Chapter (30)

216 7 0
                                    

"ပေါက်တူးကျန်ခဲ့မယ်"

ကြည်သာ လှေပေါ်ကသူ့ညီကို လှမ်းပြောလိုက်သည် ။ ကြည်မင်းက လှေဝမ်းထဲရှိ ပေါက်တူးကို ထောင်ပြ၏ ။ ကြည်သာ ခေါင်းညိတ်ပြတော့
ရွှေကြည်က စက်လှေမောင်းထွက်သွားလေသည် ။ သူလည်း အိမ်သို့တစ်ခေါက်ပြန်လာ၍ နွားတင်းကုတ်ထဲရှိ နွားနှစ်ကောင်ကိုထုတ်ကာ ချောင်းရိုးအတိုင်းမောင်းခဲ့၏ ။  ရေတက်လာပြီဖြစ်၍ ချောင်းရေမှာ လျှံနေပေသည် ။ဘဲတစ်အုပ်က ဗေဒါဖုတ်ကို ထိုးဆွနေကာ ဘဲအော်သံများမှာ ဆူညံနေလေ၏ ။

ရေကဖွေးဖွေး လေကအေးအေးပေမဲ့လည်း နွားတစ်ကောင်ပေါ်တက်စီး၍ ချောင်းတစ်ဖက်သို့ ကူးခဲ့သည် ။ ကမ်းတစ်ဖက်သို့ရောက်မှ နွားပေါ်မှဆင်းကာ ရှမ်းဘောင်းဘီကို ပြန်လိပ်ချသည် ။ မြက်ရှတာက ရိုးနေပြီဖြစ်သော်လည်း မရှတာကအကောင်းဆုံးမလား ။ မြက်ကြမ်းရှည်တောကြားဖြတ်တိုး၍ ကမ်းပေါ်ရောက်မှ အသည်းခိုက်ခိုက်တုန်သွားသည် ။ အကာအကွယ်မရှိလေသည့် လေမှာ တဝူးဝူးနှင့်ရက်စက်စွာ တိုက်ခတ်နေသည် ။ ကြည်သာ နွားတွေကို မောင်းနှင်၍ ချောင်းရိုးတစ်လျှောက်ကနေ တဲဆီသို့လျှောက်ခဲ့၏ ။ ထိုစဉ် တဝုတ်ဝုတ်နှင့်ပြေးလိုက်လာသည့် အသံကို နောက်ကနေ ကြားလိုက်ရသည် ။

လှည့်ကြည့်လိုက်တော့ ဖြူဖွေးနှင့်မဲလုံးက ရေတွေစိုရွှဲနေလျက်သား ။

"အေး ! ဟုတ်သား မင်းတို့ကိုခေါ်လာဖို့တောင်မေ့သွားတယ်"

ဖြူလုံးက တအီအီနှင့်သူ့အပေါ်ပြေးတက်ပေမဲ့မဲလုံးက ရှေ့သို့ အရင်ပြေးသွားသည် ။ ထို့နောက် သူ့ဆီပြန်ပြေးလာ၍ ဘေးကနေ ကပ်လိုက်လာ၏။ရွာနှင့်အနည်းငယ်လှမ်းသော သူတို့လယ်ထဲသို့ ရောက်ဖို့ တော်တော်လျှောက်လိုက်ရသည်။  ပေါက်ပင်တန်းကိုဖြတ်လာရသလို ဇီးပင်တန်းကိုလည်း ဖြတ်လာရ၏ ။

တစ်နာရီကျော်အကြာမှာတော့ လယ်တဲအိုအိုကိုပင် မှိန်ပျပျမြင်လာရပြီဖြစ်သည် ။ ဖြူလုံးနှင့်မဲလုံးမှာ တက်ကြွစွာနှင့် တဝုတ်ဝုတ်ဟောင်းရင်း တဲဆီသို့ အတင်းပြေးသွားတော့သည် ။နွားနှစ်ကောင်နှင့်ကြည်သာမှာတော့အေးအေးဆေးဆေးပဲ လျှောက်လျက်ပင် ။ ကြည်သာ နွားပေါ်ကဆင်းလိုက်ကာ အရပ်လေးမျက်နှာကို စူးစမ်းရှာဖွေလိုက်သည် ။ ဗျိုင်းနှင့်တူတာဘာမှမတွေ့ ၊ အကောင်သေးသေး ချိုးတို့ စာကလေးတို့ကိုသာတွေ့၍ လေးခွနှင့်လောက်စာလုံးကို လွယ်အိတ်ထဲ ပြန်ထည့်လိုက်ရသည် ။

နှလုံးသားပေါ်မှ တံလျှပ်များ ( Complete)Where stories live. Discover now