766

521 66 0
                                    

Chapter 766: ကိုယ့်လမ်းကြောင်းနှင့်ကိုယ်
သက်လတ်ပိုင်း လူက အတော်လေး အံ့အားသင့်နေသည်။ တာ့လီနှင့် တာ့မန်မှလွဲပြီး ထိုနေရာရှိ စစ်သည်အားလုံး၏ မျက်နှာပြင်တွင် ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်နေသည်။ ရုတ်တရက် သူတို့ အားလုံးက ရှီယန်အပေါ်တွင် အာရုံ စူးစိုက်သွားကြသည်။
“အိုကဲရာမှာ ကောင်းမွန်တဲ့ ဦးလေး တစ်ယောက် ရှိတယ်။ သူက အထွတ်အထိပ် သန့်စင်ခြင်းနယ်မြေ၀င်ခွင့် တစ်ခုစာကို စိုးရိမ်နေမှာ မဟုတ်ဘူး။ ကျိယောင်က နတ်ဘုရား နိုင်ငံတော်အတွက် နောက်ထပ် လက်ရွေးစင် တစ်ယောက်ကို လေ့ကျင့်စေတယ်။ အံ့သြစရာ ဘာရှိလို့လဲ”
လီအိုနာက အေးစက်စက်ပြောရင်း ထိုလူစုကို တည်ငြိမ်စွာ ဖြတ်ကျော်သွားသည်။
သက်လတ်ပိုင်း လူက ခပ်ဖျော့ဖျော့ ပြုံးကာ ခေါင်းညိတ်လိုက်သည်။
“သူက သန့်စင်ခြင်း တံဆိပ်ပြား ရှိနေသမျှအစစ်အမှန် သန့်စင်ခြင်းနယ်မြေနဲ့ ဆက်သွယ်နိုင်တယ်။ ဒါက စည်းမျဉ်းပဲ။ ဘယ်သူမဆို ဆက်သွယ်နိုင်တယ်။ ငါ တကယ်ကို ဂရုမစိုက်ဘူး”
“ရှီယန်…မိတ်ဆွေလေး၊ မတွေ့ရတာ ကြာပြီနော်။ အချိန်တိုလေး အတွင်းမှာ ငါတို့ နောက်တစ်ကြိမ် ထပ်တွေ့မယ်လို့ မမျှော်လင့်ခဲ့ဘူး”
တာ့လီက ရုတ်တရက် ရှေ့တက်လာကာ အပြုံးမျက်နှာဖြင့် ပြောသည်။
တာ့မန်က သူ့ဘေးတွင် ရပ်နေသည်။ သူက ခဏမျှ စဉ်းစားပြီးနောက် ပြုံးကာ ရှီယန်ကို ခေါင်းညိတ်ပြသည်။
ရှီယန်က မျက်မှောင်ကြုတ်နေရာမှ ပြန်ဖြေလျော့လိုက်သည်။ သူသည် ထိုနှစ်ယောက်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိနေသလိုမျိုး ရင်းရင်းနှီးနှီး ပြုံးပြလိုက်သည်။
“တာ့လီ… မင်း ဒီကောင်လေးကို သိနေတာလား။ သူ့နောက်ခံက ဘယ်လိုမျိုးလဲ”
ဝါပိုးထည်ပြောင် ဝတ်ဆင်ထားပြီး ရုပ်ရည် ကြမ်းတမ်းသည့် လူတစ်ယောက်က ကျယ်လောင်စွာ မေးလိုက်သည်။
“ကျိယောင်ရဲ့ ယာဉ်ပေါ်မှာ ရှီယန်လို့ ခေါ်တဲ့ လူတစ်ယောက်ကို ငါ မကြားဖူးဘူး။ သိပ်မကြာသေးခင်ကမှ ကျိယောင်နောက်ကို လိုက်ခဲ့တာ ဖြစ်နိုင်မလား”
သူ ထိုသို့ ပြောလိုက်ပြီးနောက် လူတိုင်း၏ မျက်နှာသွင်ပြင်က ထူးဆန်းသွားသည်။
အထူးသဖြင် တာ့လီသည် သက်တောင့်သက်သာ မရှိတော့ပါ။ အမှန်တွင် လူစိမ်းတစ်ယောက်က သူ့သားကို ဦးချိုးသွားခဲ့ကြောင်း အခြားသူများကို မပြောပြချင်ပါ။ သူက ပြုံးလိုက်ပြီးနောက် ဖုံးဖုံးဖိဖိဖြင့်
“ငါ့နန်းတော်ကို ကျိယောင် ဖြတ်သွားတော့ ရှီယန်ကို ငါ့ရဲ့ ဧည့်သည် အဖြစ် ရက်အနည်းငယ် ထားခဲ့တယ်။ ဒါကြောင့်ပဲ ငါ သူ့ကို သိတာ။ ဒီမိတ်ဆွေလေး ရှီယန်က အားမနည်းဘူး။ ဟားဟား…ပြီးတော့ သူ့ရဲ့ တိုးတက်မှုက မြန်ဆန်တယ်။ လွန်ခဲ့တဲ့ (၂) နှစ်၊ ငါ သူ့ကို တွေ့တော့ အစစ်မှန် နတ်ဘုရား ဒုတိယ အဆင့်ပဲ ရှိသေးတယ်။ အခု ထပ်တွေ့တော့ အစစ်မှန် နတ်ဘုရား တတိယ အဆင့် ရောက်နေလိမ့်မယ်လို့ မမျှော်လင့်မိဘူး။ ဒါက ကျိယောင်နဲ့ ငါတို့ ဧကရာဇ်ရဲ့ ကျက်သရေကို အမှန်တကယ် တင့်တယ်စေတယ်…”
တာ့လီ၏ လေသံက တစ်နည်းတစ်ဖုံ လေးနက်မှုများ ပါ၀င်နေသည်။
ဤကွင်းပြင်ပေါ်ရှိ စစ်သည်တော်များသည် ရှီယန်နှင့် သူ၏ လျှို့ဝှက်ချက်ကို အမှန်တကယ် မသိခဲ့ပါ။ ရှီယန်သည် ဝိညာဉ်သဂြိုဟ်ခြင်း မရဏဥာဏ်အလင်းအသုံးပြုနိုင်မှန်း လီအိုနာပင် မသိခဲ့ချေ။
လွန်ခဲ့သော နှစ်ပေါင်းများစွာကဒေါသမီးလျှံ ကြယ်တာရာနယ်မြေတွင် လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူတစ်ယောက် ရောက်လာခဲ့ဖူးသည်။သည်။ သူသည် ပြိုင်ဘက်ကင်း စွမ်းအားကို ပြသကာ သက်ရှိကြယ်များကို ကံဆိုးမိုးမှောင် ကျစေခဲ့သည်။ အကယ်၍ သူတို့သည် ထိုဒဏ္ဍာရီလာ ကျွမ်းကျင်သူ အကြောင်းကို ကြားဖူးပြီး ရှီယန်သည် ထိုသူနှင့် တစ်စုံတစ်ခု ပတ်သက်နေမှန်းသိပါက အလွန်ဂရုထားကြပေလိမ့်မည်။
ရှီယန်သည် အတော်လေး ကံကောင်းပြီး ထူးခြားသူဟု တာ့လီထင်သည်။ အဘယ်ကြောင့်ဆိုသော ကျိယောင်နှင့် ရှီယန်က ကြယ်ပေါက်ကွဲခြင်း အပိုင်းအစလွင်ပြင်မှ အသက်ရှင်လျက် ပြန်ထွက်နိုင်ခဲ့ခြင်းကြောင့်ပင်တည်း။
တာ့လီက မင်းသမီးကျိယောင်ကို အထင်ကြီးမိသည်။ သူမတွင် သည်လို လျှို့ဝှက်ဆန်းကြယ်သော ကိုယ်ရံတော် တစ်ယောက် ရှိနေသည်။ တာ့လီ ရှီယန်ကို မကြိုက်။ မုန်းတီးသည်။ သို့သော် သူသည် လျှို့ဝှက်ချက်များကို သိကတည်းက သည်လူငယ်လေးကို အထင်မသေးရဲတော့ပါ။
အခြားသူများက ယခုမှ ရှီယန်ကို သတိထားမိခြင်းဖြစ်သော်လည်း သူ ရှီယန့်အပေါ် စောင့်ကြည့်နေခဲ့တာ ကြာပြီဖြစ်သည်။
လီအိုနာနှင့် တာ့လီ အပြင် သူတို့အရှေ့ရှိ  အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေ စီမံသူ ဖြစ်သော သက်လတ်ပိုင်းအရွယ် လူသည်လည်း နတ်ဘုရင် အထွတ်အထိပ် အဆင့်ဖြစ်သည်။ သူသည် တုဖုန်းနှင့် လွန်စွာတူသည်။ ထိုလူသည် တော်ဝင် မိသာစုမှဖြစ်ပြီး တုတျန်းကျင်နှင့် ညီအစ်ကို ဖြစ်နိုင်သည်ဟု ရှီယန် ခန့်မှန်းသည်။
ပြီးတော့ သူ ဤမြေသို့ ခြေချသည်နှင့် နောက်ထပ်လူနှစ်ယောက်ကို သူ သတိပြုမိခဲ့သည်။
ယင်းတို့အနက် တစ်ယောက်က ပိုထည်ပြောင် ဝတ်ဆင်ထားသည့် ရုပ်ကြမ်းကြမ်း သက်လတ်ပိုင်းလူဖြစ်သည်။ ရှီယန်သည် ထိုသူ၏ ကျင့်ကြံမှု အခြေခံနှင့် အရှိန်အဝါကို အာရုံ မခံမိပေ။ ထိုသူသည် လီအိုနာတို့ တာ့လီတို့နှင့်အဆင့်တူ မူလ နတ်ဘုရားအဆင့် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်နိုင်သည်။
အမတ်ချုပ်ကြီးငါးယောက်အကြောင်းသူ လေ့လာမိသလောက်ဗဟုသုတအရ ဤလူက ရိုချက်စတာ ဖြစ်နိုင်သည်။ ရက်စက်ကြမ်းကြုတ်ပြီး လက်ရုံးရည်ဖြင့် ကျော်ကြားသူတစ်ယောက်ဖြစ်သည်။
အခြား တစ်ယောက်က ငယ်ရွယ်ပြီး ရုပ်ရည် အသင့်သင့် ရှိကာ အနည်းငယ် ကိုးရိုးကားယား နိုင်သည်။ ခန္ဓာကိုယ် သွယ်လျပြီး မျက်နှာ ဖြူသည်။ သူသည် အမတ်ချုပ် ငါးပါးထဲမှ ခါသေ့ပင်ဖြစ်လိမ့်မည်။
ထိုသူသည်လည်း မူလနတ်ဘုရားအဆင့် သိုင်းပညာရှင်ပင်ဖြစ်၏။ ဒေါသမီးလျှံ ကြယ်တာရာနယ်မြေတွင် သူ၏ သီးခြား အမည်နာမက ‘မျက်နှာဖြူ သွေးလက်’ ဖြစ်သည်။ လီအိုနာ ပြီးလျှင် အမတ်ချုပ်များ ကြားတွင် သူအငယ်ဆုံး ဖြစ်ပြီး အမှောင် နတ်ဘုရား နိုင်ငံ၏ ဒဏ္ဍာရီ ပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်သည်။
ခါသေ့သည် အစွမ်းထက် ကျော်ကြားသော်လည်း ငယ်စဉ်က သာမန် သက်ရှိကြယ် တစ်လုံးပေါ်ရှိ အခြေခံ လူတန်းစား ကလေး တစ်ယောက်အဖြစ် မွေးဖွားခဲ့သည်။ ပထမဆုံးအကြိမ် အမွေနှစ် စွမ်းအင် အရင်းအမြစ်မှ စွမ်းအင် အသိကို လက်ခံရရှိစဉ်မှာပင် သူ့စွမ်းရည်ကို ပြသခဲ့သည်။ ထိုနောက် အင်ပါယာ စစ်တပ်သို့ ဝင်ရောက်ကာ သူ့ဘဝကို တိုက်ပွဲမြေပြင်တွင် စတင်ခဲ့သည်။ သူ၏ စွမ်းဆောင်ရည်က တောက်ပလွန်းပြီး အမတ်ချုပ်ကြီးတစ်ယောက်အဖြစ် သူ့ဘ၀သူ တည်ဆောက်နိုင်ခဲ့သည်။
အမတ်ချုပ်ငါးယောက်ကြားတွင် ခါသေ့၏ နောက်ခံက အဆုံးဝါးဆုံး ဖြစ်သည်။ သို့သော် သူသည် ကိုယ်ပိုင် စွမ်းအားဖြင့် တဆင့်ချင်း တဆင့်ချင်း အထွတ်အထိပ်သို့ တက်လှမ်းခဲ့သည်။ နောက်ဆုံးတွင် သူသည် အသန်မာဆုံးသောသူများ စုဝေးထားပါသည်ဟူသော အမတ်ချုပ်တစ်ယောက် ဖြစ်လာခဲ့သည်။
ခါသေ့က အမြဲ ပြုံးရွှင်နေပြီး သူ့မျက်နှာက ကျောင်းဆရာတစ်ယောက်ကဲ့သို့ သိမ်မွေ့သည်။ သူ့ထံမှ အန္တရာယ်ရှိသော ခံစားချက်များ မပေးတက်ချေ။ သူ၏ နူးညံသော အရှိန်အဝါက အခြားသူများကို သဘာဝအတိုင်း သက်တောင့်သက်သာ ဖြစ်အောင် ဆွဲဆောင်သည်။
သို့သော် အမှောင်နတ်ဘုရား နိုင်ငံ ပြင်ပ အင်အားစုများ၏ မျက်လုံးထဲတွင် သူသည် အစစ်မှန် နတ်ဆိုး တစ်ပါး ဖြစ်သည်။ သူသည် အာကာသ ပြင်ပတွင် နေထိုင်ကာ မရေမတွက် နိုင်သော အာကာသ ဓားပြနှင့် သောင်းကျန်းသူများကို အမဲလိုက် သတ်ဖြတ်ခဲ့သည်။
မရေမတွက်နိုင်သော အာကာသ ဓားပြများသည် သူ၏ အခြေခံကို ခိုင်မာစေကာ နတ်ဘုရား နိုင်ငံတွင် အခိ်ုင်အမာ ရပ်တည် နိုင်ခဲ့သည်။ သူ့နာမည်ကို ကြားသည်နှင့် အာကာသ ဓားပြများသည် အမြဲတမ်း အပြင်းအထန် ဆန့်ကျင် ရန်လိုကြသည်။
အာကာသ ဓားပြများကြားတွင် ခါသေ့ကို သတ်နိုင်သော ဘယ်သူမဆို အာကာသ ဓားပြများ၏ ခေါင်းဆောင်အဖြစ် ချက်ချင်း ခန့်အပ်မည်ဟု ဆိုရိုးစကား တစ်ခုပင် ရှိခဲ့သည်။
မည်သို့ပင်ဖြစ်စေ ခါသေ့ကတော့ ယခုအချိန်ထိ အာကာသ ပြင်ပင်တွင် လှည့်လည်ကာ အာကာသ ဓားပြများကို လိုက်လံ သတ်ဖြတ်ဆဲ ဖြစ်သည်။ သူသည် အင်ပါယာအတွက် ဓားပြများထံမှ ပစ္စည်းများကို လုယက် စုဆောင်းခဲ့သည်။
သူ ဖြတ်သွားသောနေရာတိုင်း အာကာသဓါးပြများ ငြိမ်ကုတ်ကုန်သည်။
လုယက်မှုတိုင်းတွင် သူ၏ အကြင်နာကင်းမဲ့ ရက်စက်မှုများက သာမန်လူများ မတွေးတောနိုင်လောက်အောင် ကြမ်းကြုတ်သည်။
ခါသေ့က ပြုံးရုံမျှသာ ပြုံးနေပြီး ဘာမှ၀င်မပြောပါ။ သို့သော် မိန်းမလှလေး တစ်ယောက်၏ မျက်ဝန်းနှင့်ပင် ဆင်တူသောသူ့ဖီးနစ် မျက်ဝန်းဖြင့် လီအိုနာအား မကြာခန ကြည့်နေ၏။
ရှီယန်က တခဏမျှ လေ့လာပြီးနောက် ထူးဆန်းမှုကို ခံစားရသည်။ ခါသေ့ကသည် အခြားသူများကို ကြည့်နေသော်လည်း လီအိုနာတွက် အကြည့်တွင်မူ မရှင်းလင်းသော ခံစားချက်များ ရှိနေဟန် ရသည်။ ခါသေ့က လီအိုနာကို ကြိုက်နေတာလား။
ရှီယန် အနည်းငယ် စိတ်ရှုပ်လာသည်။ သူက ဘာလုပ်ရမှန်းမသိပဲ နောက်လှည့်လိုက်ရာ သူ့ဘေးတွင် ရပ်နေသော အမျိုးသမီးပေါ်သို့ အကြည့် ရောက်သွားသည်။ သူ့မျက်ဝန်းထဲတွင် ထူးဆန်းမှု တစ်ခု လက်သွားသည်။
ဤအမျိုးသမီးသည် အမှောင်နတ်ဘုရားနိုင်ငံ၏ ရက်စက်ကြမ်းကြုတ်သော ဒဏ္ဍာရီတစ်ပုဒ်ဖြစ်သည်။ ထို့ပြင် ထူးခြားမြင့်မြတ် ပုဂ္ဂိုလ် တစ်ယောက်လည်း ဖြစ်သည်။ သို့သော်လည်း သူမ၏ အသွင်အပြင်က တစ္ဆေသရဲလို အကျည်းတန်လှ၏။
ခါသေ့က အချစ်ရေးမှာ သီးခြားလက္ခဏာရှိနေတာလား။ လီအိုနာက သူကြိုက်တတ်သည့် အမျိုးအစားလား…။
ရှီယန် နားမလည်နိုင်တော့။
“အိုကူဒို မရောက်သေးဘူး။ ငါတို့ နောက်ထပ် (၇) ရက် စောင့်ရလိမ့်မယ်။ သူက နောက်ထပ် (၇) ရက်အတွင်း ဒီကို ရောက်မယ်လို့ အကြောင်းကြားထားတယ်။ ဟုတ်တယ်။ ဒီကို လာတဲ့ လမ်းမှာ ပစ္စည်း တစ်ခု ယူနေလို့ နည်းနည်း ကျန့်ကြာမယ် ပြောတယ်”
သက်လတ်ပိုင်းလူက အေးအေးဆေးအေး ရှင်းပြသည်။
“အိုကူဒို က သူ့ကိုယ်သူ အရေးပါးတဲ့လူ ဖြစ်အောင် လုပ်နေတာပဲ။ ဟမ့်…သူက ငါ့ကို စောင့်ဆိုင်းအောင် လုပ်ရဲတယ်ပေါ့”
အခြား သူများက ဘာမျှ မပြောသော်လည်း လီယိုနာ၏ မျက်နှာက သံသယ ရှိစရာ မလိုအောင် အေးစက်နေသည်။ သူမ၏ နက်မှောင်စိမ်းစိုနေသော မျက်ဝန်းထဲတွင် ကြောက်စရာ အမုန်းတရားများ ပြည့်နှက်နေသည်။
သည်အုပ်စုထဲတွင် သူမ တစ်ယောက်သာအိုကူဒို ကို ဆူပူကြိမ်းမောင်းရဲသည်။ အဘယ့်ကြောင့်ဆိုသော သူမက အလွန်သန်မာသည်။ အမှောင် ကောင်းကင် နတ်ဘုရား နိုင်ငံတွင် သူမ၏ သွေးစွန်းအုပ်စုက အင်အား အကြီးမားဆုံး ဖြစ်သည်။ သူမ၏ စိတ်မရှည်မှုကို မည်သူမျှ အထွန့်မတက်ရဲပါ။
“အရှင်မ လီယိုနာ…ကျေးဇူးပြုပြီး သည်းခံ ပေးပါဦး။ အိုကူဒိုက အကြောင်းတစ်ခုခုကြောင့် ကြန့်ကြာနေတာပါ။ သူ ဒီနေရာကို ရောက်လာရင် အရှင်မ အတွက် သူ ပြင်ဆင်ပေးပါလိမ့်မယ်”
သက်လတ်ပိုင်း လူက ခြောက်ကပ်စွာ ပြုံးရင်း ရှင်းပြသည်။
“အိုကူဒို ဘယ်လို အကြောင်းပြချက် ပေးမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”
လီယိုနာက လက်ကို ဝေ့ယမ်းကာ ပြောလိုက်သည်။
“ငါ အနားယူတော့မယ်။ အဲ့ဒီလူ ရောက်လာရင် ငါ့ကို အကြောင်းကြားပါ။ ငါ သူ့နဲ့ မျက်နှာချင်းဆိုင် စကား ပြောရမယ်။ ဟမ့်…ဘာပဲဖြစ်ဖြစ် ငါ သူ့နဲ့ သေချာပေါက် ဆွေးနွေးရမယ်”
သူမသည် တစ်စုံတစ်ခုကို စောင်းပါးရိပ်ချေ ပြောနေသည့်အလား သူ့အကြည့်က ရှီယန် အပေါ်တွင် ကြရောက်နေသည်။
ရှီယန် အံ့အားသင့် သွားသည်။ အိုကဲရာ၏ ကောက်ကျစ်မှုကြောင့် သူမ၏ စစ်သင်္ဘော ပျက်စီးသွားခဲ့သည်။ ထို့ကြောင့် သူမက အိုကူဒိုကို ပြဿနာ ရှာလ်ိမ့်မည်မှန်း သူ ချက်ချင်း သိလိုက်သည်။
ရှီယန် မျက်မှောင် ကြုတ်ပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည်။ သူသည် မျက်မြင်သက်သေ တစ်ယောက်ဖြစ်ရာ အိုကူဒိုနှင့် အိုကဲရာတို့အား အပြစ် ရှာရန်အတွက် ရပ်တည်ရပေမည်။
သို့ပေမယ့်သူတို့တွင် လုံလောက်သော သက်သေ အထောက်အထား မရှိမှန်း သိသာနေသည်။ အိုကဲရာက ထိုကဲ့သို့ ပြုလုပ်ခဲ့လျှင်ပင် သူတို့တွင် သက်သေပြရန် ဘာမှ မရှိပါ။ ပြီးတော့ ထိုဖြစ်ရပ်က အိုကူဒိုနှင့် ဆက်နွယ်နေကြောင်း မပြသနိုင်ပေ။ ထိုမိန်းမက အခြားသူများအား သူတို့၏ ပြစ်မှုကို လက်ခံရန်အတွက် အတင်းအကျပ် ဖိအားပေးရန် ပြင်ဆင်နေခြင်းပေလော။
လီအိုနာသည် ခရီးရှည် ထွက်လာခဲ့သည့်အတွက် ပင်ပန်းသည်ဟု ဆင်ခြေပေးသည်။ လူငယ် စစ်သည် သုံးယောက်ကို ခေါ်ဆောင်ကာ မာနကြီးစွာ ထွက်ခွါသွားသည်။ သူတို့က သည်တောင်ထိပ်ပေါ်ရှိ နန်းတော်တစ်ခုတွင် နေထိုင်သည်။
ထိုနန်းတော်တွင် အနက်ရောင်နေ၀န်း အမှတ်အသား ရှိသည်။ ၎င်းက သူမ ပိုင်ဆိုင်သည့် နန်းတော် ဖြစ်ဟန် တူသည်။ သူမက ရှီယန်အပေါ်တွင် အာရုံ မရှိပေ။ သူတို့သည် နန်းတော်အတွင်းသို့ ဝင်သွားပြီးနောက် သူမက သူ့ကို ဘာမှ မပြောဘဲ အဝေးတွင် ဆက်လက် ထားခဲ့ရန် ရည်ရွယ်သည်။
လီအိုနာထွက်သွားပြီးနောက် မြေကွက်ပေါ်ရှိ စစ်သည်တော်များက စတင် လူစုခွဲသည်။ ရိုချက်စတာ၊ ခါသေ့နှင့် တာ့လီတို့က ကိုယ့်လူကိုယ် ခေါ်ဆောင်ကာ ကိုယ်ပိုင် နန်းတော်များဆီသို့ ထွက်သွားကြသည်။ သည်တောင်တန်းပေါ်တွင် သူတို့ တစ်ယောက်ချင်းစီအတွက် ကိုယ်ပိုင် နန်းတော် ရှိသည်။ သူတို့သည် လီအိုနာကို လေးစားကြောင်း ပြသရန် ဤနေရာသို့ လာခြင်း ဖြစ်သည်။
ခါသေ့က ထွက်ခွာသွားပြီး အနည်းငယ်လှမ်းသောအခါမှ ရုတ်တရက် ရပ်တန့်ပြီး နောက်လှည့်ကာ ရှီယန်ကို လက်ယပ် ခေါ်လိုက်သည်။
“မိတ်ဆွေလေး…ငါနဲ့ အတူ တစ်ခွက် တစ်ဖလားလောက် မသောက်ချင်ဘူးလား”
ဤတောင်တန်းကြီးပေါ်တွင် စစ်သည်တော်များ အားလုံး လူစုခွဲသွားပေပြီ။ သူတို့သည် ရှီယန်ကို မျက်လုံးထဲပင် မထည့်ကြချေ။ သက်လတ်ပိုင်း စီမံသူပင် ရှီယန်အတွက် အခန်း တစ်ခု စီစဉ်ပေးရန် ရည်ရွယ်ချက် မရှိခဲ့ပါ။
ဤနေရာတွင် ကျိယောင် မရှိသည့်အတွက် သတင်း ရရှိရန် မေးမြန်းစရာ လူမရှိပါ။ လီအိုနာက သူ့အား စကား များများ ပြောချင်ပုံ မရချေ။ ယခုအချိန်တွင် သူသည် အပြင်လူတစ်ယောက်အဖြစ် သိသာလာသည်။
နေရာတွင် တစ်ယောက်ထဲ ရပ်နေရင်း ဘယ်သွားရမှန်း မသိ ဖြစ်နေစဉ် ခါသေ့ကလှမ်းခေါ်နေသည်ကို မြင်သည်နှင့် သူ့မျက်ဝန်းအစုံက တောက်ပသွားသည်။
ဟိုဟိုဒီဒီ လျှောက်ကြည့်လိုက်ရာ သူတို့ကို သတိ ပြုမိသည့် လူ တစ်ယောက်မှ မရှိမှန်း ရှီယန် တွေ့လိုက်သည်။ သူ မျက်မှောင်ကြုတ်ထားသည်ကို ဖြေလျော့ကာ ပြုံးလိုက်သည်။ ခါသေ့၏ ဆိုးဝါးသော ဂုဏ်သတင်းကို သူ ဂရုမစိုက်ပါ။ သူသည် အဝေးမှ လက်သီး လက်ဝါးဆုပ် ရိုသေသမှု ပြုပြီးနောက် တည့်တည့်လျှောက် သွားလိုက်သည်။
“ဒါဆို ကျွန်တော် အားမနာတော့ဘူးနော်…”
“ရပါတယ်…”
ခါသေ့က ရယ်မောသည်။ သူ့ ရံရွှေတော်ကို အရင်ဆုံး သွားခိုင်းလိုက်သည်။ ပြီးနောက် ရှီယန်ကို သူ၏ သီးသန့် နန်းတော်သို့ ခေါ်ဆောင်သွားသည်။
၎င်းက လှပသော သလင်းပြာ နန်းတော် ဖြစ်သည်။ လူကြီး ရောက်ပြီးနောက် မကြာခင် အစေခံ မိန်းကလေးများ ရောက်လာကြသည်။ သူတို့သည် အသက် နှစ်ဆယ် ဝန်းကျင်ခန့် ရှိသည်။ သူတို့သည် ထွင်းဖောက် မြင်နိုင်သော အဝတ်အစားများနှင့်အတူ ဆွဲဆောင်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ပါးလွှာသော ပိုးထည်ချပ်ပြားမျှသာ ရှိသည်။ လူတွေက သူတို့၏ သီးသန့်နေရာကို မကြာခဏ တွေ့ရသည်။
အစေခံများက သူတို့ကို ကောင်းမွန်သော အရက်နှင့် ဟင်းလျာများဖြင့် ဧည့်ခံသည်။ သလင်းပြာ နန်းတော် အတွင်း၌ ခါသေ့က အဓိက ထိုင်ခုံတွင် ထိုင်ပြီး ခွက်မြောက်ကာ နွေးထွေးစွာ ပြုံးသည်။
“ဒီကိုလာ၊ ဒီကိုလာ…မိတ်ဆွေလေး။ ငါနဲ့ အတူ သောက်ရအောင်။ ယဉ်ကျေး စရာ မလိုဘူး”
ခါသေ့က ဘာကြောင့် သူနှင့်အတူ အရက်သောက်ချင်မှန်း မသိသည့်အတွက် သံသယ ရှိနေသည်။ သူသည် ထိုလူကြီးကို မတွေ့ခဲ့ဖူးပါ။ ထို့ကြောင့် သူတို့တွင် ဘယ်လို ဆက်ဆံမှုမျိုးမှ ရှိမနေချေ။
ပြီးလျှင် သူသည် အမှောင် နတ်ဘုရား နိုင်ငံတွင် လူမသိ သူမသိ၊ ဂုဏ်သတင်း မကျော်ဇောသော လူတစ်ယောက် ဖြစ်သည်။ အရေးကြီးဆုံးမှာ သူက ကျိယောင် အဖွဲ့၏ နောက်တော်ပါး တစ်ယောက် ဖြစ်သည်။ ခါသေ့က သူ့ကို သိမ်းသွင်းရန်တော့ မဖြစ်နိုင်ပါ။
ရှီယန်က တွေးလေ ဘ၀င်မကျလေဖြစ်လာသည်။
----- ----- ------ ------ ------ ------ ------ -----

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now