"မိန်းကလေးတွေတောင် အသင်းခွဲပြီးသွားပြီ"
ရွာပြင်က ဓာတ်စက်သံကို သူတို့ကြားရသည်။နေရောင်မှာ ပူစပင်ပြုလာပြီ။အအေးဓာတ်ကိုဖြိုခွဲကာ အနွေးဓာတ်ပေးစွမ်းလာ၏။
"ဒီညတော့ ကနိုင်တယ်မလား"
ကခုန်ရမှာမို့ ခြေထောက်ကသက်သာသွားမှဖြစ်မည်။မဟုတ်လျှင် ဒဏ်ဖြစ်၍ နောင်လည်းနာနေလိမ့်မည်။ကြည်သာ မိုးသောက်ခြေထောက်ကို ဆွဲယူ၍ နှိပ်မည်ပြင်လေရာ
"သက်သာစပြုနေပါပြီ ! ကျွန်တော်လည်း ငရဲကြီးပါဦးမယ်"
မိုးသောက်ကသူ့လက်သေးသေးလေးဖြင့် ကြည်သာ့လက်ကိုအုပ်မိုးဆုပ်ကိုင်၍ ဖယ်ခွာငြင်းဆန်သည်။
"မကြီးပါဘူးကွာ ! မင့်ခြေထောက်ကိုလည်းကြည့်ဦး ညိုမည်းနေတာ ။ ဒါကိုသက်သာတယ်ခေါ်မလား ကြည့်စမ်း "
ကြည်သာက စိတ်မြန်လက်မြန်သမားမို့ ချက်ခြင်းပဲစနှိပ်သည်။ရုတ်တရက်မို့ ခြေထောက်မှာ အသားမကျသေးသည်ဖြစ်ရာ နာကျင်လေ၏။မိုးသောက်မျက်နှာမှာ မဲ့ခနဲ ။ သူက အံကြိတ်၍ မျက်လုံးမှိတ်ထားသည်။သူ့ကို ငေးကြည့်နေသည့်လူကို မမြင်ခဲ့ ။
"တော်တော်နာသွားလို့လား"
မိုးသောက် မျက်လုံးပြန်ဖွင့်ကာ ခေါင်းညိတ်ပြလိုက်သည်။မျက်ခမ်းစပ်တွင် ဝေ့သီနေသည့် မျက်ရည်ကြည်စများက သက်သေပင်။
"ဖြေးဖြေးလေးနှိပ်ပေးမယ် ။ မသက်သာရင် ညကျရင်မကနဲ့တော့"
"ဟုတ်ကဲ့"
တကယ်ကိုပင် ကြည်သာက ညင်သာစွာ နှိပ်ပေးခဲ့သည် ။ နာကျင်နေရာမှ အောင့်လာ၏။ထို့နောက်တွင် တဖြည်းဖြည်းသက်သာသွားသည်။
"ကျွန်တော်လျှောက်ကြည့်လိုက်မယ်"
မိုးသောက်က ပြောပြီးထရပ်၏။သူက ဘေးရှိဝါးတိုင်ကိုလက်ကိုင်ပြုထားကာ ခြေထောက်ကိုအနည်းငယ်လုပ်ရမ်းကြည့်သည်။နာတော့ နာသေးသည်။ခြေတစ်လှမ်း အရင်ရွေ့ကြည့်ရာ သိပ်တော့မနာကျင်တော့။သူက နောက်ထပ်တစ်လှမ်းထပ်လှမ်းသည်။ကြည်သာက လှဲကျသွားမည်စိုး၍ လေထဲဝယ် လက်ကိုအသင့်ပြင်ထားလေ၏။