေရာ စွမ်းအင် အနည်းငယ်မျှပင် မထုတ်ဖော်နိုင်ချေ။
အိုကူဒိုဆိုသည်မှာ အဆုံးအစမဲ့သော သဘာ၀လွန်စွမ်းအင်များပိုင်ရှင် အမတ်ချုပ်ကြီးတစ်ဦးဖြစ်သည်။
သူက မူလနတ်ဘုရားအဆင့်ဖြစ်၏။
သူနှင့်နှိုင်းယှဉ်လျှင် အစစ်အမှန်နတ်ဘုရားအဆင့်မျှသာဖြစ်သောရှီယန်သည် စွမ်းအင်ကွာဟမှု အဆင့်ကြီးနှစ်ဆင့်ပင်ရှိနေသည်။
အိုကူဒို၏ တိုက်ခိုက်မှုကို ရှီယန် ဘယ်နည်းနှင့်မျှ မခုခံနိုင်ပါ။
ထိုစွမ်းအင်က သူ့ကို ရစ်ပတ်ချည်နှောင်သည်။
သူ၏ ရှေးဟောင်းကီသစ်ပင်ကို ပိတ်လှောင်ထားသည်။
သူ၏ ဝိညာဉ်ယဇ်ပလ္လင်သည်လည်း အလွှာပါးတစ်ခု၏ ဖုံးအုပ်ခြင်းခံရကာ မလည်ပတ်နိုင်တော့ချေ။
အိုကူဒိုက ကြမ်းကြုတ်စွာ အော်ဟစ်ရယ်မောသည်။
“ကောင်လေး၊ မင်းက မင်းသမီး ကျိယောင်ကို တိုက်ခိုက်ဖို့ သွေးရိုင်း လူသတ်သမား ကာထို့နဲ့ ဆက်သွယ် ရဲတယ်ပေါ့။ ငါ နောက်ကျနေတဲ့ အကြောင်းအရင်းက ဒီကိစ္စကို စုံးစမ်း နေလို့ပဲ။ အခု ငါ အားလုံးကို သိသွားပြီ။ မင်းသမီး ကျိယောင်ပေါ် ရိုင်းစိုင်းတဲ့ အစီအစဉ်တွေ အတွက် မင်း တန်ဖိုးကြီးကြီး ပြန်ပေးဆပ်ရမယ်”
“အိုကူဒို…သောက်ကျိုးနဲ့ မင်း ဘာအကွက်တွေ ရွှေ့နေတာလဲ”
ခါသေ့ ၏ မျက်နှာက အေးစက်နေကာ မျက်မှောင် ကြုတ်လိုက်သည်။ သူက လေသံတင်းတင်းဖြင့်
“ရှီယန်မှာ သန့်စင်ခြင်း တံဆိပ်တော် ရှိတယ်။ ငါ စစ်ဆေးပြီးပြီ။ မင်းသမီး ကျိယောင်က သူ့ကို ပေးခဲ့တာပဲ။ မင်းသမီး ကျိယောင်က သူ့ကို တံဆိပ်တော် ပေးခဲ့တယ် ဆိုမှတော့ သူမ ဒီကိစ္စကို စစ်ဆေးပြီးသားပဲ ဖြစ်ရမယ်။ မင်း သောက်အဓိပ္ပာယ် မရှိတာတွေ မပြောနဲ့”
တာ့လီ ကတော့ မျက်မှောင် ကြုတ်နေပြီး ဘာမှ ဝင်မပြောချေ။ သူ့မျက်နှာက မည်းမှောင်နေသည်။ သူ ဘာတွေးနေမှန်း ဘယ်သူမှ မသိပါ။
အမတ်ချုပ်ကြီး ငါးယောက်အနက် တစ်ယောက်ဖြစ်သော ရိုချက်စတာသည် အရာရာတိုင်းကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။ သိသာစွာပင် သူက ငြင်းခုံပွဲအတွင်းသို့ ဝင်မပါချေ။
ရုတ်တရက် တုထျန်းလီက အော်ပြောလိုက်သည်။
“အရှင် အိုကူဒို၊ မင်း မှားနေပြီထင်တယ်။ ရှီယန်မှာ သန့်စင်ခြင်း တံဆိပ်တော် ရှိတယ်။ ဒါက မင်းသမီး ကျိယောက်ရဲ့ ယုံကြည့်မှုကို ရခဲ့တယ်ဆိုတဲ့ သက်သေပဲ။ ကျိယောင်က သူ့အပေါ် မကောင်းကြံတဲ့ လူတစ်ယောက်ကို ဘယ်တော့မှချီးမြှောက်မှာ မဟုတ်ဘူး။ ဒီကိစ္စမှာ တစ်ခုခုတော့ လွဲနေပြီ”
“ဟားဟား၊ ငါ မင်းတို့ကို ယုံကြည့်အောင် ပြပေးပါ့မယ်”
အိုကူဒိုက ဆိုးညစ်စွာ ပြုံးရင်း ရုတ်တရက် လက်ဝေ့ယမ်း လိုက်သည်။
မမြင်နိုင်သော အားတစ်ခုက အဝေးတစ်နေရာမှ ပုံရိပ်တစ်ခုကို ဆွဲခေါ်လာသည်။ တခနအတွင်းထိုသူက လူတိုင်း၏ မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။ သူသည် ရှီယန်နှင့် မျက်နှာချင်းဆိုင် လေဟာနယ်ထဲတွင်မျောလွင့်နေ၏။
သူက လူငယ်တစ်ယောက်ဖြစ်ပြီး ကြည့်ကောင်းသော ရုပ်ရည်ရှိသည်။
သို့သော် သူ့မျက်လုံးထဲတွင် စိုးရိမ်ကြောင့်ကြမှုများနှင့်ပြည့်လျှက်ရှိ၏။
သူက ရှီယန်ကိုမြင်သောအခါ ခတ္တမျှ အံ့အားသင့်သွားပြီးနောက် ရုတ်တရက် အော်ဟစ်သည်။
“သူပဲ…ကာထို့နဲ့ ဆက်သွယ်ပြီး မင်းသမီးကျိယောင်ရဲ့ ခရီးစဉ်ကို ပြောပြခဲ့တာ သူပဲ။ ကြယ်ပေါက်ကွဲခြင်းအပိုင်းအစလွင်ပြင်မှာလည်း သူ့ကြောင့် ကျွန်တော်တို့ မင်းသမီးကျိယောင်ရဲ့ စစ်သင်္ဘောကို လိုက်ဖမ်းနိုင်တာ”
ရှီယန်၏မျက်နှာက အေးခဲသွားသည်။
သူက ထိုလူကို ခက်ထန်စွာ နက်နက်ရှိုင်းရှိုင်းကြည့်သည်။
ကာထို့ လက်ပါးစေပဲ…။ ကြယ်ပေါက်ကွဲခြင်းအပိုင်းအစလွင်ပြင်မှာတုန်းက သူက ကာထိုိ့အတွက် အမှုထမ်းနေခဲ့တာပဲ။ အခု တခြားဘက်က ရပ်တည်ပြီး ငါ့အပေါ် စွပ်စွဲလာတာ ဘာသဘောလဲ။
ရှီယန် ကျောရိုးထဲမှ စိမ့်လာသည်။
တစ်စုံတစ်ယောက်က သူ့ကို ဒုက္ခပေးရန် ကြိုးစားနေသည်။ လကြယ်တွင် သူ့ကို မသတ်နိုင်ခဲ့ရာ သူ့အား နောက်ထပ် အန္တရာယ်ရှိသော အစီအစဉ် တစ်ခုထဲသို့ ဆွဲထည့်ခဲ့လေပြီ။
သူ့အကြည့်က အိုကဲရာအပေါ် ကျရောက်သွားသည်။
ထိုအကြည့်တွင် မထိန်းချုပ်မရနိုင်သော ခါးသီးမှု၊ မကျေနပ်မှုများ ရှိနေသည်။
ဒါက အိုကဲရာ၏ စနစ်ပင်ဖြစ်ရမည်။
ဒါကို သူသေချာပြောနိုင်သည်။
ကျိယောင် ချုံခိုတိုက်ခိုက်ခံရခြင်းတွင် အိုကဲရာကိုယ်တိုင် ပါ၀င်နေမှန်း အခုမှ သဘောပေါက်သွားသည်။
ထိုသို့ တွေးမိသည်နှင့် သူ့နှလုံးသားက အဆုံးအစွန်အထိ နစ်မြုပ်သွားခဲ့သည်။
ဒီကိစ္စက ထင်ထားသည်ထက် ပိုမိုနက်ရှိုင်းနမှန်း ရှီယန် သိသွားခဲ့လေပြီ။
တစ်ဖက်လူများက သေသေချာချာ ပြင်ဆင်ခဲ့ကြသည်။
သူတို့က မျက်မြင်သက်သေတစ်ယောက်ပင် ယူဆောင်လာသည်။
သိသာစွာပင် သူတို့က သူ့အား သေစေချင်သည်။
ကာထို့နှင့် ရှီယန်တို့အကြား ဆက်နွယ်မှုကို ဘယ်သူမှ မသိပါ။
ကြယ်ပေါက်ကွဲခြင်းအပိုင်းအစလွင်ပြင်တွင် သူတို့ကြားမှ အပြန်အလှန်ပြောစကားများကို ဘယ်သူမှမကြားနိုင်ကြောင်း ရှီယန်သေချာပေါက် ပြောရဲသည်။
တစ်စုံတစ်ယောက်သည် သူ့အကြံအစည် ပေါ်ပေါက်သွားမည်ကို စိုးရိမ်နေသည်။
သူက ဆက်နွယ်နေသူအားလုံးကို နှုတ်ပိတ်ချင်သည်။
ရှီယန်က အမြန်ဆုံးဖယ်ရှားရမည့် ဆူးညှေင့်ခလုတ်ပင်ဖြစ်၏။
ကျိယောင်၏ ပွဲစဉ်တွင် ရှီယန် သားကောင်ဖြစ်ခဲ့ရသည်။
သူ ပါ၀င်ပတ်သက်ခဲ့သော်လည်း ယခုမှ အားလုံး သဘောပေါက်သွားခြင်းဖြစ်သည်။
“မင်း ဘာထပ် ပြောချင်သေးလဲ”
အိုကူဒိုက ဟားတိုက် ရယ်မောသည်။
“ကျိယောင်ရဲ့ ချုံခို တိုက်ခိုက်မှုနဲ့ ဆက်စပ် သမျှကို ပြောဆိုနိုင်တဲ့ မျက်မြင်သက်သေ ဒီနေရာမှာ ရှိနေပြီ။ မင်း ဘယ်လို ငြင်းမလဲ ငါ ကြည့်မယ်”
“ဒီကိစ္စက ကျုပ်နဲ့ ဆက်စပ်နေမယ်ဆိုရင် မင်းသမီး ကျိယောင်က သန့်စင်ခြင်း တံဆိပ်တော်ကို ဘာကြောင့် ပေးခဲ့သေးလဲ။ တကယ်လို့ ကျုပ်က မင်းသမီးကို သတ်ချင်တယ်ဆိုရင် ကြယ်ပေါက်ကွဲခြင်းအပိုင်းအစနယ်မြေကနေ အသက် ရှင်လျှက် ထွက်နိုင်မယ် ထင်လို့လား။ ကာထို့ကရော ဘာကြောင့် ရုတ်တရက်ကြီး လက်လျှော့သွားတာလဲ”
ရှီယန်က အကြောက်အလန့်ကင်းမဲ့စွာဖြင့် အိုကူဒိုကို မေးခွန်းပြန်ထုတ်သည်။
“ကောင်လေး၊ စကား ဘယ်လို ပြောရမလဲဆိုတာ မင်း သိတာပဲ။ ဟားဟား…ကျိယောင်ရဲ့ ယုံကြည်မှုက မင်းရဲ့ အကြံအစည်ကြီးအတွက် လွယ်ကူ ချောမွေစေတယ်”
အိုကူဒိုက ခပ်သဲ့သဲ့ ပြုံးသည်။
“သန့်စင်ခြင်း ကြယ်နဲ့ အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေဟာ မင်းရဲ့ အစီအစဉ်ထဲက တစ်ခုပဲ။ မင်းက သစ္စာဖောက်ပဲ။ မင်းဘာတွေ ကြံစည်ထားလဲ ငါ မသိဘူး။ ဘယ်လိုပဲ ဖြစ်နေပါစေ မင်းကို သတ်လိုက်ရင် အရာအားလုံး တားဆီးပြီးသား ဖြစ်သွားလိမ့်မယ်”
စွမ်းအင် ထုတည် တစ်ခုက ရှီယန်ကို ဖျစ်ညစ်သည်။ ရှီယန် ရုတ်တရက် သူ့ကိုယ်ပေါ်သို့ တောင်ကြီး တစ်လုံး ပိကျလာသည့်အလား နာကျင်မှုကို ခံစားရသည်။
သူ့ခန္ဓာကိုယ်က အချိန်မရွေး ပေါက်ပြဲပွင့်ထွက်သွားတော့မလိုမျိုး သူ့အရိုးများပင် ကျပ်ညပ်လာသည်။
“နေဦး”
ခါသေ့ ၏ ပါးစပ်က ရုတ်တရက် ပွင့်သွားသည်။ သူ့ထံမှ ထက်ရှသော စွမ်းအင် တစ်ခု ပြေးထွက်လာကာ ရှီယန်ပေါ်သို့ ကျဆင်းသည်။ ရုန်းရင့် ကြမ်းတမ်းသော စွမ်းအင်က ရှီယန်ကို ဖုံးအုပ်ကာ မမြင်နိုင်သော လေဟာနယ် တစ်ခု ဖြစ်ပေါ်စေသည်။ ထိုကြောင့် ရှီယန်၏ ခန္ဓာကိုယ်က ချက်ခြင်း ပွင့်ထွက်သွားမည့်ဘေးမှ ကင်းဝေးသွားသည်။
“ခါသေ့…မင်း ဘာလို အော်တာလဲ။ ငါက အင်ပါယာရဲ့ သစ္စာဖောက်ကို သတ်မလို့။ မင်း ကိစ္စ ဘာပါလို့လဲ”
အိုကူဒိုက အော်ဟစ်သည်။
သူ့မျက်နှာတွင် အညှာအတာကင်းမဲ့မှုကို အထင်းသား မြင်နိုင်သည်။
ခါသေ့က ကြောက်ရွံ့ခြင်းမရှိပါ။ သူက ထုံးစံအတိုင်း ခပ်ပြုံးပြုံးဖြင့်ပင်
“သူက မင်းသမီး ကျိယောင်ရဲ့ လက်အောက်ခံပဲ။ တကယ်လို့ သူကို ကွက်မျက်မယ်ဆိုရင် မင်းသမီးကျိယောင် ကိုယ်တိုင် လုပ်လိမ့်မယ်။ အိုကူဒို၊ မင်းက တခြားသူရဲ့ ကိစ္စကို ဝင်ရောက် စွက်ဖက်နေတာလား”
“ငါ့တူ အိုကဲရာက မင်းသမီးရဲ့ ကိုယ်ရံတော်ပဲ။ ငါက မင်းသမီးကျိယောင် ကိုယ်စား သစ္စာဖောက်ကို အပြစ်ပေးတယ်။ သူ့များ အလုပ်ကို ဝင်စွက်ဖက်တယ်လို့ ဘယ်သူ ပြောမလဲ”
အိုကူဒိုက နောက်ထပ် မပြောတော့။ သူက ဆိုးညစ်စွာ ပြုံးသည်။
“အစစ်မှန် နတ်ဘုရား အဆင့်က သစ္စာဖောက် တစ်ယောက်ကို အချိန်မရွှေး သတ်ပစ်လို့ရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျိယောင်မေးခဲ့ရင် ငါ အဖြေတစ်ခု ပေးလိုက်မယ်”
ပြီးနောက် အိုကူဒိုက အော်ဟစ် မန်သွင်းလိုက်သည်။
သူ့စွမ်းအင်က သောင်ပြို ကမ်းပြို တဟုန်ထိုး တိုးတက်လာသည်။ သူသည် ရှီယန်ကို သတ်ရန် ကြိုးစားလိုက်သည်။
ခါသေ့၏ မျက်နှာက ဖျော့တော့သွားသည်။ သည်ရင်ပြင်တွင် ရှီယန်ကို ကယ်တင်ရန်အတွက် အိုကူဒိုနှင့် တိုက်ရမည်ကို အနည်းငယ် တုံ့ဆိုင်းနေသည်။ ထိုအခိုက် သူ့အားကို အနည်းငယ် လျော့လိုက်သည်။
မမြင်နိုင်သော လက်များစွာက သူ့ကို ဆုပ်ကိုင်ထားသလိုမျိုး တင်းကြပ်းမှုကို ရှီယန် ခံစားလိုက်ရသည်။ သူက အသက်ကို အသည်းအသန် လုရှူနေရသည်။
မူလနတ်ဘုရား နယ်ပယ် အိုကူဒို၏ အရှေ့တွင် သူ့နယ်ပယ်က အလွန် နိမ့်ကျနေမှန်း ရှီယန် သိသည်။ အကယ်၍ သူ့စွမ်းအင် အားလုံး အသုံးပြုလျှင်ပင် အိုကူဒို၏ ပြိုင်ဘက် မဖြစ်နိုင်ပါ။ သူ့အတွက် သည်အင်အားကို ဖယ်ရှားရန် အခွင့်အရေး မရှိပါ။
သူက အိုကဲရာနှင့် အိုကူဒိုကို စိုက်ကြည့်သည်။ သူက နှုတ်ခမ်းကို အနည်းငယ် ကိုက်ကာ နီစွေးသော သွေးတစ်စက် ညှစ်ထုတ်လိုက်သည်။ သူ့မျက်ဝန်းတွင် ဆိုးဝါးသော နားကျည်းမှုနှင့် ပြည့်နှက်နေသည်။
သူလုပ်ရတော့မည်။
ထိုစဉ်မှာပင်…
“ဝုန်း”
မည်သည့် နေရာမှ လာမှန်း မသိသော ကမ္ဘာဖျက် အမှောင်စွမ်းအင် တစ်ခုက သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်သွားသည်။ ချက်ချင်း သူ့အမှောင် အခန်းငယ်ထဲသို့ ပြန်ရောက်သွားသည့်အလား ခံစားလိုက်ရသည်။ သူ ဘာမှ မမြင်ရတော့ပါ။
အိုကူဒိုထံမှ ကြောက်မက်ဖွယ် စွမ်းအင်က အဝေးသို့ လွင့်စဉ် ပျောက်ကွယ်သွားသည်။ အချိန်တိုလေး အတွင်းမှာပင် အိုကူဒို၏ အော်ရာသည်လည်း လွင့်ပျောက်သွားသည်။
ထိုအခိုက် အပြင်ဘက်မှ အိုကူဒို၏ ဒေါသသံ ထွက်ပေါ်လာသည်။
“လီအိုနာ၊ မင်း ဘာလို ဝင်ရှုပ်တာလဲ။ သူများ ကိစ္စကို မင်း ဝင်မရှုပ်နဲ့”
“အေး…ငါ၀င်ရှုပ်ချင်လို့ ရှုပ်တယ်…ဘာဖြစ်ချင်သလဲ”
လီအိုနာ၏ အေးတိအေးစက်အသံဖြစ်၏။
ပြီးနောက် ဖြန်းကနဲ အသံတစ်ချက်နှင့်အတူ အိုကဲရာ၏ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရသည်။
“လီအိုနာ၊ မင်း ငါ့တူကို ရိုက်ရဲတယ်။ မင်း ငါနဲ့ တိုက်ခိုက်ချင်တာလား”
အိုကူဒိုက ဒေါသထွက်ကာ စူးစူးဝါးဝါး အော်ဟစ်သည်။”
“အို ဟုတ်တာပေါ့။ ငါမှာ သင်ခန်းစာ တစ်ခု လိုအပ်တယ် ထင်တယ်”
လီအိုနာက စိတ်ထိန်းထားဆဲ ဖြစ်သည်။
“အိုကဲရာက ငါ့ကို အန္တရာယ်ဖြစ်အောင်လုပ်ဖို့ ကြိုးစားတယ်။ ငါ သူ့ကို ဖမ်းချင်တယ်။ မင်းက သူ့ဦးလေးပဲ။ မင်းလည်း ဒီကိစ္စမှာ ပါဝင်ကောင်း ပါဝင်နိုင်တယ်။ ငါ မင်းတို့ နှစ်ယောက်လုံးကို စုံးစမ်း ရမယ်”
ထိုအချိန်တွင် အမှောင်ထုက ရုတ်တရက် ပျောက်သွားသည်။
ရှီယန်ကို ထိန်းချုပ်ထားသော စွမ်းအင်က အစအနမရှိ ချက်ချင်း ပျောက်ကွယ်သွားသည်။ ယခု ရှီယန် လေထဲတွင် လွင့်မျောနေသည်။ သူ ကြိုးစား ရပ်တည်လိုက်ပြီးနောက် လီအိုနာနှင့် အိုကူဒို တစ်ယောက်နှင့် တစ်ယောက် ထိပ်တိုက် ရင်ဆိုင်နေမှန်း တွေ့လိုက်သည်။ သူတို့ကြားတွင် စွမ်းအင်လှိုင်း တစ်ခုမှ မရှိပေ။ သို့သော် သူတို့၏ မျက်လုံးထဲတွင် အမည်မသိ အဆုံးမဲ့ တိုက်ခိုက်ခြင်း ဆန္ဒမီးလျှံများ လောင်းကျွမ်းနေသည်။
အသားဖြူဖြူ အိုကဲရာ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျနေသည်။ သူ့ပါးတစ်ဖက်တွင် သွေးလက်ဝါးရာ တစ်ခု ရှိနေသည်။ သူသည် ရူးသွပ်နေချေပြီ။ လီအိုနာကို ကြည့်သော သူ့မျက်ဝန်းတွင် မုန်းတီးမှုများ ပြည့်နှက်နေသည်။
ထိုအမျိုးသမီးက အိုကဲရာကို မကြည့်ပါ။ သူမထံမှ သွေးဆာမှုနှင့် အေးစက်မှုများသာ ထွက်ပေါ်နေသည်။ ၎င်းက သူမ ဝန်းကျင်ရှိ အလင်းအားလုံးကို ဝါးမျိုထားသည့်အလား ထင်မှတ်ရသည်။ သူမ ဝန်းကျင်တွင် တဖြည်းဖြည်း မည်းမှောင်လာပြီး အလင်းမျှင်တန်းများ ပျောက်ဆုံးလာနေသည်။
----- ------ ----- ------ ------- ------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Место, где живут истории. Откройте их для себя