ချောင်းကမ်းဘေးမှ ရွာလေးရွာလောက်ကိုဖြတ်သန်းသွားလာပြီးနောက် ချစ်ရအောင်လှိုင်းသင်္ဘောကြီးဟာ ကျွဲသကုန်းရွာရဲ့ ကမ်းဆိပ်ကိုရောက်ရှိလေပြီဖြစ်တယ်။
ကမ်းဆိပ်မှာ သူတို့ကိုကြိုဆိုနေသူတွေမရှိ၍ မိုးသောက်အံ့သြသွားသည်။
သူများတွေအလျှိုလျှိုဆင်းသွားကြ၍ သူလည်းအိတ်ဆွဲ၍ အောက်ဆင်းလိုက်သည်။သူ့အစ်ကိုက သူဝယ်လာသော မုန့်ထုပ်အိတ်တွေနှင့်တခြားသူ့အသုံးအဆောင်အိတ်ကို ကျောပိုးသယ်ထား၏။သူပြန်ယူ၍ သယ်ပေးချင်ပေမဲ့လက်ခံမည်မဟုတ်မှန်းသိနေ၍ မတောင်းလေတော့။"ဟေး ကြည်သာတို့ပြန်လာပြီဟေ့"
တစ်စုံတစ်ယောက်က အော်ပြောလာ၏။ထိုအသံမှာ တကယ်ကို ရွာဆော်မောင်းလိုပင်။ချက်ခြင်းပဲ ကမ်းဆိပ်မှာလူတွေအုံလာတယ်။
"မင်းတို့ရန်ကုန်မှာ ပျော်ခဲ့ကြလား "
"ပြောပြပါဦး ။ ဘယ်ဘုရားတွေဖူးခဲ့ကြသေးလဲ"
"ရုပ်ရှင်ရုံမှာ ရုပ်ရှင်တွေကြည့်ရသေးလား"
"ရန်ကုန်တိရိစ္ဆာန်ဥယျာဥ်ရောသွားကြလား ။ အဲ့မှာ တိရိစ္ဆာန်တွေစုံလားဟင် "
သင်္ဘောပေါ်မှဆင်းလာသည့် သူတို့ကိုတစ်ယောက်တစ်ပေါက်ဝိုင်းမေးမြန်းကြပေမဲ့ ဘာဆုရလဲ ဘယ်သူမှမမေးကြ။သူတို့အတွက် ဆုကအရေးမပါပေ။
"ဟဲ့ ဖယ်ကြပါဦး ! ငါ့သားချော်လဲကျနေပါဦးမယ် "
စူးရှစွာလွင့်ပျံလာတဲ့ မိန်းမကြီးတစ်ယောက်ရဲ့အသံ။
"ကြီးဒေါ်ပိန်ရယ် ! ကြည်သာက ကျလည်းဘာဖြစ်တုန်း ။ ကျားကိုးစီးစားမကုန်တဲ့ခန္ဓာကိုယ်ကြီးနဲ့ဟာကို ။ အဖြစ်သည်းလိုက်တာ "
တစ်ယောက်က ပြန်အော်သည်။
"ကျားကိုးစီးစားမကုန်လည်း အသွေးအသားနဲ့အေ့ ။ နာတယ်ကျင်တယ် "
ကြည်သာ သက်ပြင်းသာအခါခါချမိသည်။ရပ်တကာ ရန်ပတ်ဖြစ်ပြီး တစ်ပတ်ကိုပတ်တီးငါးခါလောက်ပတ်ရသည့်သူ့ကို အမေက လူကြားထဲအရှက်ခွဲနေသလိုပင်။
"အမယ်လေး ! မတွေ့ရတဲ့သုံးလမှာ ငါ့သားမည်းသည်းသွားတာများ မီးသွေးခဲတုံးအလားပါအေ ။ ဦးသာဘ ! တော် !ကျူပ်သားကို ကောင်းကောင်းမွန်မွန်မထားဘူးလား "