"အမေ အဲ့ဒါဘာအသံတွေလဲ"
တီဗီကြည့်နေရင်းမှ နားထဲ ဗုံသံလိုလိုစည်တီးသံလိုလိုကြားလိုက်ရ၍ မိုးသောက် ဘေးကအမေ့ကိုမေးမိ၏။အသံမှာ မတိုးမကျယ်နှင့်။ပြီးလျှင် တစ်ချက်တချက် တုံးခေါက်သံလိုမျိုးလည်းကြားရသည်။
"ဒုံးယိမ်းတိုက်တော့မလိုလေ ! ကရင်နှစ်သစ်ကူးကနီးနေပြီ "
"ဟုတ်လား"
အမေက ခေါင်းညိတ်၍ တီဗီပေါ်ကရုပ်ရှင်ကားကိုပြန်ကြည့်နေလေ၏။
"အစ်ကိုတို့ရော အမေ"
"မင်းအစ်မကော မင်းအစ်ကိုတွေကော ဒုံးယိမ်းကတဲ့အထဲပါတယ်လေ ။ မှောင်ရိပ်သမ်းကတည်းက သွားကြပြီ "
ရွာမှာ ကရင်နှစ်သစ်ကူးကျင်းပတာကိုသူမေ့တော့မလို့ပင်။ရွာမှာက ကရင်ပိုင်းနှင့်ဗမာပိုင်းဟူ၍ အခေါ်အဝေါ်နှင့်ပိုင်းခြားထားကြသော်လည်း ရောနှောနေကြတာဖြစ်သည်။ဥပမာ မိုးသောက်တို့ဆိုလျှင် အဖေကကရင်ဖြစ်၍ အမေက ဗမာသူ ။ သုံးနှုန်းလျှင် အမေ့ကြောင့် အဖေ့ကို အဖေဟုနာမ်စားသုံးပေမဲ့ ခေါ်လျှင်တော့အပါးဟုသာခေါ်သည်။
"ကျွန်တော် သွားကြည့်လို့ရတယ်မှလား"
"ရတယ်လေ ! နေရာက ဒေါ်သူသူတို့ခေါင်းရင်းမှာ မြွေပါးကင်းပါးကြည့်သွားဦး "
မိုးသောက် ခေါင်းညိတ်၍ အသံလားရာသို့လျှောက်ခဲ့၏။အစ်ကိုကြည်သာတို့အိမ်ရှေ့ကိုဖြတ်တော့ မီးခွက်၏အလင်းရောင်ဖျော့ဖျော့သာရ၍ တစ်အိမ်လုံးမှောင်မိုက်နေလေပြီ။
လမ်းချိုးလေးတွေကိုဖြတ်၍ ဒေါ်သူသူတို့အိမ်နားရောက်တော့ လမ်းမပေါ်တွင်လာကြည့်သူတို့နှင့်စည်နေလေ၏။ပြောင်းဖူးသည်ပင် တစ်ယောက်စနှစ်ယောက်စရှိနေသည်။
မီးချောင်းထွန်းထားတာကြောင့် အကတိုက်နေသည်ကိုရှင်းရှင်းလင်းလင်းတွေ့နေရ၏။ယနေ့ညမှ စကြသည်ထင်သည်။အားလုံးက ဟေးလားဟားလား သေသေချာချာမလုပ်ကြသေးပေ။မိုးသောက် သူ့ကိုတွေ့မည်စိုး၍ ခြံစည်းရိုးထောင့်ကနေ ခိုးကြောင်ခိုးဝှက်လေးသာ ကြည့်နေခဲ့သည်။
ရိုးရိုးအေးအေး အစ်မခင်ထားမှာ ကရာမှာတော့တက်ကြွနေလေ၏။ရယ်ရယ်မောမောနှင့်တက်တက်ကြွကြွပင်။အစ်ကိုတင်နွေနှင့်အစ်ကိုတင်ဝေတို့ကိုတော့ မတွေ့ပေ။