ရှင်လောင်းလှည့်ရာ၌ တစ်ဖက်ရွာတွေကိုပါ လိုက်လံပတ်ရတာကြောင့် နေရောင်ဝင်းဝင်းအောက်မှာ လူတိုင်းက ချွေးစို့လာကြသည် ။ ရွှေထီးကိုင်ထားသည့် ကြည်သာမှာ လက်မောင်းအောင့်လာပေမဲ့လည်း သူကဆက်ကိုင်ထားဆဲ ။
" ရေသောက်ဦးမလား " ကို မြင်းပေါ်မှလူအား လမ်းလျှောက်နေရင်းဖြင့် သူက ခဏထဏမေးတတ်သေးသည် ။ ဘေးမှလူများကတော့ အကြမ်းနှင့်အချိုကို ရောမွေရင်း ရီဝေဝေပင်ဖြစ်နေလေ၏ ။
ရှပ်အင်္ကျီအဖြူလေးနှင့်ကရင်ပုဆိုးအနီလေးကို ဝတ်ထားသော ကြည်သာမှာ ဖိနပ်၌ဖုန်အလိမ်လိမ်တက်လာ၍ ချွတ်လိုက်ပြီး ခါးကြားထိုးထည့်ထားလိုက်သည် ။
" အရှေ့က ပြေးသွားပြီ "
သဲလမ်းအချိုးအကွေ့အရောက်မှာ ရှေ့ကမြင်းများမှာ အရှေ့ကိုမှီအောင်လိုက်ရန် ပြေးတက်သွား၏ ။ ကြည်သာတို့လည်း မြင်းကိုဖင်ပုတ်၍ အပြေးလေးလိုက်သွားသည် ။
မြင်းပေါ်က ပဉ္စင်းတက်မည့်ပဉ္စင်းလောင်းလေးကတော့ သူ့ကိုအခုထိစကားမပြောပေ ။ မြင်းပေါ်၌ပဲ တည်တည်ကြည်ကြည်နှင့်နှုတ်ခမ်းတင်းတင်းစေ့ထား၏ ။ ဘေးဘီကိုလည်းမကြည့်ဘဲ ရှေ့တူရှုသို့သာ စိုက်ကြည့်ထားသည် ။
နေမွန်းမတည့်ခင်မှာပဲ သူတို့တွေ ရွာထဲသို့ပြန်ရောက်လာကြ၏ ။
"နတ်ပြကြရဦးမှာ"
ကျောင်းဘေးနားတွင် နတ်ကတော်အိမ်ရှိကာ နတ်ပြဖို့ရန် စာသင်ကျောင်းထဲသို့သာ ဝင်လိုက်ကြရသည် ။
"ဖြည်းဖြည်းဆင်း"
ကြည်သာ မိုးသောက်ကို လက်ကမ်းပေးရင်း ပြောသည် ။ပေါ့ပါးကာ ဂွမ်းသားလိုနူညံ့သည့်အဖြူလုံးလေးက သူ့လက်ထဲစွေ့ခနဲပင်ပစ်ဝင်ကာ အောက်သို့ဆင်းလေ၏ ။ အရင်လိုပဲ ကြာဝတ်မှုန်ကိုယ်သင်းရနံ့က သူ့နှာခေါင်းထဲ ပြေးဝင်လာသည် ။
"ဟိုမှာ မင်းအမေတွေလာပြီ "
ကြည်သာ မေးငေါ့၍ပြောတော့ မိုးသောက်လှည့်ကြည့်လိုက်သည် ။
သူ့မိသားစုက သူ့ဆီလျှောက်လာကြကာ" နတ်ပြရဦးမယ် "
ဟုပြောပြီး ခေါ်သည် ။ ကြည်သာလည်း သူ့မိသားစုဝင်တွေကို လိုက်ရှာရန်ထွက်လာခဲ့လိုက်သည် ။ ထွက်သွားသူကို ခိုးကြည့်ခဲ့သည့် မျက်ဝန်းစိုစိုလေးကိုတော့ ကြည်သာ မမြင်လိုက် ။ သူက စောလျင်စွာဖြင့် ကျောခိုင်းသွားပြီဖြစ်သည် ။ သူက မြင်းပေါ်မှ ပြုတ်ကျသွားသည့် မိုးသောက်အကြောင်းကိုတော့ သူ့မိဘတွေကိုမပြောလိုက် ။