779

516 77 0
                                    

Chapter 779: ကြောက်စရာ အပြောင်းအလဲ
သန့်စင်ခြင်းကြယ်၏ တစ်ဖက်ခြမ်း ပွဲကြည့်စင်ပေါ်တွင်...
တုတျန်းလီက မတ်တပ်ရပ်ရင်း မှန်ရေပြင်ကို ငုံ့ကြည့်နေသည်။
သူ့လက်ထဲတွင် သွေးသရဖူတစ်ခု ကိုင်ထားသည်။
ရုတ်တရက် သူက တအံ့တသြ အာမေဋိတ်သံတစ်ချက် ပြုမိလိုက်လေသည်။
လီအိုနာသည်လည်း တစ်စုံတစ်ခုကို သတိထားမိသည်။
သူမ၏ အကြည့်က မှန်ရေပြင်ပေါ်ရှိ တစ်နေရာသို့ ကျရောက်သွားသည်။
သူမ၏ အစိမ်းရင့်ရောင်မျက်၀န်းတွင် ပျော်ရွှင်မှုများ ထွက်ပေါ်လာလေသည်။
“ဘာဖြစ်တာလဲ…ကောင်းကင်နဲ့ မြေကြီးရဲ့ သဘာ၀စွမ်းအင်တွေ ပြောင်းလဲနေတယ်။ ဒီပုံစံအရတော့ တစ်စုံတစ်ယောက် အဆင့်သစ် တက်ဖို့ကြိုးစားနေတာပဲ”
တုတျန်းလီက အံ့သြတကြီးဖြစ်နေသည်။
သူက တစ်စုံတစ်ရာကို ပြန်အမှတ်ရသွားဟန်ဖြင့်
“အဲ့ဒီဧရိယာမှာ ရှီယန်နေနေတာမဟုတ်လား”
အားလုံး ဆတ်ကနဲဖြစ်သွားကြသည်။
ရိုချက်စတာ၊ ခါသေ့နှင့် တာ့လီတို့လည်း အံ့အားသင့်နေသည်။
သူတို့မျက်လုံးများတွင် ထူးဆန်းသောအလင်းရောင်များ ထွက်ပေါ်နေပြီး သူတို့၏ အကြည့်များက ထိုဧရိယာသို့ စူးစိုက်ကျဆင်းနေကြသည်။
အိုကူဒို၏မျက်နှာကတော့ သုန်မှုန်လာပြီး နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။
သူကတော့ အတော်ပင် စိတ်အနှောက်အယှက်ဖြစ်နေဟန်ရသည်။
မှန်ရေပြင်တွင် ပမာဏများပြားလှသော စွမ်းအင်များ စုဝေးလာကာ တောင်ကုန်းတစ်ခုရှိ ကျောက်ဂူပေါက်၀ထဲ တိုး၀င်နေကြသည်။
ထိုစွမ်းအင် အစုအဝေးများက ထူထပ်သိပ်သည်းသော တိမ်စိုင်မည်းများနှင့်တူ၏။
တစ်စုံတစ်ခုသော ဆွဲငင်အားက သိသိသာသာပင် စွမ်းအင်များကို ထိုနေရာဆီသို့ စုဝေးခေါ်ဆောင်လာနေသည်။
တိမ်စိုင်မည်းများလို စွမ်းအင်အစုအဝေးများထဲမှ သန့်စင်သော စွမ်းအင်အလင်းများလည်း တစ်ချက်တစ်ချက် ဖြာလက်လာသည်။
အစပိုင်းတွင် တိမ်စိုင်အစုအဝေးများက အခန်း တစ်ခန်းစာ အရွယ်အစားခန့်သာဖြစ်သော်လည်း တဖြည်းဖြည်းနှင့် ကောင်းကင်နှင့် မြေကြီး၏ သဘာ၀စွမ်းအင်များကို ဆွဲယူရင်း စွမ်းအင်အစုအဝေးကြီးက ဆယ်မူ ပတ်လည်ခန့်အထိပင် ဖုံးအုပ်သွားလေတော့သည်။
သီးခြားဆန်သော စွမ်းအင်ဖြာထွက်မှုများ ထိုနေရာတွင် ထွက်ပေါ်လာသလို တစ်ခါတစ်ရံ ဟင်းလင်းပြင် အက်ကွဲကြောင်းငယ်လေးများမှ ရောင်စုံအလင်းများကိုလဲ ဖြတ်ကနဲ ဖြတ်ကနဲ မြင်တွေ့ရတတ်သည်။
မြင်ကွင်းအရ သူတို့က စွမ်းအင်တိမ်စိုင်မည်းများ စုဝေးနေသည်ကိုသာ မြင်ကြရပြီး ဂူထဲတွင် ဘာဖြစ်နေသနည်း သို့မဟုတ် ရှီယန် ဘာလုပ်နေသလဲ ဘယ်လိုမှ မမြင်တွေ့နိုင်ပါ။
သို့သော် ဟင်းလင်းပြင်စွမ်းအင်ကျင့်ကြံသည်က တစ်ယောက်တည်းသာဖြစ်သောကြောင့် ဒါက ရှီယန်ဖြစ်မည်ဆိုတာ သူတို့ တစ်ထစ်ချပြောနိုင်ခြင်းဖြစ်သည်။
ထို့ကြောင့် သူတို့က ရှီယန်၏ ပုံရိပ်ကို မမြင်နိုင်သော်လည်း ယခုလို ကြီးကျယ်ခမ်းနားသော စွမ်းအင်စုဝေးမှုကြီးပြုလုပ်နေတာကတော့ သူဆိုတာ သေချာသိနေကြသည်။
ကောင်းကင်နှင့် မြေကြီး၏ သဘာ၀စွမ်းအင်များသည် အဆက်မပြတ်သိပ်သည်းနေပြီး အတောမသတ် သန့်စင်နေကြသည်။
ဒါက အစစ်အမှန်နတ်ဘုရားအဆင့်မှ နတ်ဘုရင်အဆင့်သို့ ချိုးဖြတ်တက်ရောက်ခြင်းဖြစ်စဉ်၏ သိသာထင်ရှားသော လက္ခဏာပင်ဖြစ်၏။
သိသာစွာပင် ယခုအချိန်တွင် ရှီယန်က အဆင့်ချိုးဖျက်ရန် ကျင့်ကြံနေခြင်းဖြစ်သည်။
“သုံးလပဲရှိသေးတယ် သူက ဒီခြေလှမ်း လှမ်းလိုက်ပြီလား။ မဆိုးဘူး…တကယ်က သူ တော်တော်ကောင်းတယ်”
ခါသေ့က အတွေးထဲတွင် နစ်မြုပ်ရင်း ပြောလိုက်သည်။
သူက လီအိုနာကိုလဲ စူးစမ်းသလို ကြည့်သည်။
လီအိုနာကတော့ မတုန်မလှုပ်။
သူမက တည်ငြိမ်စွာ ထိုင်နေပြီး သူမမျက်၀န်းထဲတွင်သာ မျှော်လင့်ချက်အရိပ်အယောင်များ ယှက်သမ်းနေသည်။
“ဒီကောင်လေးသာ အသက်ရှင်ရက် လွတ်မြောက်နိုင်ရင် သူ့အလားအလာက တိုင်းတာလို့ မရနိုင်အောင်ပဲ”
ရက်ပေါင်းများစွာ နှုတ်ဆိတ်နေခဲ့သော တာ့လီပင် စကားပြောလာသည်။ သူ့မျက်လုံးများက ဤနေရာရှိ လူအားလုံးကို ဝေ့ကြည့်လိုက်ရင်း လေးနက်သောလေသံဖြင့်
“ငါသူ့ကို လွန်ခဲ့တဲ့ သုံးနှစ်က ဆုံဖူးတယ်။ အဲ့ဒီတုန်းက သူဟာ အစစ်အမှန်နတ်ဘုရား ဒုတိယအဆင့် ကျင့်ကြံမှုအခြေပဲရှိသေးတာ”
သူ ဒါကို ဘယ်တော့မှ အမှတ်မမှားနိုင်ပါ။
လွန်ခဲ့သော သုံးနှစ်က တိုက်ပွဲသည် သူ့စိတ်ထဲတွင် မေ့ပျောက်မရအောင် ခတ်နှိပ်ထားပြီးဖြစ်သည်။
အစစ်အမှန်နတ်ဘုရား ဒုတိယအဆင့်ဖြင့် သူ့သား တာ့မန်ကို အနိုင်ယူသွားသော ရှီယန်ကို သူ ဘယ်တော့မှ မေ့မည်မဟုတ်ပါ။
တိုက်ပွဲအတွင်း သူက ရှီယန်၏ နောက်ကွယ်မှ အရိပ်မည်းကို မြင်အောင်ကြည့်နိုင်ခဲ့သည်။
ထိုအရိပ်မည်းသည် နှစ်ပေါင်းများစွာ ကွယ်ပျောက်နေခဲ့သော်လည်း သူ့စိတ်ထဲတွင် ကြောက်ရွံ့မှုနှင့်အတူ လေးစားနေဆဲဖြစ်သည်။
ထိုအချက်ကြောင့်ပင် သူက အလွန်အရှက်ရသည့်တိုင် ရှီယန်ကို မသတ်ခဲ့ခြင်းဖြစ်သည်။
သူက ရှီယန်ကို သူကိုယ်တိုင် မတိုက်ရဲသောကြောင့် ကောက်ကျစ်သော အစီအစဉ်များ ဆွဲခဲ့သေးသည်။
သူက ရှီယန်၏နောက်ကွယ်မှ အရိပ်မည်းကို ကြောက်သည်။
အခန့်မသင့်လျှင် သူတင်မက သူ့မိသားစုပါ ကပ်ဘေးဆိုက်သွားနိုင်သည်။
ထိုသူသည် ဒေါသမီးလျှံကြယ်တာရာနယ်မြေ၏ မသေဆုံးနိုင်သော ဒဏ္ဍာရီဖြစ်၏။
ထို ဒဏ္ဍာရီအကြောင်း ကြားဖူးသူတိုင်း ထိုသူနှင့် ရင်ဆိုင်ရန် မဝံ့မရဲ ဖြစ်ရပေမည်။
တာ့လီ၏ အေးစက်စက် စကားသံက လူအများကို ဆွဲဆောင်သွားသည်။
အိုကူဒိုသည်ပင် တည်ငြိမ်မနေနိုင်တော့ပါ။
သူက ထိုင်ခုံမှ ရုတ်တရက် ထကာ အလန့်တကြားဖြင့်
“တာ့လီ…မင်းသေချာလား…လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ဒီကောင်လေးဟာ အစစ်အမှန်နတ်ဘုရား ဒုတိယအဆင့်မှာပဲရှိသေးတယ်ဆိုတာ သေချာလား”
ရိုချက်စတာကလည်း လက်ဖျားခါရင်း
“ကျိယောင်ရဲ့ ကံကောင်းမှုပဲ။ နောက်ဆုံးတော့ သူက အိုကဲရာအတွက်ခွဲတမ်းကို ရှီယန့်ဆီ ပေးလိုက်ရခြင်းအကြောင်း ငါနားလည်သွားပြီ။ ဒီကောင်မလေးက တကယ် အမြင်ရှိတယ်”
ခါသေ့ကလဲ တုန်လှုပ်နေသည်။
သူ့မျက်လုံးများက တောက်ပနေရင်း အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ
“သုံးနှစ်…ဒါဆို လွန်ခဲ့တဲ့ သုံးနှစ်၀န်းကျင်မှာ သူက အစစ်အမှန် နတ်ဘုရား ဒုတိယအဆင့်ကနေ တတိယအဆင့်ကို ကူးပြောင်းခဲ့မှာပေါ့။ သူ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တာဆိုရင် ဒါ အံ့သြစရာမဟုတ်ဘူး။ ဒါပေမဲ့ အစစ်အမှန် နတ်ဘုရား တတိယအဆင့်ကန သုံးနှစ်အတွင်း နတ်ဘုရင်အဆင့်ကို ကူးပြောင်းဖို့လုပ်နေပြီ။ သုံးနှစ်အတွင်းနော်။ ဘယ်လို သရဲသဘက်မျိုးလဲ”
ခါသေ့၏ မျက်လုံးများက တောက်ပနေသည်။
သူ့အမြင်တွင် သုံးနှစ်အတွင်း ရှီယန်က အစစ်အမှန်နတ်ဘုရား ဒုတိယအဆင့်မှ တတိယအဆင့်သို့ တက်လှမ်းခြင်းက အံ့သြစရာမဟုတ်။ ဒါက လုံလောက်သောအချိန်ဟု သတ်မှတ်နိုင်သည်။
သို့သော် ယခု မြင်တွေ့နေရသည်က ထိုသို့မဟုတ်။
အစစ်အမှန်နတ်ဘုရား တတိယအဆင့်မှ နတ်ဘုရင်အဆင့်သို့ ကူးပြောင်းရန် သူက သုံးနှစ်ထက်နည်းသော အချိန်ကိုသာ ယူခဲ့သည်ဟု အဖြေထွက်နေသည်။
ဘယ်လိုလူမျိုးက ထိုသို့ ကျင့်ကြံနိုင်ပါမည်နည်း။
အမတ်ချုပ်ကြီးငါးယောက်နှင့် တုတျန်းလီတို့ ငေးငိုင်နေကြသည်။
သူတို့အားလုံး အတန်ကြာအောင် တိတ်ဆိတ်သွားကြသည်။
“သိုင်းသမားတစ်ယောက်ဟာ အစစ်အမှန်နတ်ဘုရား တတိယအဆင့်မှာ မှော်ဆေးဝါးတွေ နေ့တိုင်းစားဦး သူ့ရှေးဟောင်းကီသစ်ပင်မှာ လုံလောက်တဲ့ ကီစွမ်းအင် စုဆောင်းမိစရာအကြောင်းမရှိဘူး။ ဒါတောင် ကိုယ့် စွမ်းအင် ဥာဏ်အလင်းတွေကို နက်ရှိုင်းအောင် ကျင့်ကြံရတာ မပါသေးဘူး။ သုံးနှစ်ဆိုတာ ငါတို့ သက်တမ်းမှာ အချိန်မြစ်ကြီးထဲက ရေပွက်လေးတစ်ခုသာပဲ။ ပြောနေဖို့တောင် တန်ဖိုးမရှိဘူး။ ဒါပေမဲ့ သူ…”
ရိုချက်စတာက ခေါင်းတယမ်းယမ်းဖြစ်သွားသည်။ သူက ကြိုးစားကာ ပြုံးလိုက်ရင်း
“ငါဟာ အစစ်အမှန်နတ်ဘုရား တတိယအဆင့်ကနေ နတ်ဘုရင်အဆင့်ကို တက်လှမ်းခဲ့တုန်းက နှစ်ပေါင်း တစ်ရာနီးပါး အချိန်ယူခဲ့ရတယ်။ ဒီအမြန်နှုန်းဟာဆိုရင်တောင် တော်တော် မြင့်မားနေပါပြီ။ သိုင်းသမားပေါင်း မြောက်များစွာဟာ နတ်ဘုရင်အဆင့်ကိုရောက်ဖို့ နှစ်ပေါင်း ထောင်ချီအောင်တောင် ကျင့်ကြံကြရတာပဲ”
လူအားလုံး နှုတ်ဆိတ်လျှက်ရှိသည်။
ဟောင်ဖွာဟောင်ဖွာ ငြင်းတတ်သော အိုကူဒိုပင် မျက်နှာကြီး မည်းကာ ပါးစပ်ပိတ်ထားသည်။
သူဘာတွေးနေလဲ ဘယ်သူမှမသိနိုင်ပါ။
“သူ့ရဲ့ စွမ်းအင်ကျင့်ကြံမှု အမြန်နှုန်းက ဒီအတိုင်းပဲဆိုရင်”
လီအိုနာ၏ အနိမ့်အမြင့်မဲ့သော အသံက ထွက်ပေါ်လာသည်။ သူမက မျက်စိမျက်နှာပျက်နေသော အိုကူဒိုကို တစ်ချက်လှမ်းကြည့်ကာ
“သူ့ရဲ့ ကြွားဝါတဲ့ စကားတွေက တကယ်ဖြစ်နိုင်တာပဲ။ နှစ်တစ်ရာအတွင်း သူက နင့်ခေါင်းကိုဖြတ်မှာ အိုကူဒို…။ ဒီအတိုင်းဆို ဒီစကားတွေဟာ အရူးစကားတွေ မဟုတ်တော့ဘူးပဲ”
ထိုဖြစ်ရပ်ကို လူတိုင်း ပြန်တွေးမိကြသည်။
သူတို့၏ အကြည့်များက အိုကူဒိုအပေါ် ကျရောက်သွားကြသည်။
စူးစမ်းသော အကြည့်များအောက်တွင် အိုကူဒိုက မည်းမှောင်သောမျက်နှာကြီးဖြင့် ငြိမ်သက်နေသည်။
ဘာစကားမှ ပြန်မပြောနိုင်။
သူ၏ တုတ်ခိုင်သော ကိုယ်ကာယကြီးက အနည်းငယ်ပင် တုန်ယင်နေသည်။
သူ အနာပေါ် တုတ်ကျသွားတာ သိသာလှ၏။
“ငါက သူ့ကို လေကြွားလေးလို့ပဲ ထင်ခဲ့တာ။ သူ့ကို လျှော့တွက်မိခဲ့တယ်ဆိုတာ မတွေးမိဘူး”
ခါသေ့က ရုတ်တရက် ရယ်မောလိုက်သည်။
သူက အနီးတွင်ရပ်နေသော အစေခံထံမှ အရက်ပြင်း တစ်ကရားကို ဆွဲယူပြီး တဂျုတ်ဂျုတ် မော့ချလိုက်သည်။ ပြီးနောက် ကျယ်လောင်စွာအော်ဟစ်ရယ်မောရင်း
“ငါက သူနဲ့ အတူထိုင်သောက်ပြီး စကားပြောဖူးတယ်ဟေ့…နောက်ကျရင် အဲ့ဒီအကြောင်းက ကြွားစရာတောင်ဖြစ်လာမယ်ထင်တယ်။ ဟားဟား။ စိတ်၀င်စားစရာပဲ။ ငါ နိမိတ်ဖတ်လိုက်မယ်။ အမှောင်နတ်ဘုရားနိုင်ငံရဲ့ကောင်းကင်ယံမှာ ကြယ်တစ်ပွင့် ထွန်းလင်းတောက်ပလာတော့မယ်”
“ကြည့်ရတာ သူပြန်ထွက်လာရင် ငါလဲ တစ်ခွက်တစ်ဖလားလောက် အတူသောက်ရဦးမယ်ထင်တယ်။ဟားဟားဟား”
ရိုချက်စတာကလဲ ထူးဆန်းသော အမူအရာဖြင့် ရယ်မောနေသည်။
အိုကူဒို၏မျက်လုံးများက မီးတောက်မီးလျှံများ ထွက်ပေါ်တော့မတတ် တောက်လောင်နေသည်။
သူ့မျက်နှာကြီးက ဆိုးဆိုးဝါးဝါးပျက်ယွင်းနေပြီး မသိမသာ တုန်ယင်လျှက်ရှိသည်။
“သိပ်လဲ စိတ်မလှုပ်ရှားကြနဲ့ဦး။ အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေထဲမှာ အဆင့်တက်ခြင်းဟာ ကောင်းတဲ့ရွေးချယ်မှုတော့မဟုတ်ဘူး။ သူဘယ်ရောက်နေမှန်း သူမေ့သွားတာလား”
တုတျန်းလီက ရုတ်တရက် ၀င်ပြောသည်။
သူ့မျက်ခုံးနှစ်ခုက ထိစပ်လုမတတ် တွန့်ကွေးနေသည်။
“ဒီ အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေထဲမှာ အဆင့်တက်ဖို့ ကြိုးစားသူတိုင်း လှပတဲ့ အဆုံးသတ် ရှိခဲ့လို့လား”
ထိုစကားကြားသောအခါ အိုကူဒို ခေါင်းပြန်မော့လာပြီး တဟားဟား ရယ်မောတော့သည်။
“ဟုတ်သားပဲ။ သူ့မှာ ဘယ်လောက် အဆုံးအစမဲ့တဲ့ အလားအလာတွေ ရှိနေပါစေ အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေထဲမှာ အသက်ကိုရင်းပြီး အဆင့်တက်တာကတော့ သေကြောင်းကြံတာနဲ့ အတူတူပဲ…ဟားဟားဟား”
လီအိုနာသည်လည်း အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေ၏ စရိုက်လက္ခဏာများကို သတိရသွားသည်။
သူမ၏မျက်နှာက အနည်းငယ် ဖြူဖတ်ဖြူလျော်ဖြစ်သွားပြီး စိုးရိမ်ပူပန်မှုများ ထိန်းမနိုင်သိမ်းမရ မြင့်တက်လာသည်။
နောက်ထပ် အဖြစ်အပျက်များက သူတို့ မျှော်လင့်ခဲ့သည်နှင့် ထပ်တူပင်ဖြစ်သည်။
တုတျန်းလီ၏ စကားနောက်ပိုင်းတွင် ရှီယန်၏ ဧရိယာတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာတော့သည်။
မိုင်တစ်ရာ ပတ်လည်အတွင်း ပုန်းခိုနေကြသော အကျဉ်းသားမြောက်များစွာသည် ကောင်းကင်နှင့်မြေကြီး၏ ထူးဆန်းသော အပြောင်းအလဲကို သတိပြုမိကြသည်။
ဒါက ဘာဖြစ်နေတာလဲ သူတို့ အကုန်နားလည်ပါသည်။
တစ်စုံတစ်ယောက်ကတော့ အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေအတွင်း အဆင့်တက်ရန် ကြိုးပမ်းနေလေပြီ။
ထိုဖြစ်ရပ်က အကျဉ်းသားမြောက်မြားစွာကို နှိုးဆွပေးလိုက်သလိုပင်ဖြစ်သည်။
သူတို့က နည်းနည်းလေးမှ တုံ့ဆိုင်းမနေခဲ့ပါ။
အားလုံး ရှီယန်ရှိရာဘက်သို့ ဦးတည်ရွေ့လျားလာကြတော့သည်။
မည်သို့ပင်ဖြစ်နေပါစေ သိုင်းသမားတစ်ယောက်၏ အဆင့်ချိုးဖျက်မှုသည် အနှောက်အယှက် မကြုံသင့်ပါ။
အထူးသဖြင့် ကြီးမားသော အဆင့်သို့ တက်လှမ်းခြင်းမျိုးတွင်ဖြစ်သည်။
ထိုသို့သော အဆင့်ချိုးဖျက်ခြင်းသည် လုံခြုံလျှို့ဝှက်စွာ လုပ်ဆောင်ရန် လိုအပ်သည်။
အားကောင်းသော သိုင်းသမားများကို အစောင့်အဖြစ်ထားရှိရန်ပင် လိုအပ်သည်။
ထိုအချိန်တွင် သူတို့ အတိုက်ခိုက်ခံရပါက သေခြင်းသည် ပုံမှန်ဖြစ်စဉ်သာဖြစ်သည်။
ယခု ရှီယန်က အစစ်အမှန်နတ်ဘုရားအဆင့်မှ နတ်ဘုရင်အဆင့်သို့ တက်မည်ဖြစ်သောကြောင့် ကွဲပြားခြားနားသော လိုအပ်ချက်များရှိသည်။
သူက ကောင်းကင်နှင့်မြေကြီး၏ သဘာ၀စွမ်းအင်များကို လုံလောက်အောင် စုစည်းရမည်ဖြစ်ပြီး ဒါက မြန်မြန်ဆန်ဆန် ပြီးသွားမည့် အရာမဟုတ်ပါ။
ထိုအချိန်တွင် သူ အနှောက်ယှက်ခံရပါက ရန်သူများကို ပြန်လှန်တိုက်ခိုက်ရန် စွမ်းအင်ဖော်ထုတ်နိုင်မည်မဟုတ်ချေ။ သူက အဆင့်ချိုးဖျက်ခြင်း ကျင့်စဉ်တွင် အပြည့်အ၀ စိတ်နှလုံး နှစ်မြှုပ်ထားရန် လိုအပ်သည်။
ယခုလို ရန်သူ အများအပြား ရှိနေချိန်မျိုးတွင် လုပ်ဆောင်ခဲ့သောကြောင့် ယခု သူအဝိုင်းခံနေရပြီဖြစ်သည်။
ဤဖြစ်စဉ်ကို အာရုံခံစားမိသော အကျဉ်းသား အားလုံးက သူ့ကို သတ်ဖြတ်ရန် စုရုံးလာကြပြီဖြစ်သည်။
မကြာမီ ရက်စက်ကြမ်းကြုတ်သော လူဆိုးများ တစ်ယောက်ပြီးတစ်ယောက် ရှီယန်၏ ကျောက်ဂူ၀သို့ ရောက်ရှိလာကြသည်။
ခနချင်းပင် နတ်ဘုရင် ဒုတိယအဆင့် အများစု ပါ၀င်သော လူဆယ်ယောက်ခန့် ဂူ၀သို့ ရောက်နေပြီးဖြစ်၏။
“ဟားဟား….လူတိုင်းဟာ သူ့ကြမ္မာနဲ့ သူပဲ။ အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေရဲ့ အန္တရာယ်ကို သတိမမူပဲ ဒီလို စွန့်စားဖို့ ဆုံးဖြတ်ရဲတယ်။ ဟားဟား”
အိုကူဒိုက ပြန်လည် ရွှင်လန်းလာပြီဖြစ်သည်။
သူ့နှလုံးသားကို ကျောက်တုံးကြီးဖိစီးနေသလိုမျိုး ခံစားချက်မရှိတော့ချေ။ ယခု သူက ပြုံးရယ်နိုင်လာပြီဖြစ်သည်။
ရိုချက်စတာ၊ခါသေ့နှင့် တုတျန်းလီတို့သည်လည်း တည်ကြည်လေးနက်သွားကြသည်။
သူတို့က မျက်မှောင်ကြုတ်ကာ သက်ပြင်းသာ တွင်တွင်ချမိတော့သည်။
ရှီယန် မဆင်မခြင် စွန့်စားလေခြင်းဟုသာ။
သူ၏ အပြုအမူက ပတ်၀န်းကျင်ရှိ လူဆိုးများကို ဆွဲဆောင်မိလိမ့်မည်ဟု မတွေးမိခြင်းလေလား…။
အေးတိအေးစက် လီအိုနာသည်ပင် ထိန်းချုပ်မရလောက်အောင် စိုးရိမ်ပူပန်နေပြီဖြစ်သည်။
သူမက စိတ်ထဲတွင်သာ ဆဲဆိုကြိမ်းမောင်းမိတော့သည်။
ရှီယန်သည် သွေးကြီးလေခြင်း…။
သူက သုံးလလောက် ကျင်လည်လာပြီးမှတော့ ဤနယ်မြေ၏ သဘောသဘာ၀ကို နားမလည်စရာမရှိပါ။
သို့သော် သူက ဒီလို မကောင်းဆိုးဝါးတွေကြားထဲမှာပင် အဆင့်တက်ရန် စဉ်းစားခဲ့သည်။
သူမ စိုးရိမ်ပူပန်နေသည်က သက်ရှိကြယ်တစ်လုံး ပေးရမည့်ကိစ္စကြောင့်မဟုတ်ပါ။
ရှီယန်၏ ဘ၀သည် သူမ၏ လျှို့ဝှက်ချက်နှင့် ဆက်စပ်နေပြီး သူမ၏ အနာဂါတ်ကိုပင် အကျိုးသက်ရောက်မှုရှိသည်။
သူမက အလျှင်မလိုခဲ့သော်လည်း ယခုလိုမျိုးဖြစ်လာမည်ဟု လုံး၀ မတွေးမိခဲ့ခြင်းဖြစ်သည်။
ရှီယန် အဆင့်ချိုးဖျက်တက်လှမ်းနေခြင်း လမ်းခုလတ်တွင် အကျဉ်းသားများ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံရတော့မည်လော…။
----- ----- ----- ----- ----- ------ ----- ------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Onde histórias criam vida. Descubra agora