708

528 71 0
                                    

Chapter 708: ကွဲကွာခြင်း
ရှီယန်က ဖာဂီ၏ ရှင်းလင်းချက်များကို စိတ်ပါ၀င်စားစွာ နားထောင်နေသည်။
မျက်မှောင်ကြုတ်ထားသော သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများကို အထင်းသားမြင်တွေ့နိုင်သည်။
နတ်ဘုရားအဆင့်များကို သာမန် သုံးဆင့်နှင့် မဟာ သုံးဆင့်အဖြစ် ခွဲထားသည်။
သူသည် အစစ်အမှန် နတ်ဘုရားအဆင့်ဖြစ်ပြီး ကျက်သရေကုန်းမြေတိုက်ကြီးတွင် အစွမ်းအထက်ဆုံးဆိုသူများနှင့်ပင် ရင်ပေါင်တန်းနေခဲ့ပြီဖြစ်သည်။တစ်ဦးချင်းဆိုလျှင် ရှီယန် မည်သူ့ကိုမျှ မကြောက်ဟု ရှီယန် မိမိကိုယ်ကိုယ် ဂုဏ်ယူခဲ့ဖူးသည်။
သို့သော် ဖာဂီ၏ ရှင်းလင်းချက်များကို ကြားသိရသည့်အခါတွင်တော့ သူ့ကိုယ်သူ နွားခြေရာခွက်ထဲမှ ဖားသူငယ်လို ခံစားလိုက်ရလေသည်။
“ပြင်ပနယ်မြေတွေဟာ နင်ထင်တာထက် ပိုရှုပ်ထွေးတယ်။ထိပ်တန်းသိုင်းပညာရှင်တွေဆိုတာ တောအုပ်ထဲက သစ်ပင်တွေလိုပေါတယ်။
ဖွံ့ဖြိုးတဲ့ ကုန်းမြေတိုက်ကြီးတစ်ခုမှာ အသက်ရှင်သန်ဖို့ဆိုတာ နင်တို့ရဲ့ နိမ့်ပါးတဲ့ ကုန်းမြေတွေမှာ ရှင်သန်နေထိုင်ခြင်းထက် အဆပေါင်းများစွာ ခက်ခဲတယ်”
ဖာဂီ၏ စကားက ကြွားဝါခြင်းဘက်ခြမ်းသို့ ရောက်ရှိသွားဟန်တူသည်။သို့သော်လည်း သူမက အလျှင်မလိုပဲ အေးဆေးစွာပြောနေသည်။
“နင် ပြင်ပကမ္ဘာမှာ အသက်ရှင်သန်ချင်ရင် အဆင့်မြင့်မားဖို့ကို အမြဲ တွေးတောကြံဆောင်နရမယ်။ပျင်းရိနေဖို့ အချိန်မရှိဘူး”
ပြီးနောက် ဖာဂီက စကားရပ်လိုက်ရင်း ရှီယန့်ကို သေချာကြည့်ကာ
“နင့်အသက် ဘယ်လောက်ရှိပြီလဲ”
ရှီယန်က တစ်ချက်စဉ်းစားလိုက်ရသည်။ပြီးနောက် သူက ရိုးသားစွာပင်
“ငါ အခုဆို အသက်သုံးဆယ်၀န်းကျင်လောက်တော့ ရှိပြီထင်တယ်”
ရှီယန် သူ့အသက်ကို သူ တကယ်ပင် အတိအကျ မမှတ်မိတော့ပါ။
သူက ကျက်သရေကုန်းမြေတိုက်ကြီးတွင် လူးလာခေါက်တုံ့ ပြေးလွှားနေခဲ့သည်။တစ်နေရာထဲတွင် အခြေချနေထိုင်သည်ဟူ၍ မရှိခဲ့ဖူးပါ။
သူ့ဘ၀သည် တိုက်ပွဲများနှင့် ပြည့်နှက်နေသည်။သူကိုယ်တိုင်ကလဲ ပိုမိုမြင့်မားသော အဆင့်အတန်းအတွက် အဆက်မပြတ် ရုန်းကန်နေခဲ့ရသည်။
သူ အချိန်မည်မျှ ကုန်ဆုံးသွားပြီဆိုခြင်းကို တစ်ခါမှ သေချာမတွေးခဲ့ဖူးချေ။
ဖာဂီ့မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။
သူမက ရှီယန့်ကို ခြေဆုံးခေါင်းဆုံးကြည့်ရင်း
“သုံးဆယ်၀န်းကျင်…နင်တကယ်ပြောတာလား”
ရှီယန်က အေးအေးသက်သာပင် ခေါင်းညိတ်ပြသည်။
ဖာဂီက ဘာမှ ဆက်မပြောတော့ပါ။
အတန်ကြာအောင် နှုတ်ဆိတ်နေပြီးမှ မျက်မှောင်ကြုတ်လိုက်ရင်း
“မွေးရာပါ ပါရမီ ရင့်သန်တာပဲ”
ထိုစကားပြောပြီးနောက် သူမက မျက်လုံးများ မှိတ်ထားလိုက်သည်။
ရှီယန်လည်း တိတ်ဆိတ်စွာပင် စောင့်ဆိုင်းနေလိုက်သည်။
အချိန်အတော်ကြာသွားပြီးနောက် ဖာဂီ၏ ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများက အားကောင်းသည်ထက် ကောင်းလာသည်။
သူမလက်ထဲရှိ သန့်စင်ခြင်းကျောက်တုံး အကြီးစားကတော့ တဖြည်းဖြည်း မှိန်ဖျော့လို့သွားခဲ့ပြီဖြစ်သည်။
အတွင်းရှိ ပမာဏများပြားလှသော စွမ်းအင်များအားလုံး စုပ်ယူခြင်းခံလိုက်ရပြီဖြစ်၏။
ခနနေတော့ ဖာဂီက ထရပ်လိုက်သည်။
အ၀တ်အစားပင် ဖုန်မခါတော့ပဲ
“အလုပ်စကြစို့”
ရှီယန်လည်း ကမန်းကတမ်း ထလိုက်ရသည်။
စွမ်းအင်များကို စုစည်းကာ အသင့်အနေအထားဖြင့် သူမအနီးတွင် နေရာယူလိုက်လေသည်။
ဖာဂီ အမိန့်ပေးလိုက်သောအခါ သားရဲကြီးက ဥက္ကာခဲနံရံများကို ဆက်လက်တူးဖောက်သည်။
ငါးရောင်ခြယ် သတ္တုရိုင်းများ ပြန့်ကျဲသွားသည်။
အများစုကို ဖာဂီက ဖမ်းယူနိုင်သောကြောင့် သူမ လွတ်ထွက်လာသော တစ်ချို့တစ်လေကိုသာ ရှီယန် ကောက်ပေးရခြင်းဖြစ်သည်။
ဒေကာဆီမှာ လုပ်ရတာထက် အများကြီး သက်သာပါသည်။
တိုင်းတာလို့မရသော တူးဖော်ခြင်း နောက်တစ်ကြိမ် စတင်ပြန်လေတော့သည်။
မိုင်းတွင်းလုပ်ငန်းစဉ်အတွင်း ရှီယန်က စွမ်းအင်ပြန်လည်ဖြည့်တင်းရန် အဆင့်နိမ့် သန့်စင်ခြင်းသလင်းတုံးများ ရရှိသည်။ဖာဂီ သူ့ကိုပေးသော နှုန်းထားက သုံးဆခန့် မြင့်မားလေရာ တဖြည်းဖြည်းနှင့် ရှီယန်၏ ရှေးဟောင်းကီသစ်ပင်က ပိုမို ကျယ်ပြန့်လာခဲ့ပြီး ကြည်လင်တောက်ပလျှက်ရှိသည်။
သူ၏ စွမ်းအင်အဆင့်ကလဲ ပိုပြီး တည်ငြိမ်လာပြီဖြစ်ကာ သူ့ စွမ်းအင် အသုံးပြုနိုင်စွမ်းကလဲ တစ်နေ့တစ်ခြား တိုးတက်လာခဲ့သည်။
ယနေ့…
ဖာဂီက သူမ၏ ထူးဆန်းသော စွမ်းအင်ကို အသုံးပြုကာ သတ္တုရိုင်း ကောက်နေစဉ်အတွင်း ရုတ်တရက် သူမနဖူးမှ စိန်ပွင့်သဏ္ဍန်အမှတ်အသားက လင်းလက်လို့လာသည်။
ဖာဂီ့ အမူအယာက ရုတ်ချည်း ပြောင်းလဲသွားပြီးနောက် သူမ၏ လက်ချောင်းလေးများက အနည်းငယ် တုန်ယင်သွားသည်။
ထို့ကြောင့် ဒါဇင်ပေါင်းများစွာသော ရောင်စဉ်ငါးမျိုး သတ္တုရိုင်းများ ကျဆင်းလာသည့်တိုင်
သူမ လွတ်ထွက်သွားခဲ့သည်။
ရှီယန်သည် အမြဲတမ်း သတိဖြင့် နေနေသူဖြစ်သောကြောင့် နည်းနည်းလေးမှ တုံ့ဆိုင်းမနေခဲ့ပါ။
ချက်ခြင်းပင် စွမ်းအင်လှိုင်းများ ဖန်တီးပြီး ငါးရောင်ခြယ် သတ္တုရိုင်းများကို ဖမ်းယူလိုက်သည်။
သူက တစ်ခုမှ လွတ်ထွက်မသွားခဲ့ပါ။အားလုံး သူ့ သိုလှောင်လက်စွပ်အတွင်း ကျရောက်သွားသည်။
ဖာဂီ ရပ်တန့်သွားသည်။
သားရဲကိုလဲ လက်ညှိုးညွှန်လိုက်ရာ သားရဲသည်လည်း ကျောက်ပုံကြီးများအကြားတွင် ရပ်တန့်သွားသည်။
ဖာဂီ၏ မျက်နှာက သုန်မှုန်လို့လာ၏။
သူမ၏ မျက်၀န်းများက ကျဉ်းမြောင်းနေပြီး သူမ၏ နဖူး အမှတ်အသားမှတစ်ဆင့် တစ်စုံတစ်ယောက်နှင့် ဆက်သွယ်နေဟန်ရသည်။
တဖြည်းဖြည်းနှင့် သူမမျက်နှာက ပိုမို ပျက်ယွင်းလို့လာသည်။
သူမ၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်ခြင်းအရိပ်အယောင်များ ယှက်သန်းလာသည်။
ရှီယန်က စကားတစ်ခွန်းမှမပြောပါ။
နေရာတွင်ပင်ရပ်ကာ အမျိုးသမီးကို အကဲခတ်နေသည်။
မမျှော်လင့်သော ဖြစ်ရပ်များ ရောက်ရှိလာပြီဖြစ်ကြောင်း သူနားလည်လိုက်သည်။
“ဒီ ဥက္ကာခဲကြီးဆီကို တခြား အင်အားစုတစ်ခု ရောက်ရှိလာတယ်။သူတို့ဟာ ငါတို့ထက် ပိုအင်အားကြီးတယ်”
ဖာဂီ၏ မျက်လုံးများက ပိုမိုပြူးကျယ်လာသည်။
“အန်မူက သူတို့နဲ့ ညှိနှိုင်းချင်တယ်။သူ မအောင်မြင်ရင်…ငါတို့ တိုက်ပွဲဖြစ်ချင်ဖြစ်လိမ့်မယ်”
ရှီယန် အံ့အားသင့်သွားသည်။သူက စိုးရိမ်ပူပန်စွာဖြင့်
“မင်းတို့ထက် ပို အင်အားကောင်းတယ် ဟုတ်လား”
ဖာဂီက ခါးသီးစွာပြုံးလိုက်ရင်း
“နတ်ဘုရင်အဆင့် နှစ်ယောက်နဲ့ အစစ်အမှန်နတ်ဘုရား အထွတ်အထိပ် ခြောက်ယောက်။
သူတို့ဟာ ငါတို့ကို ဝါးမျိုဖို့ သေချာပြင်ဆင်လာကြတာပဲ။အန်မို သူတို့နဲ့ ညှိနှိုင်းလို့ ရပါစေလို့ပဲ ဆုတောင်းရတော့မယ်…မဟုတ်ရင် အကြီးအကျယ် ဒုက္ခရောက်ပြီ”
ရှီယန်က မျက်မှောင်ကြုတ်ကာ စဉ်းစားနေသည်။
သူက အဆိုးဆုံးအခြေအနေကို တွေးကာ
“ငါတို့ အပြင်ထွက်ကြမလား…အခုက မြေအောက်မှာဆိုတော့ တော်ကြာ သူတို့ အပေါ်က ပိတ်ထားလိုက်ရင် ပြေးပေါက်မှားနေလိမ့်မယ်”
ရှီယန် တွေးသည်က ရန်သူများသည် ဥက္ကာခဲ မျက်နှာပြင်ပေါ်တွင် ရှိနေသည်။
ဖာဂီပြောပုံအရဆိုလျှင် တစ်ဖက်အုပ်စုက အပြတ်အသတ် အင်အားသာလွန်နေသည်။
ဥမင်လှိုဏ်ခေါင်းကို အပေါ်မှ ပိတ်ဆို့ထားလိုက်လျှင် ပြေးစရာမြေမရှိတော့ဟု ရှီယန်တွက်လိုက်ခြင်းဖြစ်သည်။
ဖာဂီက ခေါင်းခါယမ်းသည်။
“ငါတို့ အပေါ်တက်လို့မဖြစ်ဘူး။ ညှိနှိုင်းတာ အလုပ်မဖြစ်ဘူးဆိုရင် ငါတို့ လူလုံးထွက်ပြလို့မရဘူး။ တိုက်ပွဲဖြစ်ရင် အပေါ်မှာ အန္တရာယ်ပိုများတယ်…ငါတို့ မြေအောက်ကနေ ထွက်ပြေးတာက ပိုအဆင်ပြေတယ်”
ဖာဂီက ဆုံးဖြတ်ချက်ချပြီးသည်နှင့် သားရဲကြီးကို အမိန့်ပေးလိုက်သည်။
သားရဲကြီးက တစ်ချက် လူးလွန့်လိုက်ပြီးနောက် ဆန့်ကျင်ဘက် ကျောက်သားနံရံအား လျှင်မြန်စွာ တူးဖောက်လေတော့သည်။
မကြာမီပင် ဥမင်လှိုဏ်ခေါင်းအသစ်တစ်ခုစတင် ပေါ်ပေါက်လာလေပြီ။
“ငါးရောင်ခြယ် သတ္တုရိုင်းတွေ ရှိတဲ့ဘက်ခြမ်းက ကျောက်သားတွေက ပိုမာကျောတယ်။
မရှိတဲ့ဘက်ဆိုရင်တော့ ဒီသားရဲတွေအတွက် အလွယ်တကူ တူးဖောက်သွားလို့့ရတယ်”
ဖာဂီက ရှီယန့်ကို ရှင်းပြနေသည်။
“အန်မူက ရိုးရှင်းတဲ့ စိတ်ဓါတ်ပိုင်ရှင်ပဲ။ဒေါသလဲကြီးတယ်။ညှိနှိုင်းလို့မရတော့ပဲ တိုက်ပွဲဖြစ်မယ်ဆိုရင်တော့ သူဟာ အသက်နဲ့ရင်းပြီး တိုက်လိမ့်မယ်။ဒါပေမဲ့ သူက နတ်ဘုရင်အဆင့်ဖြစ်လို့ ငါတို့ ရှုံးသွားခဲ့ရင်တောင် အလွယ်တကူ ကိုယ်လွတ်ရုန်းသွားနိုင်တယ်။ဒါပေမဲ့ ငါတို့ကတော့…”
ရှီယန် အံ့သြသွားသည်။
ဖာဂီက ထွက်ပြေးချင်နေဟန်ရ၏။သူမက တိုက်ခိုက်လိုစိတ်မရှိပါ။
တိုက်ပွဲမစခင်မှာပင် ပြေးဖို့ ကြံစည်နေပြီဖြစ်သည်။
ရှီယန့် အကြည့်အောက်တွင် ဖာဂီက ပုံမှန် လုပ်ရိုးလုပ်စဉ်လိုမျိုး အစီအစဉ်များ ချမှတ်နေမိသည်။
“ငါမသေချင်သေးဘူး။ အေး နင်အသက်မရှင်ချင်တော့ဘူးဆိုရင်လဲ ကိုယ့်ဟာကိုယ် သွားကြည့်လို့ရတယ်”
သူမက တစ်ချက် စဉ်းစားလိုက်ပြီးနောက်
“တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ နင်တို့ အဆင့်နိမ့်တဲ့ လူစိမ်းတွေ အရင်သေမှာပဲ။ အပြင်ထွက်မိတာနဲ့ နင်နဲ့အတူပါလာတဲ့လူတွေအကုန် သေကုန်မယ်။အန်မူဟာ မင်းတို့ သေခြင်းရှင်ခြင်းကို ဂရုစိုက်မှာမဟုတ်ဘူး”
ရှီယန် မျက်စိမျက်နှာ ပျက်သွားသည်။သူ့ခေါင်းထဲတွင်လဲ အတွေးများ ရှုပ်ယှက်ခတ်လို့သွား၏။
သူက အခြေအနေကို သွားကြည့်လိုသည်။
သို့သော် ဖာဂီ၏ စကားလုံးများက သူ့ကို ပြန်စဉ်းစားသွားစေသည်။တစ်ဖက်လူများသည် နတ်ဘုရင်အဆင့် သိုင်းသမားများဖြစ်ရာ သူတို့ သတ်ချင်လျှင် ရှီယန် လွယ်လွယ်လေး အသတ်ခံလိုက်ရပေလိမ့်မယ်။
ထိုစဉ်မှာပင်…
၀ုန်း…ဒုန်း…
ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ရာ တုန်ခါလှိုင်းများက မြေအောက်ထဲသို့တိုင် ထိုးဖောက်၀င်ရောက်လာသည်။
ရှီယန် ဆံပင်မွှေးများ ထောင်ထသွားသည်။
ပြင်းထန်သော စွမ်းအင်သက်ရောက်မှုကြောင့် သူ့သွေးသားများပင် ပေါက်ကွဲထွက်လုလု ဖြစ်သွားသည်။
တဝုန်းဝုန်း တဒုန်းဒုန်း ပေါက်ကွဲသံများအကြားတွင် ဖာဂီ၏ နဖူးမှ အမှတ်အသားက ပြန်လည်လင်းလက်လာပြန်သည်။
ဖာဂီက ဒီတစ်ကြိမ် ပြန်လည်မဆက်သွယ်တော့ပါ။
မှောင်မည်းသောမျက်နှာဖြင့် အော်ဟစ်သည်။
“သွားမယ်”
ပြီးနောက် သူမက ရှီယန့်တုံ့ပြန်မှုကို မစောင့်တော့ပဲ သားရဲကြီး ဖောက်ထားခဲ့သော လမ်းကြောင်းအတိုင်း စွတ်ကနဲ ပြေး၀င်သွားလေတော့သည်။
ရှီယန် စက္ကန့်ပိုင်းမျှ တွေဝေနေပြီးနောက် စိတ်ဒုံးဒုံးချကာ ဖာဂီနောက်မှ ပြေးလိုက်သွားလေတော့သည်။
သူက ဥမင်အတိုင်း ပြေးလွှားနေရင်း အနောက်ဘက်တွင် အကာအကွယ်များ အစီအရင်များစွာ ချထားခဲ့သည်။
ဖာဂီက လည်ပြန်လှည့်ကြည့်သောအခါ သူမမျက်၀န်းထဲတွင် လှောင်ပြောင်သရော်ဟန်များထွက်ပေါ်လာသည်။
“အသုံးမ၀င်ဘူး။ နင့်အဆင့်အတန်းနဲ့ နင်လုပ်ထားခဲ့တဲ့ အတားအဆီးတွေဟာ သူတို့ တစ်ချက် ရိုက်စာပဲရှိတယ်”
ရှီယန်က ဘာမှ ပြန်မဖြေပါ ။
သူက ပိုမိုများပြားသော အကာအကွယ်များကို ချနေဆဲဖြစ်သည်။
ကျက်သရေ ကုန်းမြေတိုက်ကြီးမှ သူ သယ်ဆောင်လာခဲ့သမျှသော ကီသလင်းတုံးပေါင်း မြောက်မြားစွာကို တံတိုင်းများအဖြစ် ကာရံထားခဲ့သည်။
“တိုက်ပွဲစပြီ။အန်မူက အချိန်အတိုင်းအတာတစ်ခုအထိတော့ တောင့်ခံထားနိုင်လိမ့်မယ်။ငါတို့ အခုထွက်ပြေးသွားရင် လွတ်နိုင်တယ်”
ဖာဂီက သိပ် ဂရုစိုက်ဟန်မတူချေ။
“ဒါပေါ့…အန်မူ ငါ့ကို မုန်းမှာပဲ။သူ ပြန်ရောက်တဲ့အခါ ငါ့အကြောင်း အစီအရင်ခံလိမ့်မယ်။ဒါပေမဲ့ ကိစ္စမရှိပါဘူး။ မကောင်းပြောခံရတာက သေတာထက်စာရင် တော်သေးတယ်လေ”
သူတို့ရှေ့ရှိ သားရဲကြီးက ကျောက်စိုင်ကျောက်သားများကို လျှင်မြန်စွာ တူးဖောက်ရင်း ရှေ့ဆက်တိုးနေသည်။
ရှီယန်က ဖာဂီနောက်မှလိုက်ရင်း ကျောက်မှုန်ကျောက်စများဖြင့် လုံးထွေးလျှက်ရှိသည်။
သူတို့က မြေပြင်ပေါ်မှ တိုက်ပွဲကို ဂရုမစိုက်ကြတော့ပါ။မြေအောက်သို့ တတ်နိုင်သမျှ အမြန်ဆုံး ထိုးဖောက်နေကြသည်။
အတန်ကြာသောအခါ သူတို့ရှေ့ရှိ သားရဲကြီးသည် တစ်ချက် မန်ဖီအားယူလိုက်ပြီးနောက် ရှေ့သို့ အားကုန် တိုးထွက်သွားသည်။
ထို့နောက်တွင်တော့ သူတို့က သိပ်သည်းသော အမှောင်ထုထဲ ကျရောက်သွားလေတော့သည်။
သားရဲကြီး၊ ဖာဂီနှင့် ရှီယန်တို့ ဥက္ကာခဲကြီးကို ထွင်းဖောက်ဖြတ်သန်းကာ အပြင်ဘက် ဟင်းလင်းပြင်ထဲ ပြုတ်ကျလာကြသည်။
ဖာဂီက ခန္ဓာကိုယ်ကိုတစ်ချက် တွန့်လိမ်လိုက်ပြီးနောက် သားရဲကြီး၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။
ပြီးနောက် ရှီယန့်ကို မျက်မှောင်ကြုတ်ကာ လှမ်းကြည့်သည်။
ရှီယန်လဲ တုံ့ဆိုင်းမနေပဲ အလိုက်သင့် စီးမျောကာ သူမ၏ နောက်ကျောဘက်မှနေ၍ သားရဲကြီးကျောပေါ်သို့ တက်ထိုင်လိုက်လေသည်။
ဖာဂီက သားရဲကြီးကို အချက်ပေးလိုက်သည်။
ထို့နောက်တွင်တော့ သူတို့က မိုးကြိုးပစ်သလိုမျိုး ရှေ့သို့ တိုးထွက်သွားကြလေတော့သည်။
မကြာမီပင် သူတို့က အာကာသ စွမ်းအင်မုန်တိုင်းများအကြား ရောက်ရှိသွားသည်။
ဖာဂီ၏ ချပ်၀တ်တန်ဆာမှ မှိန်ဖျော့ဖျော့ အလင်းများ ထွက်ပေါ်လာသည်။
စွမ်းအင်မုန်တိုင်း၏ ထက်ရှသော ဓါးသွားများက သူမပေါ်သို့ သက်ရောက်မှု မရှိတော့ပါ။
ရှီယန်ကတော့ ခန္ဓာကိုယ်သက်သက်ဖြင့်သာ ခံယူသည်။
ကျောက်ခန္ဓာသိုင်းဝိညာဉ် နိုးထလာသောအခါ သူ့တစ်ကိုယ်လုံးရှိ ကြွက်သားမျှင်များက သံတုံးသံခဲများနှယ် မာကျောသွားသည်။
ထို့ကြောင့် စွမ်းအင်မုန်တိုင်းများ သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာသော်လည်း အလင်းမှုန်များအဖြစ်သာ ပျက်စီးကုန်လေသည်။
ဖာဂီက တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် လှည့်ကြည့်သည်။
သူမ၏ မျက်လုံးများက ရုတ်တရက် တောက်ပလာ၏။
စွမ်းအင်မုန်တိုင်းများထဲတွင် သူမသည်ပင် ချပ်၀တ်တန်ဆာကို အကာအကွယ်အဖြစ် ၀တ်ဆင်ထားရသည်။
သို့သော် ရှီယန်ကတော့ ဘာအကာအကွယ်မှမရှိပဲ ခန္ဓာကိုယ် ကြံ့ခိုင်မှုသက်သက်ဖြင့် ခံယူနေခြင်းဖြစ်၏။
သူမ မြင်ဖူးသမျှသော အစစ်အမှန်နတ်ဘုရားအဆင့် အတော်များများ၏ ကိုယ်ခန္ဓာထက် ရှီယန့် ကိုယ်ခန္ဓာက ပိုမိုမာကျောလို့နေသည်။
သူမ၏ ရှီယန့်အပေါ် အမြင်က နောက်တစ်ဆင့်သို့ တိုးတက်သွားခဲ့သည်။
အစက နိမ့်ပါးသော ဒေသမှ လာသူ ထိုလူငယ်လေးသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် ဤအဆင့်အထိ ရောက်ရှိနေခြင်းကို အံ့သြခဲ့ရသည်။
သို့သော်လည်း မွေးရာပါ ပါရမီ ကောင်းလှသောကြောင့်ဟု မှတ်ယူထားလိုက်သည်။
သို့သော် ယခု ရှီယန်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြင်မှ သူမထင်သလိုမဟုတ်ပဲ ရှီယန်သည် စဉ်ဆက်မပြတ် ပြင်းထန်သော ကျင့်ကြံမှုများဖြင့် အဆင့်မြင့်လာခဲ့ခြင်းဖြစ်မှန်း သဘောပေါက်သွားခဲ့သည်။
ခန္ဓာကိုယ်ကျင့်စဉ်များသည် မည်မျှ ခက်ခဲပင်ပန်းကြောင်း သိုင်းသမားတိုင်းသိပါသည်။
ခန္ဓာကိုယ် ကြံ့ခိုင်သော သိုင်းသမားများသည် စွမ်းရည်မြင့်မားလေ့ရှိကြသည်။ထိုသို့သော သူများသည် အရည်အချင်းရှိပြီး ကြောက်စရာကောင်းသူများဖြစ်ကြ၏။
ဖာဂီ၏ မျက်၀န်းများက တောက်ပနေကြသည်။
သူမက အတန်ငယ် စဉ်းစားလိုက်ပြီးနောက် တိတ်တဆိတ် ခေါင်းညိတ်လိုက်မိသည်။
သူမ၏ စိတ်ထဲတွင် ကောင်းမွန်သော တွက်ချက်မှုများ ရှိနေပြီဖြစ်သည်။
----- ------ ------ ------- ----- ------ ----- -----

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora