795

563 75 0
                                    

Chapter 795: အကောင်သေးသော်လည်း အဆိပ်ပြင်းသော
ရှီယန်က လက်နှစ်ဖက်စလုံး ဆန့်တန်းကာ အကာအကွယ်လွှာကို ဖိကပ်ထားသည်။
သစ်သားဓါတ် အထိအတွေ့ကိုရ၏။
ရှင်သန်နေသော သစ်သား၏ ခိုင်မာသော ချိတ်ဆက်မှု။
စိမ်းညို့သော အရာင်ကို မြင်တွေ့ရပြီး ထူထပ်သော တောအုပ်ကြီးနှင့်တူသည်။
သစ်သားဓါတ်အရှိန်အဝါက အားကောင်းစွာဖြာထွက်နေသည်။
မျက်လုံးများ မှိတ်လိုက်သောအခါ ရှီယန်သည် သာယာတင့်မောဖွယ် တောနက်ကြီးထဲရောက်သွားသလို ခံစားချက်မျိုး ဖြစ်လာသည်။
မြက်ခင်းစိမ်းများ၊ သစ်ရွက်စိမ်းစိမ်းများ၏ စိမ်းစိုသော အနံ့အသက်ကိုပင် သူ ရှူရှိုက်မိသည်။
သူက သဘာ၀တရား၏ သန့်ရှင်းလတ်ဆတ်မှုကို ခံစားရသည်။
မရေမတွက်နိုင်သော သစ်သားများ တစ်ခုနှင့်တစ်ခု စေ့ပိတ်နေပြီး ပင်လယ်ကြီးတမျှ သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေသလိုမျိုးဖြစ်သည်။
သစ်သား ကီအနှစ်သာရက နေရာအနှံ့အပြား ပျံ့နှံ့ရှင်သန်သည်။
တစ်ပြိုင်နက်တည်းမှာပင် ကျန်လူလေးယောက်လဲ သူတို့၏ အတားအဆီးအလွှာများကို လက်ဖြင့် ဖိကပ်ထားကြသည်။
ဖန်းရိုထံတွင်က ရွှေရောင်အလင်းတန်းများထိုးထွက်လာစဉ် ကန်ဂျိ၊ ဖန်ကျားနှင့် ဟန်တိတို့ထံမှ မီးတောက်မီးလျှံများ၊ ရေစီးကြောင်းများနှင့် အဝါရောင်မြေကြီး ကီများ အသီးသီး ဖြာထွက်လာကြသည်။
ဓါတ်ကြီးငါးပါး စွမ်းအင်…။
တစ်ချက်ကြည့်ရုံဖြင့် ထိုနောက်ဆုံးအလွှာများတွင် ဓါတ်ကြီးငါးပါး စွမ်းအင် လျှို့ဝှက်ချက်များဖြင့် တည်ဆောက်ထားကြောင်း သိသာနေပါသည်။
တစ်ခုနှင့်တစ်ခုလဲ သေချာပေါက် ချိတ်ဆက်မှု ရှိနေပေလိမ့်မည်။
ဓါတ်ကြီးငါးပါး အကာအကွယ်လွှာများ…။
သစ်သား၊ သတ္တု၊ ရေ၊ မီး၊ မြေကြီးတို့သည် သဘာ၀အကျဆုံး အခြေခံရုပ်၀တ္တုများဖြစ်ကြသည်။
နောက်ဆုံးအကာအကွယ်က ဤမျှရိုးရှင်းနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပါ။
သို့သော် အရိုးရှင်းဆုံးက အားအကောင်းဆုံးဖြစ်နေသည်။
ဓါတ်ကြီးငါးပါး ချိတ်ဆက်ထားသောအခါ တစ်ခုနှင့်တစ်ခု စွမ်းအင်ဟန်ချက် ထိန်းညှိပေးပြီး ချိုးဖျက်ရန် အလွန်ခက်ခဲလာသလို တစ်ခုခု ဖောက်ပြန်ချို့ယွင်းသွားပါကလဲ မျှော်လင့်မထားသည်များ ဖြစ်လာနိုင်သေးသည်။
ရှီယန်က သူ့ရှေ့မှ သစ်သားဓါတ် အကာအကွယ်လွှာကို အတန်ကြာလေ့လာကြည့်သည်။
သူက အလျှင်မလိုပါ။ မျက်လုံးမှိတ်ကာ အာရုံခံနေရင်း သစ်သားဓါတ်၏ မှော်ဆန်မှုကို ဆင်ခြင်ကြည့်နေသေးသည်။
ခနနေတော့ သူ့ခေါင်းထဲတွင် အတွေးတစ်ချုက်လက်သွားသည်။
သစ်သားဓါတ်သည် အသက်ရှင်သော ဓါတ်ဖြစ်သည်။ ဒါဆို…။
သေခြင်းဥာဏ်အလင်းစွမ်းအင်များ ထွက်ပေါ်လာသည်။
၀ိညာဉ်သဂြိုလ်ခြင်းအသိစက်၀န်းက သူ့ရှေ့ရှိ သစ်သားဓါတ်ဖြင့် ဖန်တီးထားသော တောအုပ်ကြီးကို ဖုံးလွှမ်းသည်။
သစ်သားဓါတ်စွမ်းအင်က ဝိညာဉ်သဂြိုလ်ခြင်းအစွမ်းသက်ရောက်မှုအောက်တွင် တဖြည်းဖြည်း စုပ်ယူခံရသည်။
သစ်သားဓါတ်ကိုယ်တိုင်က အသက်ဓါတ်ဖြစ်သောကြောင့် ရှီယန်၏ ခန္ဓာကိုယ်ထဲတွင် ရှင်သန်နေသော သစ်သားဓါတ်တို့ စုဝေးလာသည်။
ထိုစွမ်းအင်က သူ့နတ်ဘုရားခန္ဓာကိုယ်၏ သန်မာမှုနှင့် ညွှတ်ပြောင်းနိုင်စွမ်းကို တိုက်ရိုက်အားဖြည့်ပေးသည်။
နောက်ဆုံးအလွှာ၏ သစ်သားဓါတ်သဘာ၀သည် တဖြည်းဖြည်း လျော့ကျလာပြီး သိပ်သည်းနေသော သစ်ပင်များ တဖြည်းဖြည်း ပျောက်ကွယ်လာသည်။
ရှီယန်၏ သီးခြားဆန်သော ဥာဏ်အလင်းက ဓါတ်ကြီးငါးပါးမှ သစ်သားဓါတ် အကာအကွယ်ကို အလွယ်တကူ ဖြေရှင်းခဲ့လေသည်။
ဤအမြန်နှုန်းဖြင့်ဆိုလျှင် များမကြာမီပင် သစ်သားဓါတ်အကာအကွယ်လွှာက ကျိုးပျက်သွားတော့မည်ဖြစ်သည်။
သို့သော် ဖန်းရိုတို့ အုပ်စုကတော့ သူတို့၏ အကာအကွယ်လွှာများဖြင့် ရုန်းကန်နေရဆဲ။
သူတို့က အကာအကွယ်လွှာများကို ချိုးဖျက်ရန်ကြိုးစားနေရင်း မျက်နှာများ ပြာနှမ်းနေကြသည်။
နဖူးတွင် ချွေးများပင်စို့ကာ အသက်ပြင်းပြင်းရှူနေကြသော်လည်း အရှိန်မလျှော့ရဲပါ။
သူတို့ နတ်ဘုရားခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များက လျှင်မြန်စွာ လျော့ပါးလာကြသည်။
သူတို့ ရုန်းကန်နေရစဉ် ရှီယန်ကတော့ အလွယ်တကူ ဖြေရှင်းနိုင်သည့်အပြင် သူ့အတွက် အကျိုးပင်ဖြစ်ထွန်းသွားခဲ့သည်။
သူတို့က စွမ်းအင်ပမာဏ များပြားစွာ အရူးအမူး သုံးပြုနေကြသည်။
သူတို့၏ နတ်ဘုရားခန္ဓာကိုယ်မှ မီးပွားများလို အလင်းများ မကြာခန ဖြာထွက်ကာ စွမ်းအင်များကို အကာအကွယ်လွှာများထဲ သွန်းလောင်းနေကြသည်။
သူတို့က မျက်လုံးမှိတ်ထားကြပြီး မည်သည့်အနှောက်အယှက်မှ အဖြစ်မခံပဲ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ကာ ကြိုးစားနေကြသည်။
ထိုလူများတွင် ဓါတ်ကြီးငါးပါး စွမ်းအင်ကျင့်ကြံသူ တစ်ယောက်မှ မပါပါ။
သို့သော် သူတို့ကျင့်ကြံသော စွမ်းအင်များက အလွန်အားကြီးပြီး ကြမ်းတမ်းပြင်းထန်သောကြောင့် ထိပ်တိုက်ရင်ဆိုင်ခြင်းကို အသုံးပြုနေသည့်တိုင် ဓါတ်ကြီးငါးပါးစွမ်းအင်များ တဖြည်းဖြည်း ပျက်စီးနေရသည်။
အနှေးနှင့်အမြန် အကာအကွယ်များက ကျိုးပျက်သွားပေလိမ့်မည်။
သူက ဖန်းရိုတို့အုပ်စုကို လေ့လာနေစဉ်မှာပင် သူ၏ အံ့သြဖွယ်ရာ ဝိညာဉ်သဂြိုလ်ခြင်း အသိက နောက်ဆုံးအကာအကွယ်လွှာ၏ သစ်သားဓါတ်ကို ကုန်စင်လုနီးပါး စုပ်ယူပြီးဖြစ်နေသည်။
သူ့နောက်ဆုံးအလွှာက ကျိုးပျက်တော့မည်ကို ခံစားမိသောအခါ ရှီယန်ရပ်တန့်လိုက်သည်။
သူ့ နတ်ဘုရားအသိ ပျောက်ကွယ်သွားသည်။
သူက သက်သောင့်သက်သာဖြင့်ပင် ကျန်လေးယောက်ကို စောင့်ကြည့်နေလိုက်သည်။
အခြားအလွှာများ မကျိုးပျက်သေးပဲ သူ့အလွှာကို အရင်ချိုးဖောက်၀င်ရောက်ခြင်း မပြုချင်ပါ။
နန်းတော်ငါးခုက ဘာလဲ ရှီယန်မသိ။ အထဲတွင် မည်သည့် အန္တရာယ်များ ပုန်းကွယ်နေကြောင်း ရှီယန်မသိ။
ထို့ကြောင့် ဖန်ရို သတိပေးထားသည့်အတိုင်း သူက နောက်ကွယ်မှသာ လှုပ်ရှားရန် ဆုံးဖြတ်ထားသည်။
အချိန်အနည်းငယ်ကြာသွားပြီးနောက် ဖန်းရိုက သူမရှေ့မှ သတ္တုဓါတ် အကာအကွယ်လွှာကို အနိုင်ရရှိလာသည်။
ကလစ်…ကလစ်…
အခြားလေးယောက်ဆီမှလဲ ပီသရှင်းလင်းသော အက်ကွဲသံများ ကြားလာရသည်။
၀ုန်း…
၀ုန်း…ဝုန်း…ဝုန်း…
တစ်ပြိုင်နက်တည်းလိုလို ထွက်ပေါ်လာသော ပေါက်ကွဲသံများနှင့်အတူ အလင်းတန်းများ ဖြာထွက်သွားသည်။
အရိပ်မည်းလေးခုက နန်းတော်ငါးခုရှိနေရာသို့ တစ်ရှိန်ထိုးပြေး၀င်သွားကြသည်။
ကန်ဂျိက တော်တော်လေးမြန်ပြီး သူက နန်းတော်များအနီးသို့ အရင်ဆုံးရောက်ရှိသွားသည်။
သူ့နောက်မှ ဖန်ကျားနှင့် ဟန်တိတို့ နီးကပ်စွာ လိုက်ပါသွားကြသည်။
ထိုလူများ အတွင်းသို့ ၀င်ရောက်ရန် အာရုံများနေချိန် ဖန်းရိုက ရှီယန့်ထံ တစ်စုံတစ်ခု ပစ်ပေးလိုက်သည်။ ပြီးနောက် သူမသည်လည်း အလင်းတန်းတစ်ခုအဖြစ် လိုက်ပါသွားခဲ့သည်။
ရှီယန်က လက်ဖဝါးတွင် ကီစွမ်းအင်များ သိပ်သည်းစေပြီးနောက် ဖမ်းယူလိုက်သည်။
ထိုအရာက လျှပ်စီးကြောင်းများ ဖြာထွက်နေသော မိုးပြာရောင် သံလုံးလေးဖြစ်၏။
သူ့လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ထားလို့ရလောက်အောင် သေးငယ်သည်။
ရှီယန်က ပထမ တွေဝေနေပြီးမှ အကာအကွယ်လွှာကို ချိုးဖျက်ချလိုက်သည်။
မိုးပြာရောင်လျှပ်စီးသံလုံးက မြင်ရသည်ထက် ပိုလေးလံသည်။
သူ ဖမ်းယူလိုက်ကတည်းက လျှပ်စီးကြောင်းများက သူ့လက်မောင်းတစ်လျှောက်စီးဆင်းသွားသည်။
မိုးပြာရောင်လျှပ်စီးဘောလုံးအတွင်းသို့ သူ့ကီစွမ်းအင် ထည့်သွင်းပြီးသောအခါ ဖန်းရိုပြောပြထားသည့်အတိုင်း ဝိညာဉ်အသိစီးကြောင်းတစ်ခုကို ပို့လွှတ်လိုက်သည်။
ရိုးရှင်းပါသည်။
သူက ထိုလက်နက်နှင့် ချိတ်ဆက်မှုတစ်ခု ရှိသွားပြီဖြစ်သည်။
ခရမ်းစွဲစစ်ရထားကို မောင်းနှင်သလိုမျိုးပင် သူက မိုးပြာရောင်လျှပ်စီးသံလုံးကို လိုသလို ထိန်းချုပ်ပစ်ခတ်လို့ရသွားသည်။
မိုးပြာရောင်လျှပ်စီးသံလုံးမှ ထုတ်လွှတ်သော လျှပ်စီးကြောင်းများက သူ့ ကီစွမ်းအင်နှင့် ရောနှောသွားပြီဖြစ်သောကြောင့် သူက လျှပ်စီးစွမ်းအင်ကိုလဲ အသုံးပြုနိုင်သည်။
ဖန်းရိုက ထိုကစားစရာကို ပေးပြီး သူ့ကို ဟန်တိနှင့် ရင်ဆိုင်စေလိုခြင်းဖြစ်သည်။
ဖန်းရို၏ အပြောအရ ရှီယန်က မိုးပြာရောင်လျှပ်စီးသံလုံးမှ မိုးကြိုးလျှပ်စီးစွမ်းအင်များကို အသုံးပြုကာ ဟန်တိကို ထိန်းထားပေးရမည်။
မိုးကြိုးစွမ်းအင်က ဟန်တိ၏ နတ်ဘုရားအသိကိုပင် အနှောက်အယှက်ပေးနိုင်သည်ဆို၏။
လျှပ်စီးသံလုံးကို လက်တွင်ကိုင်ထားရင်း ရှီယန်က အတွင်းသို့၀င်လာသည်။
ကန်ဂျိ၊ ဖန်ကျားနှင့် ဟန်တိတို့က ရင်ပေါင်တန်းကာ ရပ်နေပြီး ဖန်းရိုက သူတို့သုံးယောက်နှင့်မျက်နှာချင်းဆိုင်ပုံစံမျိုးဖြစ်သည်။
ရှီယန်က ဖန်းရို၏ နောက် ခပ်လှမ်းလှမ်းတွင်ရပ်လိုက်သည်။
ဖန်းရိုက တချက်ငဲ့ကြည့်ပြီးနောက် အသာခေါင်းညိတ်ပြလိုက်သည်။
ထို့နောက်တွင်တော့ နေရာမှ ရုတ်ချည်းပျောက်ကွယ်သွားပြီး ကန်ဂျိ၏ ဘေးတွင် ပြန်ပေါ်လာသည်။
သူမက စတင်ကာ ကန်ဂျိကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ခြင်းဖြစ်လေသည်။
ရုတ်တရက် နတ်ဘုရားအသိ နယ်ပယ်လေးခု နေရာတစ်ခုတည်းတွင် ပွင့်ထွက်လာသည်။
ယခုအချိန်တွင်တော့ မည်သူက မည်သည့်စွမ်းအင်ကျင့်ကြံသည်ကို ရှီယန် ကွဲကွဲပြားပြားမြင်ရပြီဖြစ်သည်။
ကန်ဂျိ၏ စွမ်းအင်က ဒြပ်ဆွဲအားဖြစ်သည်။
သက်ရောက်သော နေရာတစ်ဝိုက်ရှိ နန်းတော်တိုင်လုံးကြီးများ ကျောက်သားနံရံများ ပြိုကျတော့မည်ကဲ့သို့ တုန်ခါလာသည်။
နတ်ဘုရားဒြပ်ဆွဲအား နယ်နိမိတ်ထဲတွင် မြေဆွဲအားက အဆပေါင်းရာချီတိုးမြင့်လာသည်။
သူမှလွဲပြီး အားလုံးကို သက်ရောက်သည်။
ဖန်ကျား၏ စွမ်းအင်ကတော့ သူ့ခန္ဓာကိုယ်ကို လိုသလို ကြုံနိုင်ဆန့်နိုင်စွမ်းရှိခြင်းဖြစ်သည်။
သူ့ နတ်ဘုရားအသိကို ဖြန့်ကျက်လိုက်သောအခါ သူ့ခြေဆံလက်ဆံများ လက်ချောင်းများက သရဲသဘက်သဖွယ် တိုလိုက် ရှည်လိုက် ဖြစ်လာသည်။
သူ့အရိုးများက မျှော့ကြိုးသဖွယ် အဆပေါင်းများစွာ ဆန့်ထွက်လာနိုင်သလို အဆပေါင်းများစွာ ကြုံ့၀င်သွားနိုင်သည်။
ဒါက ရှီယန်တစ်ခါမှ မမြင်ဖူးမကြားဖူးခဲ့သော ပျော့ပြောင်းခြင်း စွမ်းအင်တစ်မျိုးဖြစ်သည်။
ရှားပါးသော ဥာဏ်အလင်းတစ်မျိုးဖြစ်ဟန်တူသည်။
ဟန်တိ၏စွမ်းရည်ကတော့ ဝိညာဉ်ဆင့်ခေါ်ခြင်းဖြစ်သည်။
သူ့နတ်ဘုရားအသိ နယ်နိမိတ်ထဲတွင် လူများ မိစ္ဆာများ တိရိစ္ဆာန်များ၏ ဝိညာဉ်အရိပ်များ မျောလွင့်နေပြီး သူက စိတ်ကြိုက်ထိန်းချုပ်နိုင်သည်။
ဟန်တိ၏ နတ်ဘုရားအသိထဲတွင် တစ်စုံတစ်ယောက်၏ ဝိညာဉ်က ထိန်းချုပ်ခံရမည်ဖြစ်ပြီး မိမိခန္ဓာကိုယ်ကိုပင် ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားနိုင်သည်။
ဖန်ရိုက သူ့ကို လျှပ်စီးသံလုံးပေးခဲ့မှန်း ရှီယန်သဘောပေါက်သွားသည်။
ဟန်တိ၏ စွမ်းရည်က ဝိညာဉ်များကို ထိန်းချုပ်ခြင်းဖြစ်သောကြောင့် ဝိညာဉ်များ၏ သဘာ၀ရန်သူဖြစ်သော လျှပ်စီးမိုးကြိုးဖြင့် တန်ပြန်ထားလိုက်ခြင်းဖြစ်သည်။
ကန်ဂျိ၊ ဖန်ကျားနှင့် ဟန်တိတို့၏ နတ်ဘုရားအသိများက တစ်မူထူးခြားသည်။
သို့သော် ဖန်းရို၏ နတ်ဘုရားအသိက ပိုပြီးတော့ ထူးဆန်းနေသည်။
ဖန်းရို၏ စွမ်းအင်ဥာဏ်အလင်းက အသံဖြစ်သည်။
သူမ၏ နတ်ဘုရားအသိ ဖြန့်ကျက်လိုက်သည်နှင့် နားမခံသာဖွယ် ပွတ်ကြိတ်သံများနှင့် စူးစူးရှရှအသံများ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
သူမက ကီစွမ်းအင် ထည့်သွင်းပြီး အော်ဟစ်လိုက်သောအသံများကတော့ ကြမ်းတမ်းထက်ရှသော ဓါးသွားများအဖြစ် ပုံဖော်ကြသည်။
ဖန်ကျိတို့ ဟန်တိတို့၏ စွမ်းအင်တိုက်ခိုက်မှုများသည် သူမ၏ နတ်ဘုရားအသိ နယ်နိမိတ်ထဲရောက်လျှင် ထူးဆန်းသော အသံဓါးသွားများ အသံချုပ်နှောင်မှုများ အသံဖိအားများအောက်တွင် ပုံပျက်သွားရစမြဲဖြစ်ကာ သူမကို တစ်ချက်မှ မထိနိုင်ခဲ့ပါ။
ထိုလေးယောက်၏ ဇစ်မြစ်ကို ရှီယန်သေချာမသိပါ။ သို့သော် သူတို့၏ ထူးခြားသော နတ်ဘုရားအသိများကို ကြည့်ခြင်းအားဖြင့် ပေါ့သေးသေးမဟုတ်ကြောင်း ခန့်မှန်းနိုင်သည်။
သူတို့က ထွက်ပေါ်လာတော့မည့် ရတနာအတွက် မီးကုန်ယမ်းကုန်တိုက်ခိုက်နေကြပြီး ရှီယန်ကို ဘယ်သူမှ ဂရုမစိုက်ကြပါ။
နတ်ဘုရင် ပထမအဆင့်သို့ ရောက်ခါစ ရှီယန်၏ ပုံရိပ်သည် သူတို့မျက်လုံးထဲ ထည့်လောက်စရာ မဟုတ်ခြင်းလည်းဖြစ်နိုင်သည်။
သူ့စွမ်းဆောင်ရည်ဖြင့် မည်သည့်ပြောင်းလဲမှုမျှ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ဟု လျစ်လျူရှုထားကြခြင်းဖြစ်သည်။
ဖန်းရိုသည် ထူးဆန်းသော အသံနည်းစံနစ်များကို အသုံးပြုရင်း သုံးယောက်တစ်ယောက် ခံတိုက်နေသည်။
သူမက အာခေါင်ခြစ် အော်လိုက်သောအခါ နားကွဲလုမတတ် အသံလှိုင်းများက ထက်ရှသော လှံရှည်ကြီးသုံးစင်းအဖြစ် ကန်ဂျိ၊ ဖန်ကျားနှင့် ဟန်တိတို့ကို ထိုးစိုက်သည်။
ဟန်တိ၏ သီးသန့်ဖြစ်သော ဝိညာဉ်ဆင့်ခေါ်ခြင်း စွမ်းအင်အသိကသာ သူမကို ဒုက္ခပေးနိုင်သည်။
ဟန်တိက သူ့ နတ်ဘုရားအသိအတွင်းမှ ဝိညာဉ်များကို အသုံးပြုလိုက်လျှင် မရေမတွက်နိုင်သော ဝိညာဉ်ကောင်များက ထက်ရှသော အသံလှိုင်းများကို တွန်းတိုက်ပုံပျက်စေလိုက်သည်။
သူမ၏ အသံ စွမ်းအင်က ဟန်တိအပေါ် ထိရောက်စွာ သက်ရောက်နိုင်စွမ်းမရှိချေ။
အသံသည် အလေးချိန်မရှိပါ။
ထို့ကြောင့် ကန်ဂျိ၏ ဒြပ်ဆွဲအား စွမ်းအင်က ဘာမှ မသက်ရောက်နိုင်ပါ။
အသံလှံဖျားတွင် သူက အသည်းအသန်ရှောင်တိမ်းနေရသည်။ သူ့နတ်ဘုရားအသိက ဘာမှမတတ်နိုင်ပါ။
ဖန်ကျိတွင်လည်း ဖြေရှင်းစရာ များများစားစားမရှိ။
သူက ကြုံ့နိုင်ဆန့်နိုင် တိုက်ခိုက်နိုင်သော်လည်း အသံလှံသွားများ ကျရောက်လာချိန် တွန့်လိမ်ရှောင်တိမ်းနေရုံမှတပါး အခြားမရှိချေ။
သူ့ခန္ဓာကိုယ်က တွန့်လိမ်ရလွန်းသောကြောင့် ခွေခေါက်လုမတတ်ပင်ဖြစ်လာသည်။
“ရှီယန်…”
ဖန်းရိုက သုံးယောက်တစ်ယောက် တိုက်နေရင်း ရုတ်တရက် အော်ဟစ်လိုက်သည်။
ရှီယန်က ခပ်လှမ်းလှမ်းတွင်နေနေရာမှ ရှေ့တက်လာပြီး လျှပ်စီးသံလုံးကို ပစ်ပေါက်လိုက်သည်။
ရာပေါင်းများစွာသော အပြာရောင်မိုးကြိုးများနှင့်အတူ လျှပ်စီးသံလုံးက ဟန်တိ၏ နတ်ဘုရားအသိ နယ်နိမိတ်ကို တိုက်ခိုက်သည်။
ဟန်တိ၏ နတ်ဘုရားအသိသည် မိုးကြိုးပေါင်းများစွာ ပစ်ခွင်းခံရပြီး ဖြိုခွင်းခံရသည်။
“ကောင်လေး…သေချင်လို့လား”
ဟန်တိက ဒေါသတကြီး အော်ဟစ်သည်။
သူက တန်ပြန်တိုက်စစ်အတွက် မပြင်ဆင်ထားခဲ့သောကြောင့် သူ့ နတ်ဘုရားအသိ ပြိုကွဲသည်နှင့် ဖန်းရို၏ အသံလှိုင်းများက သူ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိခိုက်တော့သည်။
သူ့ နတ်ဘုရားခန္ဓာကိုယ်တွင် သွေးထွက်သံယို ဒဏ်ရာများစွာ ဖြစ်ပေါ်လာသည်။
သူက ရှီယန်ကို မီး၀င်း၀င်းတောက်နေသော မျက်လုံးများဖြင့် ကြည့်သည်။
သူ့ နတ်ဘုရားအသိက ပျက်စီးနေပြီဖြစ်သောကြောင့် ဖန်းရို၏ စွမ်းအင်က ပိုမို ရုန့်ရင်းကြမ်းတမ်းလာသည်။
ကန်ဂျိနှင့် ဖန်ကျားလည်း မလှန်နိုင်အောင် ဖိနှိပ်ခံရသည်။
အဖြေက သိသာနေပြီဖြစ်၏။
ဖန်းရို စိတ်လှုပ်ရှားလာသည်။
ထိုသုံးယောက်ကို ဖိတိုက်နေရင်း နန်းတော်ဘက်သို့ လျှပ်စီးလက်သလို ခြေလှမ်းများဖြင့် ရွေ့လျားသွားသည်။
သူမ၏ လက်ဖဝါး နုနုမှ သက်တန့်ရောင်လို အလင်းများ ထွက်ပေါ်လာသည်။
နန်းတော်ငါးခု တွင် ၀င်္ကဘာတစ်ခုစီရှိပြီး
၀င်္ကဘာ ငါးခုတွင် လိပ်ခွံအပိုင်းအစကဲ့သို့ ပစ္စည်း တစ်ခုစီရှိနေသည်။
ဖန်းရို၏ လက်ဝါးက ၀င်္ကဘာတစ်ခုကို ရိုက်ချိုးလိုက်ခြင်းဖြစ်သောကြောင့် ထို၀င်္ကဘာထဲတွင်ရှိနေသော လိပ်ခွံအပိုင်းအစက သူမ၏လက်တွင်း ကျရောက်လုလုဖြစ်လာသည်။
ထိုအချိန်မှာပင် နန်းတော်ငါးခုမှ တော်လည်းသံများ ထွက်ပေါ်လာသည်။
နန်းတော်ငါးခုမှ ၀င်္ကဘာငါးခုစလုံးက အသက်၀င်လှုပ်ရှားလာကာ ရွှေ့လျှားသွားကြပြီးနောက် ငါးမြှောင့်၀င်္ကဘာကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားကြသည်။
ထိုအချိန်တွင် ၀င်္ကဘာငါးခုအတွင်းမှ လိပ်ခွံအပိုင်းအစငါးခုသည်လည်း ငါးမြှောင့်၀င်္ကဘာကြီး၏ အလယ်တွင် ပြီးပြည့်စုံသော လိပ်ခွံတစ်ခုအဖြစ် ဆက်စပ်ပေါင်းစည်းသွားကြလေတော့သည်။
----- ------ ------ ------ ------ ------ ------ ------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora