နောက်တစ်ရက် တနင်္ဂနွေတွင်တော့ ဒေါ်ပိန်သေးတို့သားအမိနှင့်ဆွေမျိုးပေါင်းစပ်တို့ တွံတေးတက်ပြီး အဝတ်အစားအတွက်ရှာဖွေဝယ်ကြသည်။ အကျွေးအမွေးအတွက်လည်း ကုန်စိမ်းကုန်ခြောက်မျိုးစုံဝယ်၍ ပြန်ခါနီး
မင်္ဂလာဖိတ်စာကိုလည်း သွားပြေးယူကြရသေးသည် ။အိမ်ပြန်ရောက်လျှင် ပစ္စည်းများကို ချပြီး ကြည့်တော့ အိမ်တစ်ဝက်နီးပါး။မင်္ဂလာဆောင်တစ်ပွဲအတွက်မလွယ်ပါလားဆိုတာ ဒေါ်ပိန်သေး ကိုမြသာကိုယူစဉ်က မသိခဲ့ဘူး ။ မသိခဲ့ဆို အဲ့တုန်းက ကိုမြသာတို့သာ အားလုံးလုပ်ခဲ့ရတာလေ ။ အခုတော့ သားဖြစ်သူရဲ့ မင်္ဂလာဆောင် ။ နောက်ထပ် သားသုံးယောက်ကျန်သေးတယ် ။ အမယ်လေး ! တွေးရုံနဲ့ရင်ဆို့တယ် ။
" သက်ထားရေ အမေ့ကိုရေတစ်ခွက်လောက် "
သက်ထားက မြေအိုးထဲကသောက်ရေတစ်ခွက်ခပ်ပြီး ယူလာပေးသည်။
" ဘာတွေကျန်သေးလဲ ပြန်စစ်ရဦးမလား "
" အေး ! စစ်ရဦးမယ် ၊ လှိုင်းသင်္ဘောပေါ်မှာ သူများထဲပါသွားမှ "
ဒေါ်ပိန်သေး ကုန်းရုံးထပြီး ဝယ်လာသည့်ပစ္စည်းတွေ တစ်ခုချင်းစာရင်းတိုက်စစ်တော့သည် ။ ဘာမှမပျောက်လေမှ သက်မမောချ၍
" ညည်းအစ်ကိုတွေကော "
ဟု သက်ထားကိုမေးရာ
" အကုန် လယ်ထဲသွားတယ် "
" ထမင်း ၊ ဟင်းကကော "
" လာမပို့နဲ့တဲ့ ၊ ဘေးကတဲတွေမှာပဲ ဝင်စားလိုက်မယ်ပြောတာပဲ "
သက်ထားက သူ့အတွက်ချုပ်မဲ့ပိတ်စကို တဖန်ကောက်ယူကြည့်သည် ။အရောင်က အဝါရောင် ၊ သူ့အသားအရေနှင့်က ဝါဝင်ဝါထွက်လိုဖြစ်နေ၏ ။ နဂိုအသားအရည်က ညိုညိုမို့ အဝါရောင်နဲ့ဟပ်နေသည် ။ သတို့သားကောသတို့သမီးကောက အဝါရောင်ဆိုတော့လည်း သူတို့လည်း ဝါရတော့သည်ပေါ့ ။ မင်္ဂလာဆောင်နေ့မှ တစ်ကိုယ်လုံးကို ထုံးလူးဦးမည် ။
" ဪ ! အမေ အလှပြင်ဖို့ ဘယ်သူ့ကိုခေါ်မှာလဲ "
အဓိက , အရာကို သက်ထားမေ့တော့မလို့ ။ဒေါ်ပိန်သေးက ဝယ်လာသည့်လိမ္မော်သီးအိတ်ထဲကနေ တစ်လုံးနှိုက်၍ အခွံခွာနေရင်း ပြန်ဖြေသည် ။
