Chapter (62)

243 11 0
                                    

အိမ်တွင်စိတ်ကျဉ်းကြပ်စွာမနေချင်၍ တစ်နေကုန် လျှောက်သွားနေခဲ့သည်။ရောက်ချင်ရာရောက်ပေါက်ချင်ရာပေါက်ရင်း တဖြည်းဖြည်းညနေစောင်းလာခဲ့၏ ။ အစ်ကိုကြည်သာ အလုပ်ဆင်းချိန်ဖြစ်တာကြောင့် ဆိုင်ဘေးနားသို့သွားကာ စောင့်နေလိုက်သည် ။ ငါးနာရီတွင် တချို့အလုပ်သမားများထွက်လာပြီးနောက် ထိုသူသည်လည်း ထမင်းချိုင့်လက်ကဆွဲကာထွက်လာသည်ကို မြင်လိုက်ရသည် ။ ညနေခင်းနေဝင်ချိန်နှင့်ပနံသင့်စွာ ထူးထူးကဲကဲချောမောလွန်းသည့်ထိုယောကျာ်းကြောင့် မိုးသောက် သက်ပြင်းချမိ၏ ။ ချစ်သူကြိုက်သူတွေ ပေါများနေလိမ့်မည့် ထိုသူမှာ သူ့ကိုတစ်သက်တာလက်တွဲသွားဖို့ စိတ်ကူးရှိသည်တဲ့။

သူ ယုံပါသည် ၊ အကြွင်းမဲ့ စုံလုံးယုံကြည်၏ ။

မနက်က ဈေးလာဝယ်သူအမျိုးသမီး၏ ထိုသူ့အပေါ်စိတ်ဝင်တစားကြည့်ဟန်တို့ကို သူမြင်သည်။  ဒါပေမဲ့ ထိုသူမမြင်ပေ ။ သံသယမဝင်သင့်မှန်းသိနေ၍ ယုံကြည်ကိုးစားနေရင်းကြားကပင် ထားသွားခဲ့လျှင်ဆိုပြီး အတွေးတချို့က ဦးနှောက်တွင် ရိုက်ခတ်လာခဲ့သည် ။ သူဟာ ယောကျာ်းသားပင်မဟုတ်လား ။ အတိတ်မေ့ပျောက်နေသည့်ကာလ၌ပင် သူ့ကို တဖန်ချစ်ရေးပြန်ဆိုလာသည့် အနှီယောကျာ်းအကြောင်းတွေးမိသည့်အခါမှပင် လေးပင်သွားသည့်စိတ်မှာ လျော့နည်းသွားရသည် ။ အနာဂတ်ကို သူကြောက်သည် ၊ ပစ္စုပ္ပန်၌ပင် ပျော်အောင်ကြိုးစားရပေမည် ။

အတွေးဂယက်ဝယ်မျောပါနေသူကို ကြည်သာ တွေ့သွားသည် ။ သူက လျင်မြန်သော ခြေလှမ်းဖြင့် ‌မိုးသောက်အနားသို့ လျှောက်သွား၏ ။

" စောင့်နေတာကြာပြီလား "

မိုးသောက်က သူ့ကိုမော့ကြည့်၍ ဖြေလာပါ၏။

" အွန် ! အကြာကြီးပဲ "

" ညောင်းနေမှာပေါ့ ၊ အထဲကိုမဝင်လာဘူး"

" မညောင်းပါဘူး ၊ အစ်ကို့မျက်နှာမြင်လိုက်တာနဲ့ကိုးဆယ့်ခြောက်ပါးရောဂါကင်းစင်သွားပြီ "

ကြည်သာက ရယ်သည် ။

" သိပ်မချွဲနဲ့ ၊ ဒီမှာတင်ကိုယ်ဖက်နမ်းလိုက်မှာနော် "

နှလုံးသားပေါ်မှ တံလျှပ်များ ( Complete)Where stories live. Discover now