ရန်ကုန်မြို့ပေါ်၌ ပထမဆုံးနှိုးထလာရသည့်မနက်ခင်းတွင် ဦးသာဘ၏ သတင်းစကားကြောင့် သူတို့ပျော်သွားသည်။ရွှေတိဂုံဘုရားနှင့်တိရိစ္ဆာန်ဥယျာဥ်လိုက်ပို့ပေးမည်တဲ့လေ။
"ဟေ့ကောင် ! ငါ့ကိုဘောင်းဘီလေးငှားစမ်းပါကွာ ။ ငါ့မှာ ပုဆိုးတွေပဲပါလာလို့ ။ "
မင်းမောင်က ဝက်ကြီးကိုလှမ်းပြောသည်။
"ငါ့မှာလည်းတစ်ထည်ပဲပါတာဟ ! ကြည်သာကိုမေးကြည့် "
မင်းမောင်၏ဦးတည်ရာမှာ ကြည်သာထံရောက်သွား၏။သူတို့ပြောနေသည်ကို ကြည်သာလည်းကြားသည်။ဒါကြောင့် မင်းမောင်မပြောခင် ဂျင်းန်းအပြာတစ်ထည်ကို ပစ်ပေးလိုက်သည်။
"ဖြေးဖြေးပစ်ပါဟ "
မင်းမောင်နှင့်ဝက်ကြီး ပြင်ဆင်ပြီးသည့်တိုင် ကြည်သာမှာ တစ်ထည်ပြီးတစ်ထည် ဝတ်လိုက်ချွတ်လိုက်ဖြင့် စိတ်တိုင်းမကျသေး။
အရင်က ဝတ်ခဲ့သမျှတွေက အခုမှဘာလို့စိတ်တိုင်းမကျဘဲ ကြည့်မကောင်းနေလည်း သူမသိတော့ဘူး။စိတ်ပေါက်ပေါက်နှင့်အမေချုပ်ပေး
သည့်အင်္ကျီကိုပုဆိုးနှင့်သာတွဲဖက်ဝတ်လိုက်တော့သည်။"နောက်ဆုံးတော့လည်း ဒါပဲဟာကို ! အချိန်ကြာတာပဲအဖတ်တင်တယ် ။အယ် မိုးသောက်မိုက်လှချေလားဟ ။ မှန်းစမ်း ! မင်းအင်္ကျီအသားက တကယ်ကောင်းတာပဲ ။ "
မိုးသောက်က အားလုံးပြီးစီး၍ သူတို့ရှေ့လျှောက်လာတော့ ဝက်ကြီးမှာ အားကျစွာနှင့်ပြောလေသည်။မိုးသောက်က မနေတတ်ဟန်ဖြင့် ရှက်ဖြဲဖြဲရယ်ကာ ပြန်ပြောသည်။
"ကိုဝက်ကြီးတို့လည်း ကြည့်ကောင်းနေတာပါပဲဗျာ"
"နေဦး ! အစ်ကို့နာမည်က ရွှေသောင်း ။ လူကြားထဲတော့ ကိုဝက်ကြီးလို့မခေါ်နဲ့ပေါ့ကွာ ဟုတ်လား ! "
"ဟုတ်ကဲ့"
"ကဲ ! မင်းသားလည်း ပြီးပြီဆိုတော့ သွားရအောင် "
မင်းမောင်က ကြည်သာကို အငေါ်တူး၍ရှေ့မှဦးဆုံးသွားသည်။သူတို့အဆောင်ပြင်ရောက်တော့ လာကြိုစဥ်က ဝန်ထမ်းကားကိုတွေ့လိုက်ရာ တက်လိုက်ကြသည်။ကားပေါ်တွင် နွယ်နီက အခန့်သားပင်ထိုင်နေလေ၏။ဦးဘသာကတော့ အရှေ့ဆုံးက ခုံမှာပင်။