နောက်နေ့တွင်လည်း အလုပ်ဆင်း၍ရေချိုးပြီးသည့်နောက် ခြေလှမ်းတွေဟာ ထိုလူ့ဆီသို့သာ ။ ဒီနေ့တော့ သူ့ကိုအိမ်ရှေ့တွင်ထိုင်၍ စောင့်နေလေကာ အဝတ်အစားတို့က သန့်သန့်ပြန့်ပြန့်ဖြစ်လို့နေသည်။ဘေးတွင် သက်ထားကလည်း ထိုင်နေပြီး မောင်နှမနှစ်ယောက်က စကားတပြောပြော ။ သူ့ကို မြင်တော့ အစ်မသက်ထားမှာ ပြုံးပြလာသည်။" ကိုကြီးကမျှော်နေတာ "
သူက ဆီးကြို၍ပြောတော့ ကြည်သာ ချောင်းတစ်ချက်ဟန့်လိုက်သည် ။သက်ထား ခပ်ပြုံးပြုံးဖြင့်
" အစ်မ လုပ်စရာတွေရှိသေးလို့သွားလိုက်ဦးမယ် "
" ဟုတ် "
မိုးသောက်က မထိုင် ။
" ကျွန်တော်တို့တစ်ခုခုသွားစားကြမလား ၊ ဒီနေ့ ကျွန်တော်ဝယ်ကျွေးမယ်လေ ။ ဒီနားမှာ အရသာကောင်းတဲ့ဆိုင်တွေရှိတယ် ။ "
ကြည်သာ ခေါင်းညိတ်ပြီးထရပ်လိုက်သည် ။
" သွားမယ်လေ "
ယင်းနောက်တွင် နှစ်ယောက်သား လမ်းမကြီးပေါ် တဖန်ထပ်ရောက်လာကြပြန်၏ ။
" ဒီနေ့ ပိုပူတယ်နော် "
ညနေခင်းရောက်နေသည့်တိုင် အပူရှိန်ကတရိပ်ရိပ် ။
" ဟိုဘက်လမ်းကိုကူးရမှာ "
မိုးသောက်က ပြောပြီး လူကူးမျဉ်ကျားထိပ်၌ရပ်လိုက်သည် ။ ကြည်သာကလည်း သူ့ဘေးတွင်ရပ်၍ ဟိုငေးသည်ငေး ။ ခဏအကြာတွင် မီးစိမ်းသွား၍ သူတို့တွေ လမ်းကိုဖြတ်ကူးခဲ့ကြသည် ။
" မနက်ဖြန် ရုပ်ရှင်ကြည့်မလား ၊ မနက်ဖြန် ကျွန်တော်အားတယ် "
လမ်းလျှောက်နေရင်း မိုးသောက်က ပြောသည် ။
" သက်ထားကိုပါ ခေါ်လာလို့ရလား ၊ သူက ရုပ်ရှင်ကြည့်ချင်တယ်ပူဆာနေတာ "
" ရတာပေါ့ ၊ အစ်မခင်ထားလည်း လိုက်ချင်လိုက်မှာပဲ ။ ကျွန်တော်တို့အတူတူသွားကြည့်ကြတာပေါ့ "
ကြည်သာက ပြုံးသွားသည် ။ ခြေလှမ်းခုနစ်ဆယ်လောက်မှာတော့ မိုးသောက်က လမ်းကြားလေးထဲ ဝင်လိုက်သည် ။ လမ်းလေးထဲတွင် လမ်းဘေးမုန့်ဟင်းခါးဆိုင်တွေက နှစ်ဆိုင်သုံးဆိုင်လောက်ရှိနေသည် ။လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကလည်း လမ်းထိပ်တွင်နေရာယူထားကာ အနည်းငယ်တော့ ဆူညံလျက်ရှိသည် ။ မုန့်ဟင်းရည်အနံ့မွှေးမွှေးကို ရတော့ ကြည်သာလည်း ဗိုက်ဆာလာ၏ ။