ကနေ့တွင်တော့ အလုပ်အားလပ်ရက်ဖြစ်လေ၏။သို့ရာတွင် နားရက်ဆိုသော်လည်း မျက်ဝန်းတို့မှာ မနက်စောစောတွင်အလိုလိုပွင့်လာသည်။မျက်ဝန်းတို့ကိုပွတ်သပ်ရင်း တစ်ချက်မျှသမ်းကာ အကြောဆန့်လိုက်သည်။ယင်းနောက် အိပ်ယာမှထ၍ အိပ်ယာကိုသိမ်းသည်။သူသာဆို အိပ်ယာသိမ်းမည်မဟုတ် ၊ ခြင်ထောင်အကျတွေကိုအပေါ်တင်ရုံနှင့်ပင် သူ၏အိပ်ယာသိမ်းခြင်းက ပြီးသွားပြီ။သို့သော် အစ်ကိုကြည်သာအတွက်ကတော့ ထိုသို့မဟုတ် ၊ ခြင်ထောင်တင်ပြီး စောင်ခေါက်ကာ ခေါင်းအုံးများကိုစီစီရီရီသိမ်းရမည်ပင်။ပြီးလျှင် အိပ်ယာခင်းအား ဖုန်ခါ၍ နေလှန်းရသည်။ထိုသို့မလုပ်ပါက သူ့အား ဆူသည်မမည်သော ပွစိပွစိလုပ်လာပါလိမ့်မည်။ထိုအခြင်းအရာအား သူနှစ်သက်ပါသော်လည်း သူမလုပ်ပါက အိပ်ယာသိမ်းခြင်းအမှုကို ထိုသူသာ လုပ်ရပေလိမ့်မည်။
ယခုတွင်တော့ မီးဖိုချောင်ထဲ၌ ချက်ပြုတ်နေသည့်အသံကို ကြားနေရသည်။ထမင်းကြော်အနံ့ကိုပင် အခန်းထဲကနေ ရနေ၏။ပေါင်မုန့်ကြက်ဥကြော်ကိုတော့ အစ်ကိုကြည်သာသည် မကြိုက်ပေ။သူ့အတွက်မနက်စာမှာထမင်းကြော် ၊ ထမင်းကြမ်းနှင့်ညကဟင်းအကျန်သို့မဟုတ်ကြက်ဥကြော်သာဖြစ်သည်။
သူ မျက်နှာသစ်ဖို့ထလိုက်သည်နှင့်ခါးအောက်ပိုင်းရှိ ခပ်ယဲ့ယဲ့နာကျင်မှုကိုသတိထားမိသွားသည်။မျက်နှာထက်အပြုံးရေးရေးပေါ်လာပြီး ထရပ်လိုက်၏။တစ်ပတ်တွင်နှစ်ရက်မျှသော ညအခါ၌သာ သူတို့တွေလိင်ကိစ္စစပ်ယှက်ဖြစ်ကြသည်။ကိလေသာကုန်ခမ်းလေပြီလား ထင်ရနိုင်သည့်လူကတော့ ဤသို့ရက်များတွင်တော့ ရှိသမျှသော ၊ မျိုသိပ်ထားသမျှသော တဏှာရမ္မက်အား စိတ်လိုလက်ရပင် ဖွင့်အန်ချတတ်သည်။ကြားရက်တွေသူ့အတွက်အဆင်ပြေပါကြောင်းပြောလည်း ခေါင်းညိတ်ပေမဲ့ စမလာခဲ့။ညကဆို သူတို့တွေ သုံးနာရီကျော်လို့ လင်းကြက်တွန်သံကြားရခါနီးမှ အိပ်ဖြစ်ကြသည်။ယောကျာ်းတွေရဲ့ အသက်လေးဆယ်မှဘဝစသည်ဆိုတာကို အစ်ကိုကြည်သာနှင့်မှ လုံးဝဥသုဉ်ယုံကြည်မိတာဖြစ်သည်။မယုံနိုင်စရာ သက်လုံများကို ငါးရက်တာမျှ သိမ်းဆည်းထားသလိုပင်။