အပိုင်း-၅၅(အပိုင္း-၅၅)

5.7K 109 0
                                    

#Unicode
"ရွယ်... စားလေ... သားကကိုယ်တို့နားကထွက်မသွားတော့ပါဘူးကွာ... အခုကစပြီးရွယ့်အနားမှာအမြဲရှိနေတော့မှာဆိုတော့နောက်မှသားမျက်နှာကိုအဝကြည့်... အဓိက က ရွယ်နေကောင်းဖို့ပဲ... ဟုတ်ပြီလား?"

ထမင်းစားပွဲမှာသားအမိ သားအဖသုံးယောက်လုံးထိုင်နေပေမယ့် ကိုယ့်ရှေ့မှာရှိတဲ့ထမင်းပန်းကန်ကိုအခုထိသေချာမထိနိုင်သေးပါ... မေမေသည် သူဒီအိမ်ကိုစရောက်ကတည်းက အခုချိန်ထိသူ့ကိုပဲအရိပ်တကြည့်ကြည့်နဲ့ကြည့်နေသည်... ဖေဖေကတော့ ဘုန်းငယ်တို့သားအမိနှစ်ယောက်ရဲ့ပုံစံလေးကိုကြည့်ပြီးကျေနပ်နေပုံရသည်...

အခုလည်း ထမင်းဝိုင်းမှာထိုင်ပြီးဘုန်းငယ်ကိုပဲတစိမ့်စိမ့်ကြည့်ရင်း အစားအသောက်တွေတောင်သေချာမစားနိုင်တဲ့မေမေ့ကို ဖေဖေက ခွန့်မကျွေးရုံတမယ်ချော့ပြောနေသည်... မေမေ့ကိုကြည့်လိုက်တိုင်း ဖေဖေ့အမူအယာတွေကနူးညံ့နေသလို မေမေနဲ့ပတ်သက်ရင်အသေးအမွှားလေးကအစ တယုတယနဲ့ဂရုစိုက်နေပုံတွေက ဘုန်းငယ်တစ်ခါမှမမြင်ခဲ့ဖူးတဲ့ဖေဖေ့ရဲ့ပုံစံတစ်ခုလို့ပြောရမည်...

စံအိမ်မှာတုန်းက အမြဲတစေမိသားစုလက်ဆုံစားတိုင်း တိတ်ဆိတ်စွာစားတတ်ပြီး စောစီးစွာထထွက်သွားတတ်တဲ့ဖေဖေက အခုဘုန်းငယ်ရှေ့မှာတင် မေမေ့ကိုတတွတ်တွတ်ပြောရင်း သူ့ကိုယ်သူတောင်ဂရုမစိုက်နိုင်လောက်အောင်ဖြစ်နေတာမြင်ရတော့ ဘုန်းငယ်ရင်ထဲမှာကြည်နူးမိသလို တစ်စုံတစ်ယောက်ကိုပြန်သတိရမိလို့ ရင်ထဲမှာစူးနင့်နေအောင် နာကျင်လာရသည်...

တကယ်ဆို အရင်က ဖေဖေ့ကိုအခုလောက်မဟုတ်ရင်တောင် နည်းနည်းလေးပဲဖြစ်ဖြစ် သူမအပေါ်မှာဂရုစိုက်လာပေးဖို့ကိုတောင် ဘုန်းငယ်အသေအလဲတောင့်တခဲ့ရတာ... ဘယ်အချိန်ပဲဖြစ်ဖြစ် သူမနဲ့ပတ်သက်လာရင် သူ့ဘာသာတသီးတခြားနေတတ်တဲ့ဖေဖေ့ကို သူမဘက်နည်းနည်းလောက်လေးလှည့်ကြည့်လာဖို့အတွက်နေ့တိုင်းနည်းပါးသူကြံစည်နေခဲ့ရတာ...

ဖေဖေ့ဆီကဥပေက္ခာတွေကိုမြင်ရတိုင်း သူမအတွက်မကျေမချမ်းဖြစ်ခဲ့ရသလို အဲ့အတွက်ပဲ သူမကိုဘုန်းငယ်ပိုပိုသနားခဲ့မိတာ... သူမတို့သားအမိပြောတဲ့စကားတွေကိုနားထောင်ပြီး မေမေ့ကိုတောင် ဘယ်သူမှန်းမသိပဲ တစ်သက်လုံးနီးပါးမုန်းတီးလာခဲ့မိတာ... အခု ဒါတွေကိုပြန်တွေးမိတော့ ဘုန်းငယ် အသက်ရှုမဝတော့အောင်ခံရခက်မိသည်

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Opowieści tętniące życiem. Odkryj je teraz