Chapter (50)

221 11 0
                                    

နေကပြင်းလာသည်ဖြစ်သည့်တိုင် ကြည်သာ အရိပ်မခိုသေး ။ နေပူကျဲတဲ၌ပင် မြောင်းဖော်၍ ရေစီးရေလာကောင်းရန် ကြံဆောင်နေ၏ ။ ထိုအလုပ်ပြီးလျှင် မုန်လာခင်းကို ရေဖြန်းဦးမည် ။ ရေဖြန်းပြီးလျှင် ညိုကြီးတို့အတွက် မြက်သွားရိတ်မည် ။ ထို့နောက်တွင် နားချိန်မရှိ‌သော အလုပ်များကို တန်းစီ၍ ကြိုတွေးထားလေသည် ။ ၎င်းတို့ကို တစ်နေ့တည်းမဟုတ်ပါဘဲ နေ့စဉ်ရက်ဆက် ၊ သို့တည်းမဟုတ် လများစွာ ၊ ယင်းနောက် နှစ်ပေါင်းများစွာအထိ ။

ချွေးဒီးဒီးက နဖူးမှလျှောဆင်းလာတော့ လွယ်လင့်တကူပင် ပုဆိုးဖြင့် သုတ်လိုက်သည် ။ ကိုင်ထားသည့် ပေါက်တူးကို ခဏချလိုက်လျှင် အသက်ရှုသံပြင်းပြင်းက ထင်ရှားလာသည် ။ မောဟိုက်သံကြမ်းကြမ်းမှာ ၎င်းနောက်တွင်ကပ်ပါလျက်ပင် ။ သူ၏စိတ်ထဲတွင် အလုပ်နှင့်လက်မပြတ်နိုင်ဘဲလုပ်နေပါက ခေတ္တခဏတော့ မေ့လျော့နိုင်ကောင်းထင်ခဲ့သည်။ သို့သော်လည်း  ချစ်ရသူ၏အကြောင်းက စက္ကန့်မလပ်ပင် အတွေးရေယာဉ်၌ မြုပ်ချည်ပေါ်ချည် ။ စုံးစုံးမြုပ်သွားသည်မရှိဘဲ သူ့အား ကျိန်စာတိုက်နေသကဲ့သို့ပင် ။ နာကျင်နေပေမဲ့လည်း တွေးနေမိသည် ။

အခုဆို သူကော ဘာလုပ်နေမည်နည်း ။ တစ်စုံတရာကိုများ စိတ်လွတ်လက်လွတ်လုပ်ချလိုက်လျှင်များဟု တွေးမိပြီး သူ့မှာ ရင်မအေးနိုင် ။
ခင်ထားလိုက်ပါသွားခဲ့သည်ဟုကြားသည့်ရချိန်တွင် အနည်းငယ်မျှသော ရတက်အပူကို လျှော့ချနိုင်သွားသည် ။ ထားသွားရက်သူဟု သူမဆိုနိုင် ။
အပြစ်သားကိုယ်၌က သူပင်မဟုတ်လား ။ ယူကြုံးမရသော နောင်တတရားတို့နှင့်အတူ ကျိန်စာကမ္ဗည်းကို ရင်ဝစိုက်ထိုးလျက် တစ်ခုတည်းသော အသိကိုသာ စိတ်ရောက်နေခဲ့သည် ။

ပူပြင်းလှသော သူရိန်နေမင်းက သူ့ခေါင်းတည့်တည့်ပေါ်သို့ကျရောက်ချိန်တွင်....ညီမဖြစ်သူသက်ထားမှာ သူ့ကိုလာခေါ်လှည့်သည် ။

" ကိုကြီး ၊ ထမင်းစားမယ်လေ "

ကြည်သာသည် ပေါက်တူးပေါက်လျက်ဖြင့်ပြန်ဖြေ၏ ။ နှုတ်မြွက်သံဖြင့်တော့မဟုတ်ခဲ့ ။ ခေါင်းသာခါပြသည်ဖြစ်ရာ သက်ထားမှာ သက်ပြင်းသာချမိရင်း တဲဘက်ပြန်သွားလေသည် ။ တဲထဲပြန်ရောက်သည့်အခါတွင် မိခင်ဖြစ်သူဒေါ်ပိန်သေးက မေးသည် ။

နှလုံးသားပေါ်မှ တံလျှပ်များ ( Complete)Where stories live. Discover now