နောက်တစ်နေ့တွင် မိုးသောက် အစ်ကိုကြည်သာရှိသည့်အိမ်သို့သွားသည်။သူက လွယ်လွယ်နှင့်လက်လျှော့တတ်သူမဟုတ်ပေရာ .....သူတို့တစ်နေ့အတူနေနိုင်ရမည်ဟူသော မျှော်လင့်ချက်လေးက တဖန်ပြန်တောက်ပလာရပါ၏ ။
ထိုအိမ်ရှေ့သို့ရောက်လျှင် တံခါးခေါက်လိုက်သည် ။ တံခါးလာဖွင့်သူမှာ အစ်မသက်ထားပင် ။ သူက အံ့ဩသွားဟန်ဖြင့် မိုးသောက်နာမည်ကို ခပ်တိုးတိုးခေါ်မိသွားသည် ။
" အစ်ကိုကြည်သာရှိတယ်မှလားဟင် "
သက်ထား သက်ပြင်းချ၍ခေါင်းညိတ်ပြပြီး အထဲခေါ်လာခဲ့သည် ။ ခြံထဲတွင်တော့ ကြည်သာမှာ ကုလားထိုင်တစ်လုံးနှင့်အလုပ်ရှုပ်နေသည် ။ သူ့ဘေးတွင် လက်သမားပစ္စည်းတွေပုံပွနေလျက် လူကလည်း ချွေးဒီးဒီးကျနေလေ၏ ။
" ကိုကြီး မိုးသောက်လာတယ် "
သက်ထားက လှမ်းသတိပေးပြီး အိမ်ထဲဝင်သွားသည် ။ အိမ်ထဲရောက်တော့ အထဲတွင်ထိုင်နေသည့် မခင်ကြည်က ပြောလာ၏ ။
" ကလေးတွေ မမြင်စေနဲ့ဦးနော် သက်ထား "
သက်ထား ခေါင်းညိတ်ပြပြီး မီးဖိုချောင်ထဲသို့ဝင်လာခဲ့သည် ။ ကလေးတွေနှင့်သူ့အဖေက ရုပ်ရှင်ကြည့်ဖို့အပြင်ထွက်သွား၏ ။ မခင်ကြည်ကသာ နေမကောင်း၍ အိမ်တွင်ကျန်နေရစ်ခဲ့တာပင် ။ သူက ကိုကြီးတို့ကိစ္စကိုလည်း သိထားသည်ဖြစ်ရာ တားဆီးသည်လည်းမဟုတ် ထောက်ခံသည်လည်းမဟုတ် ။
မီးဖိုချောင်ထဲရောက်တော့ ဆေးကြောစရာများကိုဘေစင်ဘေးတွင်တင်လိုက်သည် ။ အပြင်တွင် တူရိုက်သံတဒုန်းဒုန်းက စည်းချက်ကျကျကြားရဆဲ ။
" ကျွန်တော်တို့အပြင်ထွက်ပြီးလမ်းလျှောက်ကြမလား "
ဒူးပဆစ်တုပ်လေးထိုင်ချပြီး မိုးသောက် မေးလိုက်တော့ ငဲ့ကြည့်လာသည်။နဖူးပေါ်က ချွေးစက်တွေဟာ ခိုသီးလျက် ၊ တချို့က မျက်ဝန်းထောင့်စွန်းသို့ပင် ကျတော့မည် ။ လက်ကိုင်ပုဝါကိုထုတ်၍ သုတ်ပေးမည်ဟု လက်အပြင်တွင် ချစ်ရသူက ခေါင်းလှုပ်၍ ရှောင်လိုက်သည်။
မိုးသောက် အရှက်ပြေတစ်ချက်မျှရယ်လိုက်၏ ။ ဒါပေမဲ့ ကြည်သာက သူ့လက်ထဲမှလက်ကိုင်ပုဝါကို သူ့ဘာသာယူ၍ မျက်နှာကိုပွတ်သုတ်သည်။
