ညနေခင်းတစ်ခုတွင် သုံးဆယ်အရွယ်လူလတ်ပိုင်းတစ်ဦးသည် ခြေလှမ်းသုတ်သုတ် သုတ်သုတ်ဖြင့် ခြံတံခါးကိုဝုန်းခနဲတွန်းဖွင့်ပြီး ခြံဝန်းထဲသို့ ဝင်လာလေ၏။ထိုသူသည် အိမ်ထဲရောက်သည်နှင့်လက်ဆွဲအိတ်ကို စားပွဲခုံပေါ်ပစ်တင်ပြီး အော်ခေါ်သည်။
" ဦးကြည်သာ...ဘယ်မလဲ "
ကြည်သာ နောက်ဖေးတံခါး ပတ္တားပြုတ်နေ၍ ပြန်တပ်နေစဉ် မိုးသောက်၏ အော်ခေါ်သံကိုကြားလိုက်ရသည်။အသံအနေအထားမှာဖြင့် ဒေါသတို့စွက်ကဲနေပြီး သူ့ကိုပင် ဦးတပ်ခေါ်လာလေတော့ ဒေါသူပုန်ထလာသည်မှာ တွေးကြည့်စရာပင်မလို။ထို့ကြောင့် လက်မှသစ်သားပြားကိုကိုင်၍ အိမ်ရှေ့သို့ထွက်လာခဲ့သည်။
" ဦးကြည်သာ "
သူ့ကိုမမြင်သေး၍ မိုးသောက်သည် ထပ်မံခေါ်လာပြန်သည်။သူတို့အိမ်သည် ခြံဝန်းကျယ်၍ လူနေအိမ်နှင့်အနည်းငယ်မျှလှမ်း၍ မိုးသောက်ဘယ်လောက်အော်အော် လူသိပ်မကြားပေ။ထိုသည်ကိုအခွင့်ကောင်းယူ၍ အနှီလူသားမှာ စိတ်ဆိုးဒေါသလွန်ကဲလာတိုင်း သူ့နာမည်ကိုအော်ခေါ်၍ ဝုန်းဒိုင်းကြဲတတ်သည်။သူ့ကြောင့်မဟုတ်ဘဲ ဒေါသထွက်လာတိုင်းလည်း သူ့နာမည်ကိုသာ အော်ခေါ်တတ်လေရာ ဘာကြောင့်လဲမေးလျှင် မိမိ၏နာမည်အား သူ့နှုတ်ဖျားမှခေါ်ဆိုချိန်တိုင်း ဒေါသတို့လွင့်စင်သွားလို့ဟူ၍ပြန်ဖြေသည်။သူပဲ စကားကိုအမျိုးမျိုးပြောတတ်သည်။ယခုတော့ဖြင့် ဒေါသတကြီး အော်ဟစ်ခေါ်ဆိုနေသည်မှာ လေသံနည်းနည်းမှလျော့မသွားခဲ့။ဘာများဖြစ်လာခဲ့လို့လဲဟု တွေးရင်း အိမ်ရှေ့သို့ ရောက်သွားသည်။
သူ့ကိုမြင်သည်နှင့် မိုးသောက်သည် စားမတတ်ဝါးမတတ်ကြည့်လာ၏။
" ဘယ်တွေသွားနေလို့ တစ်ခွန်းခေါ်တာနဲ့ရောက်မလာတာလဲလို့ ၊ ဒီမှာ စိတ်တိုလို့သေတော့မယ် "
သူ့ကို မြင်သည်နှင့်လေသံမှာ တစ်ဝက်တိတိကိုလျော့ကျသွားသည်။ထို့နောက် သူ့ထံလျှောက်လာပြီး ပွေ့ဖက်ကာဆိုသည်။
" ခေါ်ရင်လည်း ဘယ်တော့မှမထူးဘူး "
အိမ်ထဲဝင်လာစဉ်က လေသံနှင့်ခြားနားစွာဖြင့် မိုးသောက်၏လေသံမှာ ချိုသာကြည်လင်သွားပေသည်။သူလည်း မိုးသောက်ကိုပြန်လည်ဖက်ထားရင်း မေးလိုက်သည်။