မနက်အတွက်နတ်တင်ရန် ကြော်လှော်ချက်ပြုတ်ပြီးနောက် ထွက်လာခဲ့ကြသည်။
"မင်းမောင်တို့ကိုဝင်ခေါ်ရအောင်"
ကြည်သာက ပြောသည်။သူတို့ မိုးသောက်အိမ်ရှေ့ရောက်တော့
"ခဏလေး ! ကျွန်တော်ရေသွားကူးတယ်လို့ သွားပြောဦးမယ် ။ တော်ကြာရှာနေမှာစိုးလို့ "
ကြည်သာက ခေါင်းညိတ်ပြလေ၏။မိုးသောက်အိမ်ထဲ လှစ်ခနဲဝင်ပြေးသွားပြီး သိပ်မကြာခင်ပြန်ထွက်လာသည်။လက်ထဲတွင်လည်း ဘောင်းဘီတစ်ထည်ပါလာ၏။
"သွားရအောင်"
မင်းမောင်နှင့်ဝက်ကြီးတို့မှာ အိမ်ချင်းကပ်လျက်ဖြစ်တာကြောင့် တကူးတကလိုက်ခေါ်စရာမလိုပေ။ဒါပေမဲ့ သူတို့သွားခေါ်ချိန် နှစ်ဦးလုံးကအိမ်တွင်မရှိပေ။တွံတေး သွားသည်ဟုဆိုသည်။
"မင်းနဲ့ငါ နှစ်ယောက်တည်းပေါ့"
ကြည်သာက မိုးသောက်ကိုချောင်းကမ်းဆိပ်သို့မခေါ်သွားဘဲ ရွာပြင်ဘက်သို့ခေါ်သွားသည်။လမ်းလျှောက်နေရင်း ခပ်လှမ်းလှမ်းကနေ အသံတွေကြားလာရ၏။
"အမေကလည်း ရှက်စရာကြီး"
"ဒါကျတော့ ရှက်တယ်ပေါ့ ။ နင် ရန်ဖြစ်တာကျတော့မရှက်ဘူးလား ဟမ် !
မိမဆုံးမဖမဆုံးမလို့ နင်အပြောခံနိုင်သလား ။ အားနေရန်ဖြစ်နေတာ အရည်မရအဖတ်မရ "အမေ ဘာသိလို့လဲ ။ သူများမျက်နှာကိုလက်သီးနဲ့ထိုးရတာ အရသာဗျ။အောင်ဝင်း ထိုစကားကိုစိတ်ထဲ၌သာ တိုးတိုးလေးပြောသည်။အမေသာ ကြားရင် သူ့ကျောပွင့်သွားလိမ့်မယ်။
"အာ့ နာတယ် အမေကလည်း "
ဒေါ်ပိန်သေး သူ့သားနားရွက်ကိုအားထည့်၍ပိုလိမ်လိုက်သည်။သူ့လက်ထဲတွင် အောင်ဝင်းက ထွန့်ထွန့်လူးနေ၏။
"နာထားဦး ! ခဏနေရင် နင်ဖင်ပြောင်နဲ့ရွာထဲပတ်ရမယ် "
အောင်ဝင်း မျက်နှာမည်းသွားကာ အမေ့လက်ထဲမှထွက်ပြေးချင်သွားသည်။ပြေးလို့မလွတ်မှန်းသိ၍ အနာခံနေလိုက်ရင်း မျက်ရည်ပင် ဝဲတော့မတတ်။
ရွာထဲအဝင်မှာတော့ သူတို့ကိုရပ်ကြည့်နေတဲ့ အစ်ကိုကြည်သာကိုတွေ့လိုက်ရာ အကူအညီလှမ်းတောင်းရန်အော်ခေါ်သည်။