"ဟို နားမှာသွားပေါက်လေ"
ကြည်သာက ချူံပုတ်တစ်ခုကိုလက်ညိုးထိုးပြသည်။မိုးသောက် မတ်တပ်ထရပ်ကာ ယိုင်တိုင်တိုင်ဖြင့်ထိုနေရာသို့လျှောက်သွားလေ၏။
"လမ်းလျှောက်တာတောင်မဟန်တော့ဘူး ။ ပြန်ရင် ဂုတ်ပေါ်တင်သွားရမယ်ထင်တယ် "
မင်းမောင်က ကြွက်ပေါင်ကိုဖဲ့ရင်းဆို၏။
"တင်နွေတို့တော့ မျက်ဖြူလန်တော့မှာပဲ ဟား ဟ"
မိုးသောက်က သေးပေါက်ပြီး၍ကွပ်ပျစ်ဆီသို့ပြန်လာ၏။သူက ခေါင်းကိုဘယ်ညာ ခပ်ဆတ်ဆတ်ရမ်းလိုက်သည်။
"ခေါင်းတွေအုံခဲနေတာပဲ"
"မင်း မသောက်နဲ့တော့ ! မဟုတ်ရင် ဒီမှာတင်မှောက်သွားလိမ့်မယ်"
ကြည်သာက မိုးသောက်ရှေ့မှဗူးနှင့်အိုးတွေကိုသူ့ဘက်ပြန်ရွေ့သည်။အမြည်းလောက်သာ နှိုက်စားနိုင်ရန် ချန်ထားပေးခဲ့၏။
"မှောက်စရာလားဗျ ။ မှောက်ရအောင်ကျွန်တော်မှမမူးသေးတာ။အခုမှ လေးခွက်လောက်ပဲသောက်ရသေးတာ ။ အာတောင်မစိုသေးဘူး ။ ပြန်ပေးဗျာ "
လေးခွက်သောက်ပြီး မမူးသေးပါဟုငြင်းဆန်ဆန်ကာ ထပ်သောက်ချင်နေသေးသည့် ခရမ်းချဥ်သီးလူသားလေးကို ကြည်သာ လက်ခလယ်ဖြင့် နဖူးကိုလှမ်းတောက်လိုက်သည်။အားက အတန်ငယ်ပါသွားတာကြောင့် မိုးသောက်မျက်နှာမှာ ရှုံ့မဲ့သွားလေ၏။သူက နာနာကျင်ကျင်ပြောလာသည်။
"အသည်းနာတာဘာမှမဖြစ်ဘူးနော် ၊ အေ့ အသားနာရင်လုံးဝမကြိုက်ဘူး"
"ကျွန်တော့်အသားကို လုံးဝလာမထိနဲ့ ။ အကုန် မီးပွင့်သွားမယ် "
"ဟား ဟား ငါဆက်မသောက်နိုင်တော့ဘူး ။ တောသွားတိုးဦးမယ် "
ဝက်ကြီးက သောက်နေစဥ်တလျှောက်လုံးကို ရယ်နေခဲ့တာဖြစ်သည်။ကြည်သာက မေးလိုက်သည်။
"ဘယ်သူတွေက မီးပွင့်မှာလဲ"
"ခင်ဗျားလေ"
"ခင်ဗျားပဲ ကျွန်တော့်အသားနာအောင်လုပ်တာမှလား"
အစ်ကိုကြည်သာတောင်မဟုတ်တော့ပါလား ။ မိုးသောက်က ဝမ်းတွင်းလူမိုက်လေးပဲ ! ယမကာလေးမူးရစ်ရီဝေလာမှ သွေးဆူပြီး အပြိုင်းအရိုင်းလူမိုက်လေးဖြစ်လာတာ။သူ့ကိုတောင် မီးပွင့်မယ်ဆိုပဲ ဟာ ဟ။ကြည်သာ မိုးသောက်နဖူးကို ထပ်တောက်လိုက်သည်။