Chapter (33)

212 12 0
                                    

ညနေခင်းလေပြေအေးများက အကဲဆတ်နေဟန်ဖြင့် ခပ်ပြင်းပြင်းပင် တိုက်ခတ်နေ၏ ။ ချွေးသီးချွေးပေါက်များက ကြာရှည်မတွဲခိုနိုင်လေဘူး။
တစ်ကိုယ်လုံးကပ်စေးကပ်စေးဖြစ်နေပေမဲ့လည်း ခြင်းဝိုင်းမှ သူမပြန်ဖြစ်သေး ။ မပြန်ဖြစ်သည့်အကြောင်းအရင်းကို သတိရသွားသည်နှင့် အသိတရားဝင်သွားသူလို သူ ထရပ်လိုက်၏ ။

"ဘယ်လဲ"

ကြည်သာ မော့ကြည့်ပြီးမေးလိုက်သည် ။ မိုးသောက်က နဖူးကချွေးတွေကို အင်္ကျီဖြင့်ပင့်မြှောက်ပွတ်သုတ်ရင်း ပြန်ဖြေ၏ ။

"ကျွန်တော်ပြန်တော့မလို့"

ကြည်သာက မျက်မှောင်ကုတ်သွားကာ

"ထန်းရည်လိုက်မသောက်တော့ဘူးလား"

ခေါင်းခါပြလာသည် ။ ပင်ပန်းနွမ်းနယ်ဟန်နှင့်ရုပ်‌ကလေးက ချိချိနှဲ့နှဲ့ ။
လေတိုက်လျှင်လွင့်ပါသွားနိုင်သည့် စိတ်ခံစားချက်များနှင့်အတူ ပြုံးပြလာလေ၏ ။

"နေသိပ်မကောင်းလို့ နောက်နေ့မှပေါ့ဗျာ"

ကြည်သာက ထရပ်၍ မိုးသောက်နဖူးကို သူ့လက်ဖဝါးဖြင့်စမ်းကြည့်သည်။

"အပူလည်းမရှိပါဘူး ။ နေထိုင်မကောင်းရင်လည်း ပြန်နားလေ "

မိုးသောက် နှုတ်ခမ်းနှစ်လွှာကိုဖိပိတ်၍ သက်မမောကိုပြန်မျိုချလိုက်သည်။

"ဟုတ်"

ဒါပဲ ! ဒါပဲ သူပြောနိုင်တော့တယ် ။ လှည့်ထွက်ကာ အိမ်ဘက်သို့ အလျှောက် သူ့အစ်ကိုက လှမ်းအော်ပြောလာသည် ။

"အဖြူလုံးလေး ပြန်တော့မလို့လား "

"ဟုတ်"

အသက်ကို ဝဝရှူရင်း အိမ်သို့သူ လျှောက်ခဲ့သည် ။ ချွေးတွေရွှဲနေသည့်နောက်ကျောပြင်ဟာ စွပ်ကျယ်အဖြူနှင့်ကပ်ရပ်နေကာ မောဟိုက်နွမ်းနယ်ပုံကို ဆောင်ကျဉ်းနေ၏ ။ ပါးလျလျကျောပြင်သေးသေးလေးကို ငေးစိုက်ကြည့်ရင်း ဘာမှန်းမသိသည့် လေးပင်လာသည့်ခံစားချက်များက သူ့ရင်ထဲ တအုံ့နွေးနွေး ။

"ကြည်သာ ! မင်းတို့အလှည့် "

သူ ထရပ်၍ စည်းထဲဝင်လိုက်သည် ။ ခြင်းလုံးကို တစ်ဖက်သို့ပစ်ပေးလိုက်တော့ ခံစားချက်များက ပြိုပျက်သွားသည့်ပုံနှယ် ။ အစအနပင်ရှာမရတော့ချေ ။ သည်းကြီးမည်းကြီးပင် ခြင်းလုံးကို အမိဖမ်းနေလေတော့၏။

နှလုံးသားပေါ်မှ တံလျှပ်များ ( Complete)Where stories live. Discover now