"မောနေပြီလား"
ချွေးတစီစီရွှဲနေသည့် ညီတော်မောင်ကို တင်ဝေ မေးလိုက်သည်။ညီတော်မောင်သည် အင်္ကျီကိုလှန်တင်လှပ်၍ ယပ်တဖျပ်ဖျပ်ခတ်သည်။
မောပမ်းနေဟန်ဖြင့် နှာခေါင်းကိုတွန့်ညှစ်ကာ ပါးစပ်ဟ၍ လေရှုနေ၏။"မောတာပေါ့ဗျာ"
ထိုင်ချပြီးမှ ပြန်ဖြေသည် ။ ဘေးတွင်ရေအိုးရှိနေ၍ တင်ဝေ ရေတစ်ခွက်ခပ်၍ မိုးသောက်ကိုပေးလိုက်သည် ။
"ဖြေးဖြေးသောက် ! သီးဦးမယ်"
သူက ပြောနေရင်း မိုးသောက်ခြေထောက်ထံ အကြည့်ရောက်သွားသည်။နီရဲကာ ပွန်းပဲ့နေသည့်ခြေဖမိုးက ကြည့်မကောင်းလေတော့ ။
"ဆက်မကစားနဲ့တော့"
တင်ဝေ သူ့ညီကိုပြောသည် ။ မိုးသောက် ရေခွက်ကိုအိုးပေါ်ထတင်၍
"မနာပါဘူးဗျာ ! ဒါလေးပွန်းတာကို "
သူတို့အရှေ့တွင်တော့ ခြင်းပွဲက လက်ရည်မျှနေသည် ။ကြည်သာက မြှောက်ပေးလာသည့် ခြင်းလုံးကို တစ်ဖက်စည်းအတွင်းသို့ မှောက်ရိုက်ချသည် ။ သို့ပေမဲ့ တစ်ဖက်လူမှာ အညတရမဟုတ် ။ ခြေတစ်ဖက်ဆန့်တင်၍ ရအောင်ပြန်ယူ၏ ။ ထို့နောက် အကွက်ကောင်းရှာ၍ နေရာထိုးပေးသည် ။ သို့ဖြင့် ခြင်းလုံးမှာ ကြည်သာတို့စည်းဖက် ပျံဝဲလာပြန်သည် ။ လိုက်ဆယ်ယူကြပေမဲ့ မမှီလေတော့ ။ ခြင်းလုံးမှာ တားစည်းတည့်တည့်ပေါ်သို့ ကျရောက်သွားသည် ။
တင်ဝေ ထရပ်၍ ခါးလှည့်ကာ အကြောလျှော့သည် ။ သူတို့အလှည့်ရောက်ပြီမဟုတ်လား ။
"နာနေရင် နားထားဦး"
ညီတော်မောင်ကို မှာတမ်းခြွေ၍ ခြင်းဝိုင်းထဲသွားတော့သည် ။ မိုးသောက်မှာ သူတို့အလှည့်မကျသေး၍ မြေပေါ်တွင်ထိုင်ကြည့်နေရဆဲ ။ ကြည်သာက မိုးသောက်အနားလျှောက်လာပြီး ထိုင်ချသည် ။ ချွေးနံ့နှင့်အမွေးနံ့ရောနေသည့် ရနံ့တစ်ခုကို သူရှုရှိုက်မိသွား၏။
"မင်း ဘာတွေလိမ်းတာလဲ"
အရင်က မေးမည် ၊ မေးမည်နှင့် တွေ့လိုက်တိုင်း သတိမရ ။ အခုမှသာ မေးမိတော့သည် ။