တရွေ့ရွေ့ကုန်ဆုံးသွားတဲ့အချိန်တွေကို အစားထိုးပြန်မရပေမဲ့ အချိန်တွေကတော့ ရှေ့ဆက်လည်ပတ်နေဆဲပင် ။ တဖြည်းဖြည်းနှင့် ကျွဲသကုန်းရွာလေး၏ အ.မ.က မူလတန်းကျောင်းစုံညီပွဲတော်နေ့သို့ပင် ရောက်ရှိလာချေပြီ ။ ရှေးကနဦးအနေဖြင့် မိန့်ခွန်းမှာတမ်းခြွေပြီးသော အတန်းအဆင့်ဆုတွေကို ပေးအပ်ချီးမြှင့်သွားသည် ။ ထို့နောက်တွင် ဖျော်ဖြေရေး အစီအစဉ်များကို ထည့်သွင်းကျင်းပထားသဖြင့် တေးသရုပ်ဖော်နေကြသော ကလေးများမှာ စင်ပေါ်တွင် စည်းနှင့်ဝါးနှင့် ။
အဖြူအစိမ်းဝတ်စုံအပြည့်ဖြင့် မိုးသောက်သည် ထိုင်ခုံတစ်နေရာတွင် စင်ပေါ်သို့ ငေးမောကြည့်ရင်း ပြုံးပျော်နေသည် ။ သူ့အနောက်တွင် ဖိတ်ခေါ်ထားသဖြင့် ကရောက်ချီးမြှင့်ပေးမည့် ဒုံးယိမ်းအဖွဲ့သားများမှာ စင်ပေါ်ရှိ ဦးရွှေရိုးနှင့်ဒေါ်မိုးကို သရုပ်ဖော်နေသော ကလေးနှစ်ယောက်ကိုကြည့်က၍ပွဲကျနေ၏ ။
သူမတူစွာ ငြိမ်ချက်သားကောင်းနေသည့် ကြည်သာမှာတော့ သူ့ရှေ့ရှိ လည်တိုင်ကြော့ကြော့ပေါ်က ဆံသားနုနုလေးများကို လက်ဖြင့်ပွတ်သပ်ချင်စိတ်ကို မနည်းမျိုသိပ်နေရသည် ။
ကလေးအစီအစဉ်များပြီးတော့ သူတို့အလှည့်သို့ကျရောက်လာ၏ ။
ဒုံးယိမ်းအဖွဲ့သားများထရပ်၍ ကျောင်းအလံတိုင်ရှေ့ရှိ မြေကွက်လပ်သို့ နေရာသွားယူလိုက်ကြသည် ။အချိန်သည်ကား မနက်ခင်းပင်ဖြစ်လင့်ကစား ကိုယ်လက်ခြေတို့ကို လှုပ်ရှားကလိုက်ရသဖြင့် သီချင်းဆုံးသွားသော် ကြည်သာတို့ ချွေးစို့သွားကြသည် ။
သူက အပေါ်ဝတ်ရုံ ရိုးရာကရင်အင်္ကျီကိုချွတ်၍ အောက်ခံအင်္ကျီအဖြူလက်ရှည်နှင့်သာ လေညင်းခံနေတော့သည် ။ ကျန်လူများမှာ ကလိုက်ရ၍ ဗိုက်ဟာသွားသည်ဖြစ်ရာ ဒုတိယမ္မပိအနေဖြင့် ကြက်သားဆန်ပြုတ်ကျွေးသည့်အခန်းထဲသို့ ဝင်သွားကြသည် ။ ကြည်သာ ဟိုကြည်သည်ကြည့်နှင့် ကျောင်းအုပ်နှင့်စကားပြောလာသော မိုးသောက်ကို တွေ့လိုက်ရသည် ။
မိုးသောက်က သူ့ကိုမြင်သွား၏ ။
"အစ်ကို ဆန်ပြုတ်သွားမသောက်ဘူးလား"