" ခင်ကြည်ပါ ဒီရောက်နေတာလား "
ခင်ထားက ခုံတွင်ဝင်ထိုင်ပြီးမေးလေရာ
" ဘယ်ကခင်ကြည်ကိုပြောနေတာလဲ ၊ ခင်ကြည်က ဒီမှာနေတာပဲ ငါ့တစ်သက်ကို "
သူတို့စကားပြောနေစဉ်မှာပင် ခြံတံခါးဝဟသွားပြီး ခေါင်းတစ်လုံးပြူထွက်လာ၏ ။
" ခင်ထားလား ! ဟုတ်တယ် ခင်ထားပဲ....အမယ်လေး တွေ့မဲ့တွေ့တော့လည်းဟယ် "
သက်ထား ခြံတံခါးဝကနေအထဲကို မပြေးရုံတမယ်ပြေးဝင်လာပြီး ခင်ထားကိုထုရိုက်တော့မလိုနှင့်လူကြီးနှစ်ယောက်နှင့်မိုးသောက်ကိုမြင်လိုက်ရာ အိုးတိုးအမ်းတမ်းဖြစ်သွားသည် ။
" နင်က ဘာလို့များရွာကိုပြန်မလာတာတုန်း ၊ ငါ့မှာလွမ်းနေရတာ "
သက်ထား ငိုမဲ့မဲ့လေးဆိုတော့ ခင်ထားက ပြုံးသည် ။
" ဒီမှာအဖြူလုံးလေးကိုစောင့်ရှောက်ရဦးမယ်လေ "
သက်ထားက မိုးသောက်ကိုပြုံးပြပြီး
" မောင်လေးတောင်အရွယ်ရှိလာတော့ ပိုချောလာတယ်နော် ၊ ခန့်ချောကြီးတောင်ဖြစ်လို့ "
မိုးသောက်လည်း ပြုံးပြခေါင်းညိတ်ပြီး စကားမဆိုမိ ။ သူက ဖြစ်ကြောင်းကုန်စင်ကိုမေးကြည့်ချင်တာပင် ။
" ခင်ကြည်မပါဘူးလား "
ခင်ထားက မေးသည် ။ သက်ထား ခေါင်းခါပြပြီး
" ခင်ကြည်က ဆုံးသွားတာ နှစ်နှစ်တောင်ရှိပြီလေ "
ခင်ထားနှင့်မိုးသောက်အကြည့်ချင်းဆုံသွားရကာ မျက်ဝန်းထဲ၌ မေးခွန်းတွေမှာ အမြောက်အများဖြစ်နေလေ၏ ။
" ဟုတ်သား ! နင်တို့မှပြန်မလာတာ ဘယ်သိမလဲ။ ကြီးကြီးတို့ကကော မပြောပြဘူးလား ဟင် "
ခင်ထား ခေါင်းခါပြလိုက်ပြီး သက်ပြင်းခိုးချမိသည် ။
လူကြီးနှစ်ယောက်က အကြောင်းစုံမသိပေမဲ့လည်း ကလေးတွေစကားဝိုင်းအားအနေမခက်စေချင်၍ ထသွားရန်ပြင်သည် ။
" စကားပြောနှင့်ကြ ၊ မေကြည် မီးဖိုချောင်ခဏဝင်ဦးမယ် "
ထို့နောက်တွင်မေကြည်တို့လင်မယားမှာ
အိမ်ထဲပြန်ဝင်သွားကြ၏ ။
ခင်ထားကမိုးသောက်၏မျက်နှာရိပ်မျက်နှာကဲကိုကြည့်၍ သက်ထားအားမေးသည် ။