သူတို့တွေ တစ်နာရီကျော်ကျော်သင်္ဘောစီးခဲ့ကြပြီးနောက် ဇီးဖြူကုန်းရေတံခါးသို့ရောက်လာကြသည်။
"ငုံးဥတွေရမယ် ! ငုံးဥတွေ "
"ပြောင်းဖူးပြုတ်ပူပူလေးနော်"
ရေထိန်းတံတားပေါ်မှ ပျံကျဈေးသည်တို့ရဲ့အော်သံကြောင့် နွယ်နီ သင်္ဘောဝမ်းထဲမှထွက်လာကာ ငုံးဥသုံးထုပ်လောက်ဝယ်လိုက်၏။
သူ့အဖေနှင့်လူကြီးတချို့ကတော့ လက်ဖက်ရည်ဆိုင်ထဲဝင်၍ လက်ဖက်ရည်သောက်ကာ စကားစမြည်သွားပြောနေသည်။လှိုင်းသင်္ဘောပေါ်တွင်တော့ သူနှင့်ကြည်သာတို့ပဲ ကျန်နေခဲ့သည်။ကြည်သာတို့ကတော့ စပါကလင်တစ်ပုလင်းသွားဝယ်၍ ဝိုင်းဖွဲ့ကာ သောက်နေသည်။
တစ်ပုလင်းကို လူသုံးလေးယောက်ဝိုင်းသောက်နေကြ၍ ဒါက အရက်နှင့်ရောထားမှန်း နွယ်နီသိလိုက်သည်။ထို့ကြောင့် ပျင်းပျင်းရိရိနှင့်စကားသွားပြောမည့်အစီအစဥ်ကို လက်လွှတ်လိုက်ချေ၏။မကြာခင် ရေတံခါးဖွင့်ပေးလာတော့ လူကြီးတွေလည်း ပြန်တက်လာကြသည်။ဆက်လက်မောင်းနှင်၍ တွံတေးတစ်ဖက်ကမ်းသို့ ဆိုက်ကပ်လိုက်သည်။
ကြည်သာတို့မှာ လူငယ်တွေဖြစ်သည့်အပြင် ကားစီးရတော့မည်ကို တွေး၍ အလွန့်အလွန်တက်ကြွနေကြသည်။သင်္ဘောပေါ်မှ ခပ်သုတ်သုတ်ဆင်း၍ ကူးတို့ဆိပ်၌ ဟိုကြည့်သည်ကြည့်နှင့် အထာပြနေလေ၏။တစ်ချက်တချက် တွံတေးတူးမြောင်းထဲသို့ ကွမ်းတံတွေးလှမ်းထွေးကြသည်ကို နွယ်နီတွေ့လိုက်ရာ နှာခေါင်းရှုံ့မိသည်။
"ကဲ...သွားရအောင်"
ဦးသာဘက ဦးဆောင်၍ သူတို့ကို ကားဂိတ်သို့ခေါ်ဆောင်သွားသည်။ကူးတို့ဆိပ်အလွန် ကားလမ်းမဘေး၌ ဝန်ထမ်းအကြိုအပို့ကားကို သူတို့မြင်လိုက်သည်။ကားဘေးတွင် သူတို့မသိသည့် လူတွေလည်းရှိသည်။
"ငါတို့စီးရမှာ ဒီကားပဲ "
ဦးသာဘက ပြောလာသည်။သူတို့ကျွဲသကုန်းရွာက လိုက်ပါလာသူစုစုပေါင်းမှာ ဆယ်ယောက်ကျော်အယောက်နှစ်ဆယ်နီးပါးရှိသည်။
"ကဲ ...တစ်ခုခုစားချင်သပါ့ဆိုလည်း သွားဝယ်စားကြဦး ။ လူမစုံသေးဘူးတဲ့ "