အပိုင်း-၅၇(အပိုင္း-၅၇)

4.7K 82 0
                                    

#Unicode
🚪'ကျွီ'

"သမီးရေ... မာမီတို့တော့ဒုက္ခများပြီ... သမီးဒယ်ဒီ... သမီးဒယ်ဒီကိုအခုဖမ်းသွားကြပြီ...  ဘယ်လိုလုပ်ကြမလဲသမီး?... မာမီတို့ဘယ်လိုလုပ်ကြမလဲ?..."

"....................................."

"သမီးရေ... နွယ်.... မာမီပြောနေတာကြားလား?... သမီးတစ်ခုခုပြန်ပြောပါအုံး... ညည်းကိုယ်ညည်းထိန်းပါအုံး"

အမေဖြစ်သူကဘယ်လောက်ပဲတွန်းထိုးခေါ်နေပါစေ... ဘယ်လောက်ထိငိုကြွေးမြည်တမ်းနေပါစေ နွယ်တစ်ယောက်ကတော့တုတ်တုတ်မျှလှုပ်မလာခဲ့ပါ... သူမအမေပြောသမျှဟာသူမနဲ့ဘာမှမဆိုင်သလို သူမကိစ္စမဟုတ်သလိုမျိုး အိပ်ခန်းပြတင်းပေါက်နားမှာထိုင်ပြီး အပြင်ဘက်ကိုငေးမြဲငေးနေဆဲ...

"သမီးရယ်... မာမီ့ကိုတစ်ခုခုပြန်ပြောပါအုံး... မာမီတို့အခုဒုက္ခရောက်တော့မယ်... ကြားရဲ့လား?... ကြားရဲ့လားလို့?... မာမီ့အမှားတွေပါ... သမီးဒယ်ဒီအခုလိုဖြစ်ရတာလည်းမာမီမထိန်းသိမ်းနိုင်ခဲ့လို့... သမီးလေးအခုလိုဖြစ်ရတာလည်းမာမီမစောင့်ရှောက်နိုင်ခဲ့လို့... မာမီ့ကြောင့်ပါ"

ကျောက်ရုပ်တစ်ရုပ်လိုဖြစ်နေတဲ့နွယ့်ဘေးမှာအရုပ်ကြိုးပြတ်ထိုင်ချလိုက်တဲ့ ဒေါ်ခက်ခက်ဆူးရဲ့ပုံစံက အဖြစ်မှန်တွေကိုမသိတဲ့လူတွေအတွက်တော့တတကယ့်ကိုရင်နင့်စရာပါပဲ... ဒါပေမယ့်တကယ်က ဒါတွေဟာ သူတို့မိသားစုရဲ့လောဘတွေကြောင့်ဖြစ်လာတဲ့အကျိုးဆက်တွေပဲမဟုတ်လား?.. အခုတော့ဒီအကျိုးဆက်တွေကိုပြန်ပေးဆပ်ရုံကလွဲလို့ဘာရှိအုံးမှာလဲ...

🚪'ဒေါက်' 'ဒေါက်' 'ဒေါက်'

တံခါးခေါက်သံကြောင့် သမီးဖြစ်သူဘေးမှာငိုကြွေးနေတဲ့ဒေါ်ခက်ခက်ဆူး မျက်ရည်တွေကိုကမန်းကတမ်းသုတ်လိုက်သည်

"ဝင်ခဲ့"

🚪'ကျွီ'

"အန်တီ... အောက်မှာဧည့်သည်တွေရောက်နေပါတယ်... မမလေးနွယ်ကိုလာတွေ့တာပါတဲ့...  ဦးမင်းစက်မာန်လွှတ်လိုက်တာလို့ပြောပါတယ်"

ဒေါ်ခက်ခက်ဆူးတောင်ဘာမှပြန်မဖြေရသေး... ခုနကအချိန်ထိကျောက်ချထားသလိုငြိမ်နေတဲ့နွယ်ကနေရာမှထကာ အခန်းအပြင်ကိုချက်ချင်းထွက်သွားသည်

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now